တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတချို့ ရုံးထုတ်စဉ် ဆန္ဒပြမှုဖြင့် တိုက်ပိတ်ခံထား ရသည်မှာ ၁ လနီးပါး ရှိနေပြီ ဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့သည့် နိုင်ငံရေး အကျဉ်း သားများအား မပြီးပြတ်သေးသော အမှုများအတွက် ထားဝယ်ထောင်တွင်း တရားရုံးသို့ ရုံးထုတ်လာစဉ် လက်သုံး ချောင်း ထောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ထောင်တွင်း၌ နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သည်ဟု ဆိုကာ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ဆိုသည်။
ယခုကဲ့သို့ ထောင်တွင်း တိုက်ပိတ်ခံထားရသူများထဲတွင် သက်ကြီးပိုင်းများနှင့် ဖမ်းဆီးခံရစဉ်က ဒဏ်ရာကြီးမားစွာ ရရှိထားခဲ့သူများ ပါဝင်ခြင်းကြောင့် ကျန်းမာရေး အခြေအနေကို စိုးရိမ်မှုများရှိနေကြောင်း တိုက်ပိတ်ခံထားသူများ မိသားစုဝင် တချို့က ပြောသည်။
အဆိုပါ တိုက်ပိတ်ခံထားရသူများမှာ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် ကိုထွန်းထွန်းဦး၊ ကိုမင်းဆက်မှူး၊ ကိုဇေ လင်းဦး၊ ကိုသက်ပိုင်ဦး၊ ကိုရာဇာထွန်း၊ ကိုမြတ်ကျော်သူ၊ ဦးကျော်မြင့်၊ ဦးအောင်အောင်၊ ကိုအောင် အစရှိသည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ လက်နက်အက်ဥပဒေ ၁၉ (စ) တို့ဖြင့် ထောင်ဒဏ် အနည်းဆုံး ၂ နှစ်မှ အများဆုံး ၈ နှစ်အထိ ချမှတ်ခံထားရသူများ ဖြစ်ကြသည်။
ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က “လက်ရှိကတော့ သူတို့က အမျိုးမျိုး ဖိနှိပ်ခံရတယ်။ ဖမ်းဆီးစဉ်က လည်း ရိုက်နှက်ခံရတယ်။ ထောင်ထဲမှာကျတော့လည်း အကျဉ်းသား အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဆေးကုသခွင့် တွေ ဆုံးရှုံးတယ်။ ပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့် ဆုံးရှုံးတယ်။ အပြစ်မရှိဘဲ ဒီလိုလုပ်တာတွေကို ရပ်တန့်စေချင် တယ်” ဟု ပြောသည်။
ထားဝယ် အကျဉ်းထောင်အတွင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကိုလည်း ၎င်းအား ဖမ်းဆီးစဉ်ကတည်း ကပင် လက်ရှိအချိန်ထိ တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရကြောင်း သိရသည်။
စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီး အကျယ်ချုပ်နှင့် ထားရှိခဲ့ သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံ ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခံခဲ့ရပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။
အမိန့်ချမှတ်ရာတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအား စည်းမျဉ်းများနှင့်အညီ သုံးစွဲခြင်းမရှိဟု စွပ်စွဲကာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ထားဝယ် အကျဉ်းထောင်ထဲမှ နိုင်ငံရေး အကျဉ်းသားများသည် ပြီးခဲ့သည့် လပိုင်းအတွင်းတွင်လည်း အစာငတ်ခံ ဆန္ဒထုတ်ဖော်ခြင်းများလည်း ရှိခဲ့သည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီမှ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကို ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခဲ့ပြီး အမိန့်ချမှတ်ခြင်း မရှိသေးဘဲ အမှု ဆက်လက် ရင်ဆိုင်နေဆဲ နိုင်ငံရေး အကျဉ်းသား ၈၀၀ ကျော်ရှိသေးကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က သိရသည်။
ထို့ပြင် ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အကျဉ်းကျနေဆဲ ကျောင်းသားလူငယ်တချို့မှာလည်း အိပ်ဆောင်များ ထဲတွင် မရှိဘဲ ထောင်တွင်း စစ်ကြောရေး ပြန်ခံယူနေခြင်းများ၊ တိုက်ပိတ်ခံသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂဗဟို အလုပ်အမှုဆောင် ကိုလေပြေစိုးမိုး၊ ကိုဆစ်နိုင်၊ ကိုသုတစိုးတို့အပါအဝင် လေးဦး ကိုလည်း လူငယ်ဆောင်မှ ခေါ်ထုတ်ကာ မည်သည့်နေရာကို ခေါ်ထုတ်သွားသည်ကို မသိရကြောင်း ကျောင်းသား သမဂ္ဂမှ မတ်လ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင်လည်း မတ်လ ၁၅ ရက် ညနေပိုင်းက အချုပ်သား ဗန်ဒိန်းဆိုသူ ဦးဆောင် သည့် အင်အား ၅၀ ခန့်မှ ထောင်အာဏာပိုင် ၃ ဦးကို ဓားစာခံလုပ်၍ ထောင်ဖောက်ရန် ကြိုးစားသည်ဆိုကာ သေနတ်နှင့် ပစ်ခတ်ရာမှ ဗန်ဒိန်း အပါအဝင် ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကြောရေးတွင် သေဆုံးဟု သတင်းထွက်ခဲ့သည့် ကိုရာဇာထွန်း အသက်ရှင်လျှက်ရှိ
ဗန်ဒိန်း ထောင်ဖောက်ဖို့ အမှန်တကယ် ကြိုးစားခဲ့သလား