စစ်ကောင်စီက ၂၀၂၂ မဟာသင်္ကြန်ပွဲတော်ကို မန္တလေးတွင် ကျင်းပရန် စီစဉ်နေရာ မြို့ခံအများစုက လက်မခံဘဲ ပါဝင် ဆင်နွှဲခြင်း မပြုဖို့ ပြောဆိုမှုများ ရှိနေသည်။
မတ် ၁၅ရက်နေ့ထုတ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မန္တလေး နေ့စဉ် သတင်းစာတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ မန်းသင်္ကြန်ကို ပြုလုပ်သွားမည်ဟု ပါရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက “လက်ရှိ အခြေအနေတွေကြောင့် စိတ်ပန်းလူပန်း ဖြစ် နေကြတဲ့ ပြည်သူတွေကို သင်္ကြန်မှာ လွတ်လွတ်လပ်လပ် ပျော်စေချင် တာကြောင့် လူကြီးတွေက အခုလို စီစဉ်ကြတာ” ဟုပြောသည်။
သို့သော် မြို့ခံအများစုကမူ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်များ တိုးပွားနေချိန်၊ ပြည်သူများ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲ အကျပ်အတည်းများ ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပ ပေးခြင်းသည် တိုင်းပြည် တည်ငြိမ်အေးချမ်းနေပြီဆိုသည့် ပုံရိပ်ကို ပြသလိုခြင်း ကျန် လူမှုဒုက္ခအ၀၀ ခံစားနေရ သည်ကို အာရုံလွှဲချင်သဖြင့် ဖြစ်ကြောင်း ယူဆကြသည်။
မန္တလေးဈေးချိုတော်မှ အထည်ဆိုင်ရှင်တဦးက“စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်တာတွေကြောင့် ကျနော်တို့ မန္တလေးမှာ သွေးမြေ ကျ ရတဲ့ ဖြစ်စဉ်တွေက မနည်းတော့ဘူး။ ဒါကိုမှ အရှက်မရှိ သူတို့က သင်္ကြန်လုပ်ဦးမယ်ဆိုတော့ လူတွေမှ ဟုတ်ရဲ့လားလို့ မေးရတော့မယ်။ ဘယ်လို အစီအစဉ်တွေနဲ့ပဲ လုပ် လုပ် ကျနော်တို့ကတော့ ကျုံးဘေးကိုသွားမှာ မဟုတ်ဘူး” ဟု ပြော သည်။
ထို့အတူ မန္တလေးမြို့ခံ သင်္ကြန်ယိမ်းအဖွဲ့တခုမှ ခေါင်းဆောင်တဦးကလည်း မန္တလေးတွင် စစ်ကောင်စီ၏ ရက်စက်မှုများ ကြောင့် လမ်း မများပေါ်က သွေးစက်များပင် မခြောက်သေးသည့် အခြေအနေတွင် သင်္ကြန်ကို စည်ကားစွာ ကျင်းပ မည်ဆို သည်က ပြောစရာ စကားလုံးပင် မရှိကြောင်း၊ ၎င်းတို့အဖွဲ့ အနေဖြင့် သင်္ကြန်နှင့် ပတ်သက်ပြီး မည်သည့်အစီအစဉ်မှ မရှိသလို ခိုင်းစေလာပါကလည်း လုပ်မပေးရန် တဖွဲ့လုံး ဆုံးဖြတ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
မန္တလေးသင်္ကြန်ကို နှစ်စဉ်နှစ်တိုင်း အလှပြယာဉ်၊ ဖျော်ဖြေရေးယာဉ်များပေါ်တွင် အတီးအမှုတ်အကအခုန်များ၊ သံချပ် အဖွဲ့များ ဖြင့် စည်ကား သိုက်မြို့က်စွာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။
သံချပ်အဖွဲ့များကလည်း စစ်ကောင်စီကဲ့သို့ မတရားသောနည်းဖြင့် အာဏာယူကာ သတ်ဖြတ်မှုများ ပြုလုပ်နေသည့် သူများကအနေဖြင့် သူတို့၏ လုပ်ရပ်များကို သံချပ်ထိုးခွင့်ပြုမည် မထင်ကြောင်း၊ ထိုးခွင့်ရပါကလည်း ပါဝင်ဆင်နွဲမည် မဟုတ်ကြောင်း သံချပ်အဖွဲ့များကလည်း ဆိုသည်။
မန္တလေးကျောက်ဝိုင်းမှ ကျောက်သမားတဦးက “တနိုင်လုံးကို စိတ်ထင်တိုင်း မွှေနှောက် သောင်းကျန်းနေတဲ့ အာဏာရူး တွေ ကတော့ အမြဲတလွဲလုပ်နေကြအတိုင်း လုပ်တာလို့ပဲ မြင်တယ်။ သူတို့ လုပ်တဲ့ပွဲကို လူစိတ်ရှိတဲ့ ပြည်သူတွေကတော့ ပျော် ကြမှာ မဟုတ်ဘူး။ လူစိတ်မရှိတဲ့ သူတို့အုပ်စုပဲ ပျော်ကြမှာပေါ့။ အသက်ပေးသွားတဲ့သူတွေ၊ ဖမ်းဆီးနှိပ်စက်ခံရ တဲ့သူ တွေရဲ့ ပုံရိပ်တွေကို စိတ်ထဲမှာ အမြဲရှိနေကြတဲ့ ပြည်သူတွေကတော့ သင်္ကြန်မှာ ပျော်ဖို့တောင် စဉ်းစားကြမှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သလို ၂၀၂၁ တွင်လည်း စစ်အာဏာ သိမ်းမှုကြောင့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း စစ်ကောင်စီက သူတို့အား ထောက်ခံသူများ ဖြင့် နန်းတော်တွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်သာ ပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကလည်း “သင်္ကြန်လုပ်မယ်ဆိုတာက တည်ငြိမ်နေ ပါပြီ၊ သူတို့အုပ်ချုပ်လို့ ရနေပါပြီ ဆိုတာကို ပြချင်လို့လုပ်တယ်လို့ မြင် တယ်။ ပြီးတော့ ကိုဗစ်ကာလကြီးမှာ လုပ်တာဆို တော့ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ အဓိပ္ပာယ် ပဲ။ သူတို့ လုပ်မယ့်သင်္ကြန်ပွဲကို တကယ်တမ်းမှာ လူထုက လက်မခံကြပါ ဘူး” ဟုမိန့်ကြားသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်ကပင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်အတည်ပြုလူနာသစ်တွေ့ရှိမှု ကျဆင်းလာ သည်ဟုဆိုကာ ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာ ကိစ္စရပ်များအတွက် လူ ၄၀၀ ဦးအထိ မတ် ၁၆ ရက်မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
မတ် ၁၅ ရက်ထုတ် မန္တလေးနေ့စဉ်သတင်းစာတွင်လည်း မန်းသင်္ကြန် ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ကိုဗစ်စည်းကမ်းများ နှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်တွင် ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီလစောင့်တည်နိုင်ရေး၊ ကျုံးဘေးတလျှောက် ဇီဝိတဒါန ငါးလွှတ်နိုင်ရေးတို့ကိုလည်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမောင်ကို၏ ပြောစကားများကို ဖော်ပြထားသည်။
တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ အစီအစဉ်ကို လက်မခံသလို ပွဲတော်ကာလအတွင်း ဖြစ်ပေါ်လာမည့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း သတိပေး ထောက်ပြကြသည်။
“အကြမ်းဖက် လုပ်ရပ်တွေကို လုပ်နေတဲ့ စစ်ကောင်စီက သင်္ကြန်ကို အကြောင်းပြုပြီး လူထုကို သတ်တာဖြတ်တာတွေ၊ ဗုံးခွဲတာတွေ လုပ်လာနိုင်တယ်။ ပြီးရင် တော်လှန်ရေးအဖွဲ့တွေက လုပ်ပါတယ်ဆိုပြီး ပုံချလာနိုင်တယ်။ အဲဒါတွေအပြင် ပြည်သူလူထုရဲ့ လုံခြုံရေးကိစ္စရပ်တွေကို သူတို့ အပြည့်အ၀ တာဝန်ယူပေးနိုင်မယ့် အခြေအနေမှာလည်း မရှိဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သင်္ကြန်ပွဲတော်မှမဟုတ် စစ်ကောင်စီကလုပ်တဲ့ ပွဲလမ်းတွေကို ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့ တိုက်တွန်းချင်ပါ တယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက သတိပေး ပြောဆိုသည်။
မန္တလေးသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ပွဲတော်တခုဖြစ်ပြီး လူဦးရေ သိန်းနှင့်ချီကာ ပါဝင် ဆင်နွှဲလေ့ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မန္တလေးသင်္ကြန်အား အပြောင်းအလဲ ဖြစ်စေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်၍ လမ်းလျှောက်သင်္ကြန်အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ရာ ယိမ်းအဖွဲ့၊ သံချပ်အဖွဲ့၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များစွာဖြင့် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးသင်္ကြန်သည် တမူထူးခြားပြီး ယဉ်ကျေးမှုသင်္ကြန် အနေဖြင့် အစဉ်အလာရှိခဲ့ကြောင်း၊ အထင်ကရ မှတ်တိုင်များ အနေဖြင့် ၁၃၀၀ ပြည့်သင်္ကြန်၊ ၁၉၄၇ မန်းတောင်ရိပ်ခိုသင်္ကြန်၊ ၁၉၅၀ ငြိမ်းချမ်းရေးသင်္ကြန်၊ ၁၉၅၁ ပြည်ထောင်စုသင်္ကြန်၊ ၁၉၇၀ ကျော်ကာလ ရုပ်ရှင်မင်းသားကြီးဝင်းဦးနှင့် အလှပြကားများ၊ အလှပြမဏ္ဍပ်များ ရာချီရှိခဲ့သည့် မန်းဟန်နှင့် နန်းဆန်ခဲ့ သောသင်္ကြန် စသည်များကြောင့် ရိုးရာယဉ်ကျေးမှုအရ မြန်မာ့ရိုးရာသင်္ကြန်ဟု ပြောဆိုမှုများရှိလာလျှင် မန္တလေးသင်္ကြန်ကို ပဲ ညွှန်းဆိုလေ့ရှိသည်။