ရက်စက်ကြမ်းကြုတ်သော ဇာတ်လမ်းများဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာ CDM စစ်သားများကို ပြည်ဝင်ခွင့် ဗီဇာများကို သြစတြေးလျက စတင်ထုတ်ပေးနေပြီဖြစ်သည်။
မြန်မာနိုင်ငံကို လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလတွင် စစ်ကောင်စီက ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည်။
သြစတြေးလျ အစိုးရက ဇန်နဝါရီလကတည်းက လက်ခံထားပြီးဖြစ်သည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည့် စစ်သားနှစ်ဦးကို ဩစတြေးလျ သတင်းစာ The Sydney Morning Herald နှင့် The Age တို့က တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာထိုင်းနိုင်ငံစပ်သို့ ထွက်မပြေးမီ ခုခံရေး အင်အားစုများနှင့် ပူးပေါင်းခဲ့သော စစ်သားဟောင်းတဦးက သူသည် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သောကြောင့် စစ်တပ်မှ စွန့်ခွာခဲ့ကြောင်း ပြောသည်။
“ကျနော် အရပ်သားတွေကို မသတ်ချင်ဘူး၊ မဆန့်ကျင်ချင်ဘူး” ဟု မြန်မာနိုင်ငံတွင် မိသားစုများကျန်နေသောကြောင့် ၎င်းတို့၏ လုံခြုံရေးအတွက် အမည်မဖေါ်လိုသော စစ်ဗ်ိုလ်ဟောင်းက ပြောသည်။
“နယ်စပ်မှာ ပုန်းအောင်းနေတဲ့ စစ်သားဟောင်းတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့အတွက် မလုံခြုံဘူး။ နယ်စပ်မှာ နည်းနည်း ပိုလုံခြုံတယ်။ ဒါပေမယ့် ကျနော်တို့မှာအခက်အခဲတွေရှိလို့ ဘဝသစ် စတင်ချင်တယ်” ဟုသူပြောသည်။
သြစတြေးလျတွင် မိသားစုနှင့်အတူ အခြေချပြီးဖြစ်သော သူ၏အမည်ကို ထုတ်ဖေါ် မပြောလိုသူ အခြားစစ်သားတဦးကလည်း ထိုင်းနိုင်ငံသို့ သူထွက်ပြေးလာပြီးသည့်တိုင် အသက်အန္တရာယ်ရှိနေကြောင်း ပြောသည်။
စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ပြီးနောက် မြန်မာစစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်အတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် လူပေါင်း ၇ သိန်းကျော်ကို နိုင်ငံမှ ထွက်ပြေးစေခြင်းအပါအဝင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာမွတ်ဆလင်များကို ဖြိုခွဲမှုများကို ကျူးလွန်စဉ်က လူမျိုးတုံးသတ်ဖြတ်မှုများအတွက်လည်း စစ်ကောင်စီသည် ကုလသမဂ္ဂတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

အာဏာသိမ်းပြီးနောက်ပ်ိုင်း ကျူးလွန်သည့် ယုတ်မာရိုင်းစိုင်းမှုများကြောင့် ထိတ်လန့်တုန်လှုပ်ပြီး စစ်သား ၂၅၀၀ နှင့် ရဲ ၆၀၀၀ တို့သည် စစ်အုပ်စုထံမှ ထွက်ပြေးကြောင်း မြန်မာနိုင်ငံတွင်းမှ ခုခံရေး အင်အားစုများ ပြောသည်။ အရေအတွက်အတိအကျ မသိရသူများသည် အင်အား ၃ သိန်းရှိသည်ဆိုသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ ဖြတ်ကျော်ဝင်ရောက်ကြသည်။
လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် လူသားချင်းစာနာမှု ပြန်လည်နေရာချထားရေး စည်းကမ်းချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးမည် မဟုတ်ကြောင်း သြစတြေးလျ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
“ဗီဇာလျှောက်ထားမှု တခုခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံအခြေအနေအပေါ် ကျယ်ပြန့်သော သတင်းအချက်အလက်အရ တဦးချင်းအပေါ် အခြေခံစဉ်းစားသည်” ဟု ထိုကြေညာချက်က ဖေါ်ပြသည်။
“လျှောက်ထားသူ တဦးချင်းစီသည် ဗီဇာရရှိရေးအတွက် သက်ဆိုင်ရာ အများပြည်သူအကျိုးစီးပွားဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ ပြည့်မီရန် လိုသည်” ဟုလည်း ဆက်လက်ဖေါ်ပြသည်။
မြန်မာ့အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက စစ်တပ်မှ ထွက်ပြေးလာသူများကို သြစတြေးလျ အစိုးရက လက်ခံခဲ့သည်ကို သူသတိထားမိကြောင်း၊ အနောက်နိုင်ငံများ၏ ထိုသို့သော ဆောင်ရွက်ချက်များသည် စစ်ကောင်စီကို အင်အားချည့်နဲ့စေနိုင်သည်ဟု ယုံကြည်ကြောင်း the Herald နှင့် the Age သတင်းစာများသို့ ပြောသည်။
“ သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန် အစိုးရတွေအနေနဲ့ စစ်တပ်က ထွက်ပြေးလာသူတွေကို အကူအညီ ပေးဖို့ တောင်းဆိုရမယ်လို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ကျနော့်ကိုပြောတယ်” ဟု သူဆက်ပြောသည်။ သူ၏ကွယ်လွန်သူ ဖခင်သည် ဖြုတ်ချခံ အရပ်သားအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သည့် ခေါင်းဆောင်တဦးဖြစ်သည်။
“န်ိုင်ငံတကာ အသိုက်အဝန်းနဲ့ အစိုးရတွေက စစ်တပ်က ထွက်ပြေးလာသူတွေကို အကာအကွယ်ပေးနိုင်မှသာ စစ်တပ်ပြိုကွဲမှုဟာ အရှိန်အဟုန် ရလာမှာဖြစ်တယ်” ဟုလည်း သူပြောသည်။
“သြစတြေးလျကို မရောက်ခင်က ခုခံရေးအင်အားစုတွေမှာ ပါဝင်ခဲ့ပြီး ထိုင်းကနေ သြစတြေးလျကို ရောက်လာတဲ့ တပ်က ထွက်ပြေးလာသူနှစ်ဦးကို ကျနော်သိပါတယ်” ဟု သူဆက်ပြောသည်။
လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး NUG နှင့် အဆက်အသွယ်ရှိသော စစ်သားဟောင်းများ အဖွဲ့ဖြစ်သည့် ပြည်သူ့ရင်ခွင်အဖွဲ့သည် ဘက်ပြောင်းလာသူများ၏ နောက်ခံအကြောင်းများကို စစ်ဆေးရာတွင် အရေးကြီးကြောင်းပြောသည်။
လွတ်လပ်သော မြန်မာ့ရေးရာ ထိပ်တန်းသုတေသီ ဒေးဗစ်မက်သီဆန်က စစ်တပ်အပေါ် သက်ရောက်မှုကို တိုင်းတာရာတွင် တပ်မှ ထွက်ပြေးခြင်းနှင့် ဘက်ကူးပြောင်းလာခြင်းအကြား ခွဲခြားသိမြင်ရန် အရေးကြီးသည်ဟု ယူဆသည်။
“ဒါပေမယ့် ကျနော်တို့က စစ်တပ်ရဲ့အင်အား၊ အရွယ်အစား၊ ထိခိုက်သေဆုံးမှုနဲ့ တပ်က စွန့်ခွာထွက်ပြေးမှု တွေကို အတိအကျ မသိရဘဲ လုပ်နေရတယ်။ ဒါတွေက ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာ သေချာပေါက် ဘယ်သူမှ မပြောနိုင်ဘူး” ဟုလည်း သူပြောသည်။
“တပ်က ထွက်ပြေးတာကို နားမလည်နိုင်ရင် စစ်အုပ်စုပြိုကွဲမှာကို ပြောဖို့ စောပါသေးတယ်” ဟုလည်း သူပြောသည်။
အာဏာသိမ်းမှုနောက်ပ်ိုင်းတွင် နိုင်ငံရေးအရ နိုင်ငံမှ ထွက်ပြေးလာသူ သို့မဟုတ် တက်ကြွလှုပ်ရှားသူ မည်မျှကို သြစတြေးလျတွင် လက်ခံထားသည်ကို ပြည်ထဲရေးဌာနက ပြောကြားခြင်း မရှိသော်လည်း အစိုးရ စာရင်းများအရ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာမှ လူ ၅၁၃ ဦးကို နေရပ်ပြန်ရန် ခက်ခဲသောကြောင့် အကာအကွယ်ပေးသော ဗီဇာများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဘက်ပြောင်းလာသော စစ်တပ်ဖွဲ့ဝင်များကို သြစတြေးလျက အကာအကွယ် ဗီဇာများ ထုတ်ပေးသည်မှာ သတင်းကောင်းဖြစ်သော်လည်း ထိုအစီအစဉ်ကို မြန်မာ ဒုက္ခသည်များ လက်ခံရေး တိုးချဲ့ဆောင်ရွက်ရန် လိုကြောင်း မက်သီဆန် ပြောသည်။
“ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေအတွက်သာမက ပြည်ဝင်ခွင့်ပေးရေးမှာ လျစ်လျူရှုခံနေရတဲ့ ပြည်တွင်းစစ်ရဲ့ သားကောင် တိုင်းရင်းသားတွေ၊ တနိုင်ငံလုံးက အိမ်မှာနေပြီး ဗုံးကြဲတိုက်ခိုက်ခံရသူတွေကိုလည်း အကာအကွယ်ပေးသင့်တယ်” ဟု သူပြောသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှုအား တုံ့ပြန်သည့် ပုံစံနှင့်မတူဘဲ သြစတြေးလျ အစိုးရသည် မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့ရာတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းခြင်း မရှိပေ။
ထိုသို့အရေးယူရန် စိတ်အားထက်သန်မှုမရှိခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ရှောင်တာနဲလ်ကို လွန်ခဲ့သော တနှစ်က စတင်ပြီး စစ်ကောင်စီက ဖမ်းဆီးထားခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ သူသည် သူ့ကိုထောက်ခံသူများနှင့် နိုင်ငံတကာအသိုက်အဝန်းက မမျှတဟု ယူဆသည့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖေါက်သည်ဟု စွဲချက်တင်ခံထားရသည်။
ကိုးကား။. ။ The Sydney Morning Herald မှ Australia issues protection visas to Myanmar military defectors
You may also like these stories:
မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်
PDF တွေ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်ထားဟု ဦးရည်မွန် ပြော
နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား
ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ