အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများသည် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ဗုဒ္ဓဘာသာဆရာတော်ကြီးများကို ဆွမ်းကပ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းစာက ဖော်ပြသည်။
ထိုသတင်းသည် လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သော ဦးသန်းရွှေနှင့် သူ၏ နောက်လိုက်များအကြောင်းနှင့် ၎င်းတို့ စုပေါင်းလှူဒါန်းမှု ပြုလုပ်သည့် ပထမဆုံး တရားဝင်သတင်း ဖြစ်သည်။
ဦးသန်းရွှေနှင့်အတူ သူ၏ လက်ထောက်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ထုတ်ပယ်ပြီးနောက် ထင်ရှားလာသူများဖြစ်သည့် သမ္မတဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးတို့ ပါဝင်သည်။
ထိုဗိုလ်ချုပ်ဟောင်းများသည် ဆွမ်းကပ်ပွဲသို့ လူကိုယ်တိုင် မတက်ဘဲ မြန်မာနိုင်ငံတွင် အမြင့်ဆုံး ဗုဒ္ဓဘာသာ အာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် သံဃာ ၄၇ ပါး ပါဝင်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာသည့် သံဃာတော်များကို ဆွမ်းစရိတ် လှူခြင်းဖြစ်ကြောင်း စစ်ကောင်စီ မီဒီယာ သတင်းများအရ သိရသည်။
ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ချမ်းသာကြွယ်ဝသော ရပ်ကွက်မှ အိမ်နီးချင်းများ ဖြစ်သည်။ ထိုရပ်ကွက်တွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ၆ ဦး နေထိုင်သည့် အိမ်ကြီး ၆ လုံး ရှိသောကြောင့် ၆ လုံးတန်းဟု ခေါ်ကြသည်။
ထိုသို့ လှူဒါန်းသူများတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း၏ မိသားစုလည်း ပါဝင်သည်။ ဦးစိုးဝင်းကို ဦးသန်းရွှေက ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်ခန့်ခဲ့ပြီး ၂၀၀၇ ခုနှစ်က ရန်ကုန်တွင် သွေးကင်ဆာကြောင့် သေဆုံးချိန်အထိ ထိုရာထူးတွင် ၃ နှစ် လုပ်ကိုင်ခဲ့သည်။
ဦးစိုးဝင်းသည် ၂၀၀၃ ခုနှစ်က ဒီပဲယင်းလူသတ်ပွဲကို စီစဉ်သူအဖြစ် လူသိများပြီး ထိုသတ်ဖြတ်မှုအတွင်း စစ်အုပ်စု ကျောထောက်နောက်ခံပြု လူရမ်းကားများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
ဆွမ်းကပ်သူများတွင် ယခင်စစ်အုပ်စုနှင့် ပတ်သက်သည့် အငြိမ်းစားများ ဖြစ်ကြသော ဗိုလ်ချုပ် တင်ငွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့၏ မိသားစုများ ပါဝင်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိစစ်အုပ်စုသည် ကျေးရွာများကို ဆက်လက် စီးနင်းတိုက်ခိုက်၊ နေအိမ်များကို လုယက် မီးရှို့ပြီး အရပ်သားများကို အဓမ္မပြုကျင့် သတ်ဖြတ်နေစဉ် ထိုအငြိမ်းစား ဗိုလ်ချုပ်များသည် ကုသိုလ်ကောင်းမှု ရှာဖွေနေခြင်း ဖြစ်သည်။
တချိန်တည်းတွင် မြင့်မားလာနေသော အစားအသောက်နှင့် လောင်စာဆီ ဈေးနှုန်းများ၊ နေ့စဉ် လျှပ်ဓာတ်အားနှင့် ရေ ပြတ်တောက်မှုများကြောင့်လည်း မြန်မာပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်။ ပထမတကြိမ်မှာ လွန်ခဲ့သောနှစ် နိုဝင်ဘာလကဖြစ်ပြီး ထိုစဉ်ကလည်း သူသည် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့သို့ ဆွမ်းကပ်ခဲ့သည်။
ယခုလ ဆွမ်းကပ်လှူပွဲသည် အသက် ၈၅ နှစ်ရှိပြီဖြစ်သော ဦးမောင်အေးနှင့် ပတ်သက်သည့် ပထမဆုံး တရားဝင်သတင်း ဖြစ်သည်။ သူ့ကို ၂၀၁၁ ခုနှစ်နောက်ပိုင်း လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။ သူသည် လေဖြတ်ထားပြီး ကိုယ်တပိုင်းသေနေသည် ဆိုသည့်သတင်းမှအပ မည်သည်မျှ မသိရပေ။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမည့်အကြောင်း ဦးမောင်အေးကို အကြောင်းကြားသောအခါ ထိုအစီအစဉ်သည် နောက်ကျနေကြောင်း၊ စောစောစီးစီး လုပ်ခဲ့သင့်ကြောင်း ပြန်ပြောသည်ဟု သတင်းများက ဆိုသည်။
ယခု စစ်ကောင်စီဥက္ကဋ္ဌ၏ လက်ရုံးဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ဦးမောင်အေး၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒု ဥက္ကဋ္ဌ ဖြစ်ပြီး စစ်ကောင်စီ အဖွဲ့ဝင် ဖြစ်သည်။
ဦးသိန်းစိန်နှင့် ဦးတင်အေးတို့သည် စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ တပတ်တည်းဆင်းများ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဦးသန်းရွှေ၏ တပည့်များဖြစ်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့သည် အာဏာကို စစ်အုပ်စုက ချုပ်ကိုင်ထားရန် ဦးသန်းရွှေက စီစဉ်ပြီး စစ်အုပ်စုက ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းကြသည်။
အာဏာသိမ်းပြီးနောက် ဦးသိန်းစိန်အစိုးရမှ ဝန်ကြီးအချို့ကို စစ်ကောင်စီတွင် ရာထူးပြန်လည် ခန့်အပ်သည်။
စစ်ကောင်စီသတင်းပေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲ သတ်ဖြတ်ခံနေရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအတွက် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံတို့သည် ငွေကျပ် သိန်း ၅၀ စီ လှူဒါန်းကြသည်။
ယခင် စစ်အစိုးရခေတ်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ ဥက္ကဋ္ဌဖြစ်ပြီး ဦးသိန်းစိန်ခေတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်သော ဦးတင်အေးတို့သည် စစ်တပ်နှင့် ပတ်သက်သည့် အခမ်းအနားများသို့ ဆက်လက် တက်ရောက်နေသည်။
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် စစ်တပ်အကြီးအကဲ ရုပ်တုများ ဖွင့်သောအခါကလည်း ဦးတင်အေး တက်ရောက်ခဲ့သည်။ သေဆုံးစစ်သားများကို အလေးပြုသည့် အခမ်းအနားသို့လည်း သူတက်ရောက်ခဲ့သည်။
You may also like these stories:
နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား
မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်
ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း
ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”