စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့သလို ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၁၀ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များက ရေဦး-တန့်ဆည်လမ်းပေါ်ရှိ စိမ်းစား၊ ချောင်းရိုး၊ ဒယ်ရောက်၊ အင်တော၊ ပုဏ္ဏာကား၊ လှည်းသွင်း ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခြင်းများကြောင့် စိမ်းစားကျေးရွာမှ နေအိမ် ၂၀ ခန့်၊ စိမ်းစားကျေးရွာကျောင်း အတွင်းမှ ဓမ္မာရုံနှင့် သာသနိကအဆောက်အအုံများ၊ ချောင်းရိုးကျေးရွာမှ ကြက်မွေးမြူရေးခြံ ၈ ခြံ၊ နေအိမ် ၁၇ လုံး၊ ဒယ် ရောက်နှင့် လှည်းသွင်းကျေးရွာမှ နေအိမ် ၁၆ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ချောင်းရိုးကျေးရွာသား တဦးက “လူနေအိမ်တွေကတော့ တကယ့်အိမ်ကြီးအိမ်ကောင်းတွေပါပဲ။ တန့်ဆည် လမ်းဆုံကနေ ရေဦးထိ တကြောလုံးမှာရှိတဲ့ ရွာကြီးရွာလေး အကုန်မွှေနေတာပါပဲ။ ကျနော်တို့ရွာက ၂ ယောက် ဖမ်းခေါ်သွားတာ သေသ လား၊ ရှင်သလား အခုထိ မသိရသေးဘူး။ သူတို့ (စစ်ကောင်စီ) ရန်ကိုကြောက်လို့ အခုထိ ကိုယ့်ရွာကို ပြန်မကပ်ရဲကြသေး ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားသူများမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်ပြီး စိမ်းစားကျေးရွာမှ သေဆုံးသူ အမျိုးသမီး ၂ ဦးသည် အသက် ၁၅ နှစ်နှင့် ၇၀ အရွယ်များ ဖြစ်ကြောင်း၊ အသက် ၇၀ အရွယ် အဖွားအိုမှာ မသန်စွမ်းသူ တဦးဖြစ်ပြီး မပြေးနိုင်၍ နေအိမ်တွင် ကျန်ရစ်စဉ် နေအိမ်မီးရှို့ခံရသောကြောင့် မီးအပူဟပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လိုအပ်တာလေးတွေသယ်ဖို့ ရွာကိုသွားတာမှာ အလောင်းတွေကို တွေ့ခဲ့ရတာပဲ။ ကျနော်တို့ ချောင်းရိုးက မိန်းမ ၁ ယောက် အပါအဝင် အလောင်း ၆ လောင်း တွေ့ရတယ်။ စိမ်းစားက မိန်းမ ၂ ယောက်နဲ့ ယောင်္ကျား ၂ ယောက် သေတယ်။ စစ်တပ်က ရွာနီးချုပ်စပ်မှာ ရှိနေသေးတော့ အလောင်းတွေကောက်လို့ မရသေးဘူး” ဟု ချောင်းရိုးကျေးရွာ ဒေသခံတဦးက ပြောသည်။
ထို့အတူ စိမ်းစားရွာက ကျောင်းထိုင်ဆရာတော်ကိုလည်း ဖမ်းဆီးရိုက်နှက် နှိပ်စက်မှုကြောင့် ဆေကုသမှု ခံယူနေရ ကြောင်း၊ ချောင်းရိုးကျေးရွာမှ ဦးအေးနှင့် ကိုအောင်အောင်တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အချိန်အထိ မည်သည့် သတင်းမှ မရရှိသေးကြောင်း ဒေသခံများက ပြောသည်။
“စစ်ကြောင်းထိုးတာက ပုဏ္ဏားဘက်ကလည်း လာတယ်။ လမ်းဆုံဘက်ကလည်း လာတယ်။ ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။ စိမ်းစားရွာဦးကျောင်းက ဆရာတော်ဆိုရင် အတင်းအဓမ္မ လူဝတ်လဲတာကို လက်မခံတော့ ရိုက်နှက် ဖမ်းဆီးခေါ်သွားကြ တာ။ အခုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ဒဏ်ရာတွေနဲ့ဆိုတော့ ကျောင်းကို မပြန်ရဲတာကြောင့် ဘုန်းကြီးလည်း နီးစပ်ရာ ရွာတရွာက ကျောင်းမှာ အာဂန္တုအနေနဲ့ သီတင်းသုံးပြီး ဆေးကုနေရတယ်” ဟု စိမ်းစားကျေးရွာ ဒေသခံတဦးက ပြောပြ သည်။
ပြီးခဲ့သည့် မတ် ၁၂ ရက်က တန့်ဆည်မြို့နယ် ပုဏ္ဏကားကျေးရွာမှ စစ်ကောင်စီတပ်များ စီးနင်းလုယက်လာသည့် ဆန်စပါး များကို Faw ကားအပြာဖြင့် တင်ဆောင်ကာ ရေဦး-တန့်ဆည်လမ်းအတိုင်း မောင်းနှင်လာစဉ် တန့်ဆည် နှင့် ရေဦးမြို့ကြားရှိ စိမ်းစားကျေးရွာအနီးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (ဓူဝံ)၊ တန့်ဆည်ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix Defense Force – Taze၊ တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃) အဖွဲ့များ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Phoenix Defense Force – Taze အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့ကာ စစ်တပ်သုံး အော်တိုသေနတ် ၅ လက်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းယူရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကူရောက် လာသည့် စစ်တပ်က စိမ်းစားကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ချောင်းရိုးရွာ ဒေသခံတဦးက “ကျနော့်အိမ်လည်း မရှိတော့ဘူး။ မီးလောင်သွားပြီ။ သေနတ်တွေနဲ့ပစ်မှ တောက်လျှောက် ပြေးခဲ့ရတာ။ သေနတ်တွေနဲ့ ဆက်တိုက်ပစ်တာ အချက်ပေါင်း အများကြီး။ ဘုရားကျောင်းရဲ့ မြောက်ဘက် တခြမ်းလုံး မီး တိုက်ခံရတယ်။ ရွာကလူတယောက် ပေါင်ကို သေနတ်မှန်တယ်။ တယောက်က ခေါင်းကို မှန်တယ်။ စိမ်းစားက အသက် ၁၅ နှစ်အရွယ် ကလေးမလေး သေသွားတယ်။ ကြောက်လို့ ထွက်ပြေးတာကို လှမ်းပစ်တာ။ ပထမတချက်က လက်မှန် တယ်။ နောက်တချက်က နောက်ကျောကနေ ရင်ဘတ်ကို ပွင့်ထွက်သွားတာ။ မီးထဲပါတဲ့ မိန်းမကြီးလည်း သေတယ်။ မီးက တော်တော်ကြီးကို ရှို့တာ။ နှစ်ခါသုံးခါပြန် ရှို့တာ” ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းရိုးကျေးရွာရှိ ဆန်စက်အတွင်း တပ်စွဲထားပြီး ဆန်အိတ်များ၊ သိုလှောင်ထားသည့် စပါးများ အပါအဝင် အိမ်မွေး တိရိစာ္ဆန်များ၊ စက်ပစ္စည်းများကိုပါ ဝင်ရောက် ယူဆောင်သွားသည်ဟုလည်း ၎င်းက ပြော သည်။
မတ် ၁၂ ရက် တိုက်ပွဲဖြစ်ပွားမှု နောက်ဆက်တွဲအဖြစ် ဒေသခံအရပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ခြင်းအပြင် ဖမ်းဆီးခံ ထားရသူ၊ လက်နက်ကြီးထိမှန်သူ၊ သေနတ်ထိမှန် ဒဏ်ရာရသူများ ရှိခဲ့သော်လည်း အသေးစိတ် အခြေအနေကို မသိရှိရ သေးကြောင်း တန့်ဆည်ကူညီထောက်ပံ့ရေးအဖွဲ့ – Taze Support Organization (TSO) ကလည်း သတင်းထုတ်ပြန်သည်။
“ကျနော်တို့ ကာကွယ်ရေးအဖွဲ့သားတွေ အနေနဲ့ Mission တခု ဖော်ဆောင်တဲ့အခါမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် အထိ အခိုက်၊ ဆုံးရှုံးမှု မရှိစေဖို့နဲ့ နည်းနိုင်သမျှ နည်းအောင် ကြိုးစားခဲ့ကြပါတယ်။ တိုက်ပွဲဖော်ဆောင်မှု အောင်မြင်မှု ရရှိခဲ့ပေမယ့် အထိနာသွားတဲ့ စကစတပ်တွေရဲ့ လူမဆန် ယုတ်မာတာတွေကြောင့် ကျေးရွာတွေရဲ့ ဆုံးရှုံးနစ်နာမှုကို ကြားသိရတော့ များစွာ စိတ်မကောင်း ဖြစ်မိပါသည်” ဟုလည်း တန့်ဆည် TSO က ဆိုထားသည်။
အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ခန့် ရှိသည့် ချောင်းရိုးကျေးရွာတွင် အများစုက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသူ များဖြစ်ပြီး ယခင်က ပေါ်တူဂီများ နေထိုင်ခဲ့သဖြင့် သမိုင်းဝင် ကျေးရွာတရွာလည်း ဖြစ်ကာ လက်ရှိတွင် စစ်ကောင်စီ ကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
“စစ်တပ်နဲ့ နည်းနည်းဝေးမယ်ထင်တဲ့ နီးစပ်ရာရွာတွေမှာ ခိုနေကြရတာပေါ့။ ရောက်တဲ့ရပ်ရွာကနေ ထမင်းထုပ်တွေဝေ၊ ရေဘူးဝေတာလေးတွေနဲ့ပဲ လောလောဆယ် စားသောက်နေရတာပေါ့။ အဓိက ပြည်သူကနေ ပြည်သူတွေကိုပဲ တတ်နိုင်သလောက် ပြန်စောင့်ရှောက်နေကြရတာပေါ့။ အခြားရွာတွေလည်း ဒီအတိုင်းပဲ နီးစပ်ရာကို ပြေးနေကြရတာပါပဲ” ဟု ချောင်းရိုးကျေးရွာသားတဦးက ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းအတွင်းရှိ ၎င်းတို့ အခြေစိုက်ထားသော မုံရွာ၊ စစ်ကိုင်း၊ ကလေးနှင့် ရွှေဘိုမြို့များမှလွဲ၍ ကျန်သည့် မြို့နယ်များကို အင်တာနက်များ ဖြတ်တောက်ထားပြီး ရွာများအား အကြမ်းဖက်စီးနင်းခြင်း၊ လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံပစ္စည်းများအား လုယက်ခြင်း၊ ဒေသခံများအား ဖမ်းဆီးနှိပ်စက် ငွေညှစ်ခြင်းများအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထင်တိုင်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။