ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မိုးပညာဒါန ပရဟိတသင်တန်းကျောင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်နိုင်ဝင်းကို ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သကဆက်နွယ်မှု၊ လိုင်စင်မဲ့ကားစီးမှုတို့ဖြင့် မတ် ၁၄ ရက်တွင် တောင်ကုတ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ကိုအောင်နိုင်ဝင်းကို AA နှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုကာ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ လိုင်စင်မဲ့ကားစီးမှုနှင့် ပတ်သက်ပြီး ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ထောင်ဒဏ် ၁၅ ရက်နှင့် ငွေဒဏ် ၁ သိန်းကျပ် ကျခံရန် တောင်ကုတ်မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကြည်နိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “မနေ့က သူကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ထောင်ဒဏ် ၁၅ ရက်နဲ့ ငွေဒဏ် ၁ သိန်းကျခံဖို့ တရားရုံးက ချမှတ်လိုက်တယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့နယ်အတွင်း မိုးရွာတွင် တည်ရှိသည့် မိုးပညာဒါန ပရဟိတသင်တန်းကျောင်းဥက္ကဋ္ဌ ကိုအောင်နိုင်ဝင်းကို ရက္ခိုင့်တပ်တော် (AA) ထံသို့ သင်တန်းတက်ရောက်ရန် လူငယ်များအား အပို့၊ အယူ လုပ်ပေးသည်ဟု စွပ်စွဲကာ မတရား အသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တောင်ကုတ်အခြေအစိုက် အမှတ် ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဇင်ဦးက ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုအောင်နိုင်ဝင်း၏ဇနီး မတွယ်တာစိုးက “ထောင်ဒဏ် ချမှတ်လိုက်ပြီးဆိုတော့ ဘာပြောလို့ရတော့မလဲ၊ သူတို့ခေတ် ဆိုတော့။ စိတ်မကောင်းတော့ ဖြစ်ရတာပေါ့။ ကျမတို့ အနေနဲ့ကတော့ မတရားခံရတဲ့အတွက် အယူခံတော့ တက်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေတွင် ကိုအောင်နိုင်ဝင်းမှာ ရင်ဘတ်အောင့်သည့်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးကုသခွင့် ရရှိရန် လိုအပ်နေကြောင်းလည်း မိသားစုဝင်များက ဆိုသည်။
အဆိုပါ မိုးပညာဒါန ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ၂၀၂၁ ဇွန် ၅ ရက်ကတည်းက တောင်ကုတ်မြို့မှ သံတွဲသို့ ကားဖြင့်သွားစဉ် စစ်တပ်က ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးပြီး ၂ လကျော်ကြာ အချိန်ထိ စစ်ကြောရေးတွင် မိသာစုဝင်များနှင့် တွေ့ခွင့်မရဘဲ အဆက်အသွယ် ပြတ်တောက်စွာ ဖြတ်သန်းခဲ့ရသည်။
မိုးသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင်ကျော်အကွာ မိုးတောင်ရွာတွင် တည်ရှိပြီး ၂၀၂၁ ဧပြီလအတွင်းက စတင် တည်ထောင်ခဲ့ကာ သင်တန်းတွင် ကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စကားပြော ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာ များကို သင်ကြားပို့ချပေးကြောင်းလည်း ယင်းသင်တန်းကျောင်း၏ နာယကအဖွဲ့ဝင်ဖြစ်သူ ကိုနေလင်းအောင်က ပြောသည်။
You may also like these stories:
စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ
တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား
တောင်ကုတ် မိုးပညာဒါန ဥက္ကဋ္ဌကို မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ