မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်နေသည့် ဂျာမနီအခြေစိုက် Food Panda အစားအသောက်လုပ်ငန်းအနေဖြင့် အလုပ် သမား အခွင့်အရေး ချိုးဖောက်သည်ဆိုကာ အစားအသောက် သယ်ယူပို့ဆောင်ရေးလုပ်သား (Food Panda Rider)များ နှင့် စားသူများက သပိတ်မှောက်လျှက်ရှိသည်။
Food Panda Rider များ၏ ပုံမှန်ရရှိနေသော ခရီးစဉ်တခုအတွက် ဝန်ဆောင်ခ အခကြေးငွေနှုန်းထား (Order ကြေး) များကို ကုမ္ပဏီက လျှော့ချလာခြင်းကြောင့် မတ်လ ၁၅ ရက် မှ စတင်ပြီး ရန်ကုန်၊ မန္တလေးမြို့ ကြီးမှ အစား အသောက် သယ်ယူပို့ဆောင်သူ ၈၀ ရာခိုင်နှုန်းခန့် အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။
ယခင် ကုမ္ပဏီက ခရီးစဉ်တခုအား ပုံမှန်ဝန်ဆောင်ခ ကျပ် ၁၂၀၀ ဝန်းကျင်ပေးသော်လည်း ယခု ကျပ်၂၀၀ မှ ၃၀၀ ခန့် အထိ လျှော့လာ၍ ဖြစ်ကြောင်း အစားအသောက် သယ်ယူပို့ဆောင်သူများက ဆိုကြ သည်။
“ကုမ္ပဏီဘက်က ကျနော်တို့အပေါ် လေးစားမှုတော့ ရှိသင့်တယ်။ အခုဟာက ဘာမှကို အသိမပေးဘဲ ဒီလိုနှုန်းထားတွေ တဖြည်းဖြည်း လျှော့ချတာ” ဟု ရန်ကုန်မြို့ရှိ Food Panda အစားအသောက် ပို့ဆောင်သူတဦး ဖြစ်သည့် ကိုရန်နိုင်က ဧရာ ဝတီသို့ ပြောသည်။
Food Panda Rider လုပ်ကိုင်သူများသည် ယခင်က တနေ့ အနည်းဆုံး ကျပ်တသောင်းဝန်းကျင် ရရာမှ ယခုကျပ် ၅၀၀၀ ဝန်းကျင်နှင့် တချို့ ရက်များတွင် ကျပ် ၁၀၀၀ အောက်သာ ရတော့ကြောင်း ၎င်းက ပြော ဆိုသည်။
ထိုသို့ ကုမ္ပဏီဘက်က အခွင့်အရေး ချိုးဖောက်မှုကြောင့် အစားအသောက် သယ်ယူပို့ဆောင်သူများက သပိတ်မှောက်လာ ကြသလို စားသုံးသူများနှင့် စားသောက်ဆိုင်တချို့ကပါ Food Panda မြန်မာကို အသုံးမပြုတော့သည့်အထိ ဖြစ်လာပြီး မတ် ၂၀ရက်တွင်လည်း စားသုံးသူများအား အော်ဒါမမှာရန် ကင်မ်ပိန်းတခု ပြုလုပ်နေကြောင်း သိရသည်။
Facebook ပေါ်တွင်လည်း လူသိများ ထင်ရှားသူတချို့နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများ အထောက်အပံ့ ကူညီပေးနေသည့် နာမည်ကြီးအဖွဲ့တချို့ကလည်း ထိုသပိတ်မှောက် လှုပ်ရှားမှုကို အစားအသောက် သယ်ယူပို့ဆောင်သူ များဘက်မှ အများပြည်သူလူထု ပါဝင်ပေးကြရန် တိုက်တွန်းမှုများ ပြုလုပ်လျက်ရှိသည်။
Food Panda မြန်မာတွင် အစားအသောက် ပို့ဆောင်သူအဖြစ် လုပ်ကိုင်မည်ဆိုပါက ကုမ္ပဏီအနေဖြင့် ၎င်း၏ဝန်ထမ်း အဖြစ် သတ်မှတ်ခြင်းမရှိဘဲ လုပ်ငန်းအကျိုးတူ ပူးပေါင်းလုပ်ဆောင်သူ (Partner)အဖြစ်သာ သတ်မှတ်ပြီး ကုမ္ပဏီ၏ စည်းကမ်းချက်များကို လိုက်နာမည်ဟု လက်မှတ်ရေးထိုးမှသာ အလုပ်ကို လုပ်ခွင့်ရကြောင်း၊ Rider များအနေဖြင့် အဆိုပါ သတ်မှတ်ချက်များကို ငြင်းခွင့်၊ ရွေးချယ်ခွင့်မရှိကြောင်း အစားအသောက် သယ်ယူပို့ဆောင်သူ ကိုပြည့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့က လှိုင်သာယာမှာ လုပ်နေတဲ့ အလုပ်သမားတယောက်လို မြင်ပြီးတော့ ကျနော်တို့ စက်ဘီးတစီးနဲ့ ရာသီ ဥတုဒဏ်ခံရတဲ့ အခက်အခဲတွေ၊ ခုံးတွေ ဖြတ်ရတာ၊ ပွိုင့်တွေဖြတ်ရတာ၊ တံတားတွေ ဖြတ်ရတာ ဒါတွေ သူတို့ နားမလည် ဘူး။ သူတို့ သိတာက ဒီ Rider တယောက်ရဲ့ ဝင်ငွေကို တလကို ၃ သိန်းလောက် သတ်မှတ်ချင်နေတာ” ဟု ပြောဆိုသည်။
ယခင်က Rider များအနေဖြင့် တလလျှင် ၅ သိန်းအထက်အထိ ရရှိခဲ့ဖူးသော်လည်း ယခုအခါ အလုပ်လက်မဲ့ဦးရေများ လာ၍ Food Panda Rider လုပ်ကိုင်သူ တိုးလာခြင်းနှင့် ယခုကဲ့သို့ အော်ဒါကြေး လျော့ချခြင်းတို့ကြောင့် တလလျှင်၂ သိန်းကျော်မှ ၃ သိန်းဝန်းကျင်သာ ရရှိတော့ကြောင်း ၎င်းက ပြောပြသည်။
အစားအသောက် သယ်ယူပို့ဆောင်သူများ၏ သပိတ်မှောက်မှုနှင့် ပတ်သက်ပြီး Food Panda ကုမ္ပဏီ၏ ယနေ့ (မတ် ၁၆ ရက်) ထုတ်ပြန်ချက်တွင်မူ “ကျနော် တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြရရင် Rider တွေ ရရှိနေတဲ့ အော်ဒါကြေးတွေကို တောက်လျှောက် ကြီးကြပ်ပေးနေပါတယ်။ Food Panda မှာ တပတ်ကို ၆ ရက်၊ တရက်ကို အလုပ်လုပ်ချိန် ၈ နာရီကနေ ၁၀ နာရီ ကြားအလုပ် လုပ်နေတဲ့ Panda rider တယောက်အနေနဲ့ ပျမ်းမျှအားဖြင့် အော်ဒါကြေး တနာရီကို မြန်မာငွေ ကျပ် ၁,၅၀၀ နဲ့ တလကို ၃၀၀,၀၀၀ ကျပ်ခန့် ရရှိကြပြီး ဒီနှုန်းထားက နိုင်ငံတွင်း အနိမ့်ဆုံး လုပ်ခလစာ ထက်ပိုတဲ့ နှုန်းထား ပမာဏမှာ ရှိပါတယ်” ဟု တာဝန်ရှိသူတဦးက ပြောထားသည်။
သို့သော်လည်း Rider များ၏ မကျေနပ်ချက်ဖြစ်သော ဝန်ဆောင်ခနှုန်း သတ်မှတ်မှုများ လျှော့ချလာခြင်းနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖြေရှင်း ပြောကြားထားခြင်း မရှိပေ။
လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး Food Panda ကုမ္ပဏီသို့ အသေးစိတ် ဆက်သွယ်မေးမြန်းရန် ဧရာဝတီ သတင်းဌာနက ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
အလုပ်သမားအရေး ဆောင်ရွက်နေသူ မမျိုးမျိုးအေး (STUM) က “ငွေဝယ်ကျွန်နဲ့ သခင်နဲ့ ခေတ် မဟုတ်တော့ဘူး။ အလုပ် ရှင်နဲ့ အလုပ်သမားတွေက ပါတနာတွေလားပေါ့။ လုပ်ငန်းခွင်မှာ အလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာဖို့က သူတို့မှာ တာဝန်ရှိတယ်။ သူတို့အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ရှိထားတဲ့ စာချုပ် သေချာ မလုပ်ထားတော့ သူတို့ကုမ္ပဏီ ဂုဏ်သိက္ခာ ကျဆင်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ Food Panda ကုမ္ပဏီ နှင့် ပတ်သက်သော ပြဿနာများကို ပြီးခဲ့သည့် ၂၀၂၀ ကိုဗစ်ကာလအတွင်းကလည်း အစား အသောက် သယ်ယူပို့ဆောင်သူများက အလုပ်သမား သမဂ္ဂများကို လာရောက် တိုင်တန်းမှုများရှိခဲ့ပြီး တဖက်နှင့် တဖက် ကြား သဘောတူညီရှိသည့် အလုပ်စာချုပ် မရှိသည့်အတွက် ထိုပြဿနာများသည် ယခု ကြီးထွားလာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
Food Panda ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်ပြီး မြို့ ပေါင်း ၁၉ မြို့တွင် စားသောက်ဆိုင်ပေါင်း ၃ သောင်းကျော်နှင့် လက်တွဲလုပ်ကိုင်လျက်ရှိပြီး အလွတ်တမ်းသဘော (Independent contract- သီးခြားလွတ်လပ်သည့် ပို့ဆောင် မောင်းနှင်သူ) Rider ပေါင်း ၈,၀၀၀ ကျော်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ သိရသည်။
You may also like these stories:
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ