တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်- ၁၉ တားဆီး ကာကွယ်ရေး Task Force က မြန်မာသွင်းကုန် ၇မျိုးတွင် ကိုဗစ်ရောဂါ ပိုး ပါသည်ဆိုကာ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း မူဆယ်- နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များ အသင်း (မူဆယ်)၏ မတ်လ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယာယီပိတ်လိုက်သည့်ကုန်များမှာ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်း စနစ်သုံး သယ်ယူရမည့် ကုန်စည်များ (Good Shipped in the Cold China)၊ အေးခဲလတ်ဆတ် အေးခဲကုန်စည်များ၊ ရေထွက်ကုန်များ၊ နေ့စဉ်သုံးကုန် ပစ္စည်းများ နှင့် ထုတ်ပိုးရ လွယ်ကူသော စားသောက်ကုန် ပစ္စည်းများကို မတ်လ ၁၅ ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မူဆယ် နယ်စပ် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက “ဘာကြောင့်လည်း ဆိုတော့ ကုန်ပစ္စည်းတွေထဲမှာ ပိုးတွေ ပါ တယ် ဆိုပြီးတော့ ဒီအကြောင်းပြချက်နဲ့ ယာယီ ပိတ်လိုက်တာ ဖြစ်တယ်။ ကျန်တဲ့ ဖရဲ၊ သခွားမွေးနဲ့ ကုန်စိမ်း၊ ပဲတွေ ကတော့ သွားလို့ ရပါတယ်။ တရုတ်ပြည်ထဲ ရောက်ပြီးရင် ကုန်ပစ္စည်းတွေကို စစ်ဆေးတယ်။ အနည်းဆုံး တပတ် စောင့်ရတယ်။ အဲဒီထဲကမှ ပိုးတွေ့တယ်လို့ သူတို့ (တရုတ်) က ပြောတယ်။ ဒါက သူတို့ ပြောတဲ့ စကားပေါ့နော် ဒီ အချက်နဲ့ ပိတ်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပို့ကုန်များ တင်ပို့မှု ယာယီ ရပ်ဆိုင်းလိုက်သဖြင့် မူဆယ်မြို့ရှိ ဂိုဒေါင် အသီးသီးတွင် ဆန်အိတ်ရေ ၄ သိန်း ဝန်းကျင်ခန့် တင်ပို့ရန် ကျန်ရှိနေပြီး ကျန်သည့် ရေထွက်ကုန်နှင့် အေးခန်း အသားများအနေနှင့် ပြည်တွင်းဘက်ကို သာ ပြန်လည် သယ်ယူရမည့် အခြေအနေ ရှိနေကာ ကုန်သွယ်မှုမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း ၎င်းက ပြော သည်။
ဆက်လက်၍ ၎င်းက “အဲဒီလို တရုတ်ရဲ့ ကိုဗစ် အကြောင်းပြ ပိတ်ဆို့မှုတွေကြောင့် နယ်စပ် ကုန်သွယ်ရေးက လုံးဝ ရပ်ဆိုင်း လုနီးပါး ဖြစ်သွားတယ်။ များများစားစား သွားလို့ မရဘူး။ အနည်းအကျဉ်းလောက်ပဲ သွားလို့ ရတယ်။ ဒါကြောင့် နယ်စပ် ကုန်သွယ်ရေးကတော့ တိုးတက်မှု မရှိဘူး။ ဆုတ်ယုတ်မှုဘက်ပဲ ကျနေတယ်” ဟု သုံးသပ် ပြောဆို သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် နယ်စပ်ဂိတ်များ ပုံမှန် ပြန်လည် ဖွင့်လှစ်ခဲ့သဖြင့် ၃ လတာအတွင်း တရုတ်-မြန်မာ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ ရော်ဘာ၊ ပြောင်း အစရှိသည့် ကုန်တင်ကားများ သွားကာ တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါး ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်းများ အစရှိသဖြင့် ကားများ တရက်လျှင် အစီးရေ ၁၀၀ နီးပါး နှစ်ဖက် အဝင်အထွက် ရှိခဲ့ကြောင်း မူဆယ် နယ်စပ်ကုန်သည်များထံက သိရသည်။
သို့သော် ယခု မတ်လ ၂ ရက်မှ ၁၂ ရက်အထိ တရုတ်ဘက်ခြမ်းရှိ အကောက်ခွန် ဝန်ထမ်းများ၊ ကျန်းမာရေး စစ်ဆေး သည့် ဝန်ထမ်းများနှင့် ရှန်တိန် (အစားထိုး ယာဉ်မောင်း) များတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် ယာဉ်အဝင်/ အထွက် ကုန်သွယ်မှုများကို ယာယီ ပိတ်ထားခဲ့ပြီး မတ်လ ၁၃ ရက် ပြန်လည် ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် နှစ်ဖက်ကုန် သွယ်မှုမှာ တရက်လျှင် ကားအစီးရေ ၂၀ ဝန်းကျင်သာ ကုန်သွယ်မှု ပြုလုပ်နေရကြောင်း ကုန်သည်များက ပြော သည်။
စစ်ကောင်စီ၏ ဘဏ္ဍာနှစ်ဖြစ်သော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်း ၅ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၉၀ ဒသမ ၈၀၁ သန်း ကုန်သွယ် နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူတွင် ဒေါ်လာ ၃၀၉၉ ဒသမ ၃၅၁ သန်း ကုန်သွယ်နိုင်ခဲ့သဖြင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၄၀၈ ဒသမ ၅၅၀ သန်းအထိ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းအရ သိရသည်။
အရပ်သား အစိုးရဖြစ်သော NLD အစိုးရ လက်ထက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ နီးပါး အထိ ရှိခဲ့ကြောင်း စာရင်းတွင် ဖော်ပြထားသည်။
You may also like these stories:
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ
မြင့်လာသည့် စက်သုံးဆီဈေးကြောင့် ကုန်တင်ယာဉ်တချို့ ပြေးဆွဲမှု ရပ်ဆိုင်း
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု