သတင်း

ဗန်ဒိန်း ထောင်ဖောက်ဖို့ အမှန်တကယ် ကြိုးစားခဲ့သလား

စစ်ကိုင်းတိုင်းမှ နာမည်ဆိုးနှင့် ကျော်ကြားသော ကလေးအကျဉ်းထောင်၌ မတ်လ ၁၅ရက် ညနေပိုင်းက အချုပ်သား ဗန်ဒိန်းဆိုသူ ဦးဆောင်သည့် အင်အား ၅၀ခန့်မှ ထောင်အာဏာပိုင် ၃ဦးကို ဓားစာခံလုပ်၍ ထောင်ဖောက်ရန် ကြိုးစား သည်ဆိုကာ သေနတ်နှင့်ပစ်ခတ်ရာမှ ဗန်ဒိန်းအပါအဝင် ၇ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ထောင်ဖောက်ရန်ကြိုးစားသူများအား ဖမ်းထားသည့် ဓားစာခံ ၂ဦးကို လွတ်ပေးကာ မိမိတို့ အခန်း ပြန်ဝင်ရန် ထောင်အာဏာပိုင်တို့က လက်ကိုင်အသံချဲ့စက်ဖြင့် သတိပေးသော်လည်း မလိုက်နာသဖြင့် ပထမအကြိမ် မိုးပေါ်ထောင်၍ သေနတ်သုံးချက် ဖောက်ခဲ့ကြောင်း၊ ထပ်မံ မလိုက်နာသဖြင့် ခါးအောက်ပိုင်းကို ပစ် ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဆိုထား သည်။

ထိုဖြစ်ရပ်တွင် ထောင်ဒုကြီးကြပ်ရေးမှူး တဦးလည်း လည်ပင်းနှင့် မေးရိုးတို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ သည့် အတွက် ကလေးပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ကုသထားရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ပစ်ခတ်ခံရသည့် အကျဉ်းသားများ

သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေ ကြောင်း ကလေးမြို့ ဒေသခံများက ဆိုသည်။

ဗန်ဒိန်းဘယ်သူလဲ

စစ်ကောင်စီနှင့် ထောင်အာဏာပိုင်တို့က စွပ်စွဲထားသည့် ထောင်ဖောက်ရန် ဦးဆောင်သည်ဆိုသော ဗန်ဒိန်းသည် လွန်ခဲ့သော တနှစ်ခန့်က ဖမ်းမိထားသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ရဲဘော်တဦးဖြစ်ပြီး အမည် ရင်းမှာ ဆလိုင်းရှလွန်ရှန်းထန်းလျန်ဖြစ်သည်။

သူ့ကို ၂၀၂၁ မေလခန့်ကတည်းက ကလေးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း CNDF က ဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်ချက် မြေပြင်နှင့် ကွဲလွဲနေ

ထောင်အာဏာပိုင်တို့က ထောင်ဖောက်ရန် ကြိုးစားသူများအား သတိပေးမှုကို မလိုက်နာသည့်အတွက် မတတ်သာ သည့် အဆုံး ခါးအောက်ပိုင်းများကို ပစ်ရပါသည်ဆိုသော်လည်း ရုပ်အလောင်းများကို မျက်မြင်တွေ့သူ မြို့ခံများကမူ ဦးခေါင်းခွံပွင့်၍ သေဆုံးနေသူများကိုသာ တွေ့ရကြောင်းဆိုသည်။

“ကျနော်တို့ တွေ့ရတာက ဘာလဲဆိုတော့ သူတို့က ခေါင်းတည့်တည့်တွေပဲ ပစ်ထားတယ်။ ခေါင်းပစ်ခံထားရတဲ့သူတွေ ရှိတယ်။ နောက်တခုက ခါးအောက်ပိုင်း မဟုတ်ဘဲ သေစေနိုင်လောက်တဲ့ နေရာတွေပဲ ရွေးပစ်ထားတယ်ပေါ့နော်။ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ပဲ ကျနော်တို့ကတော့ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ပစ်ခတ်ခံရသည့် အကျဉ်းသားများ

စစ်ကောင်စီက ထုတ်ပြန်သည့် သတင်းဓာတ်ပုံများတွင်လည်း သေဆုံးသွားသော အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦးအား ဦးခေါင်းနှင့် ဝမ်းဗိုက်များကို ပစ်ခတ်ထားကြောင်း တွေ့ရှိရသည်။

လွတ်လမ်းမမြင်ဘဲ ထောင်ဖောက်ရန် ကြံစည်သတဲ့လား

ကလေးမြို့မှ သတင်းရင်းမြစ်တဦးကတော့ ပတ်ဝန်းကျင် မြေအနေအထားအရ အကျဉ်းသားတွေထောင်ဖောက် ပြေးဖို့ ကြိုးစားဆိုသည့် အချက်ကို ဖြစ်နိုင်ခြေနည်းပြီး ယုံကြည်ဖွယ်မရှိဟု ဆိုသည်။

“ကလေးထောင်က ကလေး-တမူးသွားတဲ့ လမ်းဘေးမှာ ရှိတာပေါ့။ ကလေးနဲ့ဆိုရင် ၁၀ မိုင်ကျော်လောက်ပဲ ရှိမယ်လို့ တွက်ရတာပေါ့။ မော်လိုက်ကလေးရွာနားမှာ ရှိတာ။ မော်လိုက်ကလေးရွာကို အစွဲပြုပြီး မော်လိုက်ကလေးထောင်လို့ လည်း ခေါ်တယ်။ လုံခြုံရေး တင်းကျပ်တယ်။ အဲဒီနေရာက ထောင်အရှေ့မှာကိုပဲ စစ်တပ်တခု ရှိတယ်။ ထောင် မရောက်ခင် တောက်လျှောက်အတန်းလိုက်ကိုက စစ်တပ်တွေချည်းပဲ။ စကခ ၁၀ တို့၊ လေ့ကျင်ရေး တပ်တို့၊ ၃၆၁ တို့က အဲဒီဘက်မှာ ရှိတယ်။ ထောင်ဖောက်ပြေးဖို့ လုပ်တယ်ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။

အကျဉ်းသားများ အနေဖြင့် ကလေးထောင်အပြင်ဘက် ထွက်နိုင်လျှင်တောင်မှ လွတ်မြောက်ရန် မလွယ်သည့် အနေ အထား ရှိနေကြောင်း သူက သုံးသပ်သည်။

ပစ်ခတ်မှုအစ ဖိနှိပ်မှုက

ပစ်ခတ်မှု ဖြစ်ပွားခြင်း အကြောင်းအရင်းမှာ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား များအား ထောင်အာဏာပိုင်များက ခွဲခြားဆက်ဆံသောကြောင့် စကားအချေအတင်များရာမှ ထောင်အာဏာပိုင်များ က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့မှသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ပစ်ခတ်ခံရသည့် အကျဉ်းသားများ

“အကိုတို့လည်း အပြင်ကို ထွက်လာတဲ့သတင်းတွေ ကြားတာပေါ့။ တချို့သတင်းတွေကလည်း အတည်ပြုဖို့ ခက်တယ် ပေါ့။ ကြားတာကတော့ သူတို့ ထုတ်ပြန်တာနဲ့ မတူဘူးပေါ့။ သူတို့ကတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ၅၀၅ တွေကို ဖိနှိပ်ဆက်ဆံတာတွေ၊ ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ အဲဒီလိုလုပ်ရင်းနဲ့ စကားများကြတယ်ပေါ့။ အဲဒီမှာ သူတို့ ကင်းစောင့်တဲ့ တဲကနေမှ စပစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရသည့် အရေအတွက်မှာ စစ်ကောင်စီ ထုတ်ပြန်ချက်ထက် ပိုနိုင်ပြီး ၃၀ ခန့် ရှိနိုင်ကြောင်းလည်း ထို သတင်းရင်းမြစ်က ပြောသည်။

CNDF ကတော့ အယုံအကြည်မရှိ

CNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးက “စစ်ကောင်စီ ပြောတာတွေကိုတော့ သိပ်မယုံပါဘူး။ သူတို့က ဒီအတိုင်း ဘာ လက်နက်မှ မရှိတဲ့သူတွေကို ရက်ရက်စက်စက် သတ်လိုက်ပြီးမှ ဇာတ်လမ်းဆင်တဲ့ ပုံစံလို့ပဲ ယူဆပါတယ်။ ကျဆုံးခဲ့ရ သူတွေအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ အဖြစ်မှန်ကိုလည်း ဆက်လက် စုံစမ်းနေပါတယ်” ဟု ဆိုသည်။

လက်ရှိအခြေအနေ

အကျဉ်းထောင်အတွင်းမှ သယ်ယူလာသည့် ရုပ်အလောင်းများသည် လက်ရှိ ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှာပင် ရှိနေပြီး စစ်ကောင်စီဘက်က သေဆုံးသွားသူများ၏ မိသားစုဝင်များအား ဆက်သွယ်ကာ အလောင်းပြန်ပေးခြင်း မလုပ်သေးကြောင်း၊ သေဆုံးသွားသူများသည် ကလေးမြို့ဒေသခံများ မဟုတ်ဟု ယူဆရကြောင်း ကလေးမြို့ ခံတဦးကလည်း ပြောဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ပစ်ခတ်ခံရသည့် အကျဉ်းသားများ

၎င်းက “ကျနော် စုံစမ်းသိရှိရသလောက်တော့ အခုသေတဲ့အထဲမှာ ကလေးကလူတွေ မပါဘူး။ မြို့ပေါ်ကလူတွေက တော်တော်များများကိုက ကျနော်တို့က သိနေကြတာလေ။ ဆုံးသွားတဲ့လူတွေက ကလေးဝတို့၊ တမူးတို့၊ မင်းကင်းတို့ ဘက်က ဖြစ်နိုင်လောက်တယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အကျဉ်သားများ၏ ရုပ်အလောင်းများရှိရာ ကလေးပြည်သူ့ဆေးရုံ အပါအဝင် ကလေးခရိုင်အကျဉ်းထောင်နှင့် ကလေးထောင်လက်အောက်ခံ ရာဇဂြိုလ်ထောင်တို့ကိုလည်း စစ်သည် အင်အားဖြည့်ထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ကလေးဒေသခံများထံမှ သိရသည်။

Loading