မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးခန်းများမှ ဆရာဝန်များ၊ သူနာပြုသူများနှင့် လူနာများ၏ အချက်အလက်များကို အာဏာသိမ်း စစ်ကောင်စီက တောင်းယူနေကြောင်း သိရသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဆရာဝန်များ၊ သူနာပြုများ အနေဖြင့် ပုဂ္ဂလိကဆေးခန်းများတွင် ဝင်ရောက် လုပ်ကိုင်နေခြင်း ရှိမရှိ၊ လာရောက်ကုသသည့် လူနာများတွင်လည်း တော်လှန်ရေးလုပ်နေသူများ ပါဝင်ခြင်း ရှိမရှိ စသည်ဖြင့် သိရှိနိုင်ရန် စစ်ကောင်စီက ထိုသို့ တောင်းယူနေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ ကျန်းမာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
CDM ဆရာဝန်တဦးက “ဆေးရုံဝန်ထမ်းစာရင်း တောင်းတာက ရှင်းပါတယ်။ CDM ဆရာဝန်တွေ၊ သူနာပြုတွေ ဝင်ပြီး အလုပ်လုပ်နေသလားပေါ့။ လူနာတွေရဲ့ အချက်လက် ကိစ္စမှာတော့ သူတို့ဘက်က မရိုးရှင်းဘူးလို့ ပြောရမှာပဲ။ မှုခင်းနဲ့ ပတ်သက်တာတွေကို အစက တည်းက အပြင်ဆေးခန်းတွေက ကုမပေးကြတာ များတယ်။ သူတို့ထင်တာက မတော်တဆ ထိမိခိုက်မိ လူနာတွေထဲမှာ UG တွေ ပါမယ်ပေါ့။ အဲဒီလို လူနာမျိုးတွေဆိုရင် အလွယ်တကူ ဖမ်းမယ်ဆိုတဲ့သဘောပဲ” ဟု ပြောသည်။
ထိုသို့ အချက်အလက် တောင်းယူရန်အတွက် နန်းမြို့တွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် မတ် ၁၂ ရက်က ပြုလုပ်ခဲ့ သည့် အစည်းအဝေးတခု၌ တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးက ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဝတီက သတင်းရင်းမြစ် တချို့ကို စုံစမ်းမေးမြန်းကြည့်ရာ ယခုအခါ ပြင်ပဆေးရုံ၊ ဆေးခန်းများ အနေဖြင့် စစ်ကောင်စီက တောင်းသည့်အတိုင်း ဆရာဝန်နှင့် လူနာများ၏ အချက်အလက်များကို ပေးနေရပြီ ဖြစ်ကြောင်း သိရှိရသည်။
ပုဂ္ဂလိကဆေးရုံတခုမှ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားရသူတဦးက “ကျနော်တို့ ဆေးရုံမှာရှိတဲ့ ဝန်ထမ်းစာရင်းနဲ့ အချိန်ပိုင်းထိုင်တဲ့ ဆရာဝန်ကြီးတွေရဲ့ နာမည်စာရင်းကအစ တောင်းလို့ ပေး လိုက်ရတာ ရှိတယ်။ နောက်ပြီး ပြီးခဲ့တဲ့အပတ် ရုံးတွင်းအစည်းအဝေးမှာလည်း လူနာတွေထဲမှာ မတော်တဆမှုနဲ့ ရောက်လာ တဲ့ လူနာဆိုရင် အုပ်ချုပ်ရေးပိုင်းကို ချက်ချင်းအကြောင်းကြားပေးဖို့နဲ့ ဖြစ်နိုင်ရင် လက်ခံကုမပေးဖို့ ပြောသွားတယ်။ အခု ရက်ပိုင်းထဲမှာပဲ အရပ်ဝတ်တွေနဲ့လာပြီး လူနာစာရင်းတွေ လာယူနေကြတယ်” ဟု ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆရာဝန်၊ သူနာပြု အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ရှေ့ဆုံးမှ စတင်ဦးဆောင် ခဲ့သည့် CDM လှုပ်ရှားမှုသည် လက်ရှိအချိန်ထိ အားကောင်းနေဆဲဖြစ်ရာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော အစိုးရ ဆေးရုံ၊ ဆေးခန်းများစွာ ရှိနေခြင်းကြောင့် စစ်ကောင်စီ အနေဖြင့် ကျန်းမာရေးဝန်ထမ်းများဘက်သို့ ဦးတည်လာခြင်း ဖြစ်သည်ဟုလည်း CDM ဆရာဝန်များက သုံးသပ်ပြောဆိုသည်။
CDM ဆရာဝန်တဦးက “စစ်အာဏာရှင်လက်အောက်မှာ ဆက်ပြီးအလုပ်မလုပ်ချင်လို့မှ CDM လုပ်ကြတာ။ ဒါကိုမှ ထပ်ပြီးဖိအားပေးတာမျိုးတွေ လုပ်လာတဲ့ သဘောပဲ။ နောက်ပြီး မန္တလေးသပိတ်စစ်ကြောင်းတွေထဲမှာ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းက အင်အားအကြီးဆုံးပဲဆိုတော့ ပိုဆိုးတာပေါ့။ အဲဒီတော့ အခုလိုမျိုးတွေ လုပ်လာတာက သူတို့ကို ပုန်ကန်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဘဝပျက်အောင်ထိလုပ်ဖို့ ဦးတည်လာတဲ့သဘောပဲ”ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီက ဖိအားပေးမှုကြောင့် ပြင်ပဆေးခန်းများတွင် ဝင်ရောက် လုပ်ကိုင်နေကြသည့် CDM ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကို လုပ်ငန်းရပ်နားခြင်းမျိုးများလည်း ရှိလာကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မန္တလာဆေးရုံမှ အချိန်ပိုင်း အထူးကုဆရာဝန်ကြီး ၅၀ ခန့်၊ လက်ထောက်ဆရာဝန်များ အပါ အဝင် အောက်ခြေ သန့်ရှင်းရေး ဝန်ထမ်းအဆင့်ထိ အမြဲတမ်းဝန်ထမ်း ၁၅၇ ဦးကို CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း၊ CDM မှ non-CDM ပြုလုပ်ကာ အလုပ်ဝင်ကြသူများ ဖြစ်သောကြောင့် ဟုဆိုကာ မတ် ၁၈ ရက်မှ စတင်၍ အလုပ်ရပ်နားမှုများ ရှိလာကြောင်းလည်း မန္တလေး ဆရာဝန်အသိုင်းအဝိုင်းက ပြောဆိုသည်။
မန္တလာဆေးရုံနှင့် နီးစပ်သူတဦးက “အကြောင်းရင်းကတော့ တပ်က ဖိအားပေးလာတော့ တပ်က ငြိုငြင်မှာကြောက်လို့ လက်ခံထားတဲ့ CDM တွေကို အလုပ် ဖြုတ်လိုက်တာပဲ။ အဲဒီဆေးရုံက ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာလည်း သူတို့ဆေးရုံမှာ CDM ဝန်ထမ်းတွေကို အလုပ်လုပ်ခွင့် မပေးတော့ဘဲ အလုပ်ဖြုတ်ခဲ့တာ ရှိတယ်။ အခုက ဒုတိယအကြိမ်ပေါ့” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့် ပုဂ္ဂလိကဆေးခန်းများကို ဖိအားပေးခြင်းများအပြင် ကုသရေးဘက်တွင် နာမည်ကြီးသော CDM အထူးကုဆရာဝန်ကြီး ၁၆ ဦး၏ ဆေးကုသခွင့် (ဆ/မ) လက်မှတ်များကို သိမ်းသည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျက် ရှိသည်။
အမရပူရမြို့ခံ ဆရာဝန်တဦးက “ဆေးကုသခွင့်လိုင်စင်လို့ခေါ်တဲ့ ဆမလက်မှတ်ကို ထုတ်ပေးတာ၊ သိမ်းနိုင်တာက ဆေးကောင်စီကပဲ သိမ်းနိုင်တယ်။ အဲဒီ မှာလည်း သတ်မှတ်ချက် ပြဋ္ဌာန်းချက်တွေ ရှိပြီးသား။ ဥပဒေနဲ့ကို အတိအလင်း ဖော်ပြထားတာ။ စစ်ကောင်စီက ပြောဆို တာဟာ ဘောင်မဝင်၊ တန်းမဝင်တဲ့ အရူးချီးပန်း ပေါက်ပန်းလေးဆယ် စကားတွေပဲ။ သူတို့ကို မထောက်ခံလို့ အခုလိုတွေ လျှောက်ပြောနေတာ” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြု ထုတ်ပြန်ချက်အရ ဆရာဝန်၊ သူနာပြု များ အပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ် ၆၇ ဦးနှင့် ဆေးကျောင်းသား ၂၂၁ ဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသလို ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း ၆၀၀ ခန့်ထိ ဝရမ်းထုတ်ခံထားရသဖြင့် ရှောင်တိမ်းနေကြရ ကြောင်း သိရသည်။