အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က စစ်ကောင်စီကို စစ်ကြေညာပြီးနောက် ၆ လအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးစေသည့် အတိုင်းအတာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ချီးကျူးပြောကြားလိုက်သည်။
အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များ ဖွဲ့စည်းထားသည့် NUG သည် လွန်ခဲ့သောနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီအပေါ် ပြည်သူ့စစ်ပွဲကြေညာပြီး နိုင်ငံသားအားလုံး ပုန်ကန်ရန် တိုက်တွန်းခဲ့သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ အရပ်သားများကို ရရာလက်နက် စွဲကိုင်တော်လှန်ရန် စစ်ပွဲကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောသည်။ စိတ်ဓာတ်၊ ရဲရင့်မှုနှင့် ထိုးထွင်းသိမြင်မှုများ တိုးတက်လာခြင်းအတွက် ဦးရည်မွန်က PDFs များကို ချီးကျူးသည်။
“ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၆ လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦး အဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့အင်အားကို နေ့စဉ်နဲ့အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။ အခုဆိုရင် ကျနော်တို့ PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ဦးရည်မွန်က ပြောသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများလည်း ပြောက်ကျား စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်းလည်း အရပ်သား ကာကွယ်ရေးဝန်ကြီးက ပြောသည်။
စစ်ဆင်ရေးများကို အတားအဆီးဖြစ်စေသည့် အဓိကအားနည်းချက်မှာ လက်နက်ခဲယမ်း ရရှိမှုဖြစ်ကြောင်း သူက ပြောသည်။ PDFs များကို လုံလောက်စွာ လက်နက်တပ်ဆင်ရေးအတွက် NUG ၏ အားထုတ်မှုများအပေါ် ဝေဖန်မှုများကို သိကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ရန်ပုံငွေနှင့် ပံ့ပိုးမည့်သူများ ရှာဖွေခြင်းမှသည် လက်နက်များကို ဖြန့်ချိခြင်းနှင့် ထုတ်လုပ်ခြင်းအထိ လုပ်ငန်းစဉ်တခုလုံး အနေဖြင့် အခက်အခဲများစွာ ရှိကြောင်းလည်း သူက ပြောသည်။
“ပြည်တွင်း ပြည်ပရှိ ပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းထားတဲ့ ရန်ပုံငွေကိုသာ အရင်းတည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်နေရတာဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။
နိုင်ငံတကာ စစ်ရေး အကူအညီများ ရရှိနေသည့် ယူကရိန်းနှင့်မတူဘဲ မည်သည့်နိုင်ငံက မည်သည့်ပစ္စည်းမျှ မကူညီသေးကြောင်း အရပ်သားကာကွယ်ရေးဝန်ကြီးက ပြောသည်။
“ဘယ်ပြည်ပနိုင်ငံကမှ ရုပ်ဝတ္ထု ပစ္စည်း အကူအညီမျိုး ပေးအပ်တာ မရှိသေးပါဘူး။ သို့သော် PDF အတွက် လက်နက်ခဲယမ်း မီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာခင်မှာ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်ပါတယ်” ဟု ပြောပြီး PDFs များ အားလုံးကို အပြည့်အဝ လက်နက်တပ်ဆင်ရေးအတွက် အချိန်ယူရမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။
စက်တင်ဘာလမှ စတင်ပြီး အများပြည်သူ လှူဒါန်းမှုများဖြင့် အမေရိကန် ဒေါ်လာ သန်း ၃၀ (ကျပ် ၅၃ ဘီလီယံ) ရရှိခဲ့ပြီး ထိုငွေ၏ ၈၅ ရာခိုင်နှုန်းကို လက်နက် ဝယ်ယူထုတ်လုပ်ရန် အသုံးပြုကြောင်း အရပ်သား ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။ ရန်ပုံငွေများ၏ ၇ ရာခိုင်နှုန်းကို စစ်ပွဲတွင် NUG နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မဟာမိတ်များတွက် သုံးကြောင်းလည်း သိရသည်။
“ ရန်သူက အကြမ်းဖက် စစ်ဗျူဟာကို အသုံးပြုချိန်မှာ PDF များအနေနဲ့လည်း အရပ်သား ပြည်သူတွေရော ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ဖို့ သင့်လျော်တဲ့ နည်းဗျူဟာများကို ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေ ကျင့်သုံးကြဖို့ အရေးကြီးပါတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီသည် PDFs များကို ပြည်သူများ ထောက်ခံခြင်းအား တားဆီးရန်အတွက် သာမန်ပြည်သူများကို အကြမ်းဖက်ပြီး အရပ်သားများကို ပစ်မှတ်ထားသည့် သေနင်္ဂဗျူဟာသို့ ပြောင်းလဲအသုံးပြုနေကြောင်း NUG ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီသည် ဓားစာခံဖမ်းဆီးခြင်း၊ အငြင်းပွားဖွယ်ရာ သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ အုပ်စုလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားသော အရပ်သားများကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်း၊ လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ လုယက်ခြင်း၊ လိင်အကြမ်းဖက်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေပြီး ထိုသို့သော လုပ်ရပ်များကို အထူးသဖြင့် စစ်ကိုင်း၊ မကွေးတိုင်းများနှင့် ချင်း၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်များတွင် ကျူးလွန်နေသည်။
လွန်ခဲ့သောလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၁၀၀ ခန့် သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရကြောင်း NUG က ဖော်ပြသည်။ သို့သော် ထိုသတင်းများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
You may also like these stories:
“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၂
ကယားတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပွားနေ
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ
၂၆ ကြိမ်မြောက် မီးရှို့ခံရမှု ထန်တလန်မှ အိမ် ၁၀၀၀ ကျော် မီးလောင်သွား
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ