ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသော ဒေသခံ ကျေးရွာသား ၁၂၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သတင်း ရရှိသည်။
စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကန်ပက် လက်မြို့အနောက်မြောက်ဘက် CDF –Kanpetlet တပ်မဟာဌာနချုပ်ရှိသည့် တည်နေရာအား ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုပါ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်သည့် အတွက် ရွာပေါင်း ၁၀ ကျော်ရှိ ဒေသခံ ကျေးရွာသားများ ဘေးလွတ်ရာသို့ အသက်လု ထွက်ပြေးနေရကြောင်း ကန်ပက်လက်ဒေသခံများက ပြော သည်။
စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် သင်းအုပ်ဆရာ တဦးက “စစ်တပ်က လာတာနဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်တော့ အဝတ်တထည် ကိုယ်တခုလုံး အကုန်တောထဲ ထွက်ပြေး ရတယ်။ အခု သစ်ပင်အောက်တွေမှာပဲ အိပ်နေကြရတယ်။ စားစရာတွေလည်း ဘာမှ ယူချိန်မရကြဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ် အိုတွေက များတော့ အရေးပေါ် လိုအပ်နေတာက ဆေးဝါးနဲ့ စားသောက် စရာတွေ လို နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဘေးလွတ်ရာသို့ အသက်လုထွက်ပြေးနေရသည့် ကျေးရွာများမှ စမ္မသား၊ အမ်ပုံ စံအိမ်နူး၊ ကျော့တော်၊ ခိတော်၊ တုံငယ်၊ နှလောင်းပန်း၊ ရဲလောင်းပန်း၊ ကန်လောင်း စသည့်ကျေးရွာများဖြစ်ပြီး လက်ရှိတွင် အနီးပတ်ဝန်းကျင်ရှိ တောတောင်၊ လျိုမြောက်များတွင် ဖြစ်သလို နေထိုင်နေရကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။
စစ်ကောင်စီသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးထားသည့် ကန်ပက် လက်မြို့နယ်အတွင်းသို့ ယခုနှစ် ဇန်နဝါလကုန်ပိုင်းကလည်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် မတူပီဗျူဟာလက်အောက်ခံတပ်ရင်းတို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ရန် တပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်ကို ပို့ ဆောင်ထားကြောင်းလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ထိုသို့ သာလွန်အင်အားဖြင့် မတ်လ ၇ ရက်နေ့မှ စတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ စခန်းရှိရာသို့ စစ်ကြောင်း များထိုးကာ ထိုးစစ်ဆင်လာသည့်အတွက် CDF –Kanpetlet နှင့် ပူးပေါင်းထားသည့် မဟာမိတ် တပ်များနှင့် အာဏာသိမ်းတပ်များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ဒေသခံကာကွယ် ရေးတပ် ဌာနချုပ်ရှိရာသို့ ဦးတည်စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း CDF –Kanpetlet အဖွဲ့မှမတ်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယင်းနောက် မတ်လ ၁၃ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်အတွင်းက ငုံလောင်ရွာနှင့် အမ်ပုံရွာအနီးဝန်းကျင်တွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်သားများကို CDF –Kanpetlet၊ CDF Mindat၊ ယောကာကွယ် ရေးတပ်ဖွဲ့ (The Youth Force) နှင့် Saw- PDF တို့ ပူးပေါင်းပြီး တောနင်းရှာဖွေခဲ့ခဲ့ရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး CDF –Kanpetlet ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF –Kanpetlet အဖွဲ့မှ ထုတ်ပြန်ထားသည်။
ယင်းအပြင် မတ်လ ၁၅ ရက်နေ့တွင် ကန်ပက်လက်မြို့နယ် စမ္မသား ကျေး ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် CDF –Kanpetlet မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ မင်းတပ်မြို့တွင် အထိုင်ကျထား ေသာ ခလရ ၂၇၄ တပ်ရင်းနှင့် ကျောက်ထုအမြောက်တပ်တို့မှ လက်နက်ကြီး များဖြင့် ပစ်ကူပေးရာ CDF –Kanpetlet တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျ ဆုံး သွားခဲ့သလို တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF –Kan petlet မှ ခေါင်းဆောင်တဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများဖြင့် အင်အားသုံး ထိုးစစ် ဆက်တိုက်သည့်အတွက် CDF –Kan petlet နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တို့ ကျည်ဆန်မလုံလောက်ခြင်း ၊ လက်နက်အင်အား မမျှခြင်း တို့ အပါအဝင် ဒေသခံရွာများ ထိခိုက်နစ်နာမည်ကို ရှေ့ရှုကာ CDF –Kan petlet တပ်မဟာန ချုပ်စခန်းကို ယာယီစွန့်လိုက်ရကြောင်းလည်း CDF –Kan petlet အဖွဲ့မှ ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “ ၁၅ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်တာ။ ဒီကြားထဲမှာ တိုက်ပွဲကလည်း နေ့တိုင်းလိုလို ဖြစ်နေတော့ ကျနော်တို့မှာ တပ်ဖွဲ့ဝင်တွေ ကျည်မလုံလောက်တာရယ်။ စစ်ကောင်စီ တပ်က အင်အားများတာရယ်။ ဒေသခံ ရွာတွေ အထိနာမှာကို စိုးရိမ် တာရယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဌာနချုပ် စခန်းကို ယာယီစွန့် လိုက်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၅ ရက်နေ့တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကိုပါ လှမ်း ပစ်ခတ်သည့်အတွက် စမ္မသားကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၉ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်းလည်း စမ္မသား ကျေးရွာသူ တဦးက ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တာက ကျမတို့ ရွာနဲ့ နီးတယ်။ အဓိကတော့ စစ်ကောင်စီတပ်က ရွာတွေကို ဝင်ဖို့ လုပ်တာ။ ဒေသခံ ကာကွယ်ရေးတပ်က အဝင်မခံဘူး။ ရွာကို ဝင်လို့မရတဲ့အခါ ကျောက်ထုနဲ့ မင်းတပ်ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာရော၊ ရွာတွေကိုပါ လှမ်းထုတယ်။ ကျမတို့ ဘာမှ ယူချိန်တောင်မရဘူး။ တချို့ မိသား စုတွေဆို လူစုကွဲသွားလို့ အဆက်အသွယ်မရကြသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။