သတင်း

မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသများမှ ပြည်သူများ ရွှေ့ပြောင်းမှု ပြုလုပ်

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး ယနေ့ညပိုင်းတွင် မြစ်ဝ ကျွန်းပေါ် ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်နိုင်သည့်အတွက် ဧရာဝတီတိုင်းရှိ မုန်တိုင်း အန္တရာယ် ကျရောက်နိုင် သည့် ဒေသများမှ ပြည်သူများ ရွှေ့ပြောင်းနေကြပြီဖြစ်သည်။

လက်ရှိတွင် မုန်တိုင်းအန္တရာယ်ရှိသည့် ဧရာဝတီတိုင်းအတွင်းတွင် အရေးပေါ် အခြေအနေအတွက် လူ ၅၀၀ ခိုလှုံနိုင် သော မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelters) များသို့ သွားရောက်ရန် သတိပေးနေပြီး၊ ငါးဖမ်း စက်လှေများလည်း ကမ်းသို့ ပြန်ကပ်နေသလို လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ NGO အဖွဲ့များ၊ မီးသတ်များကလည်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တဦးက “မုန်တိုင်း ဝင်မှာတော့ သိကြတယ်။ ရွာဘက်တွေတော့ မီးသတ်တွေ ဘာတွေ ဆင်းသွားတယ်။ တချို့ ကမ်းခြေပိုင်းက လူတွေတော့ ရွှေ့တာပြောင်းတာ လုပ်ပြီး မြို့ပေါ် တက်လာကြတယ်။ ကျနော်တို့လည်း အဆင်သင့်တော့ ပြင်ထားပေမယ့် လူကယ်ပြန်တို့ဘာတို့က ချိတ်မှ သွားလို့ရမှာ။ သူတို့ဘက်ကတော့ အခုက ပြင်ဆင်မှု အားနည်းတယ်လို့ ပြောလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တလျောက်သို့ရွှေ့လျားပြီး ၁၂ နာရီ အတွင်း ဆိုက်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးဇလက ယနေ့ ထုတ်ပြန် ထားသည်။ ယနေ့ ညနေပိုင်းတွင် ကိုကိုးကျွန်းအနီးသို့လည်းကောင်း မတ် ၂၂ ရက် နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ် ၂၃ ရက်တွင် ရခိုင်ကမ်းရိုးတန်း သံတွဲမြို့အနီး ဖြတ်ကျော် ဝင်ရောက်နိုင် သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

မုန်တိုင်းသည် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသများ ဖြစ်သည့် လပ္ပတ္တာ၊ ပြင်စလူတို့ကို ဦးတည်ပြီး ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်မည်ဆိုပါက ဧရာဝတီတိုင်း တောင်ပိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအချို့တွင် လေပြင်း တိုက် ခတ်ခြင်း၊ မိုးကြီးခြင်းများကို ယနေ့ညမှာ စတင် ကြုံတွေ့နိုင်ကြောင်း မိုးလေဝသပညာရပ်ကို လေ့လာသူများက ဧရာဝတီသို့ ပြောသည်။

လေပြင်း တိုက်ခတ်ချိန်မှာ တနာရီ မိုင် ၄၀ မှ ၅၀ အထိ ရှိနိုင်ပြီး မိုးသည်းထန်နိုင်ခြင်း၊ သစ်ပင်၊ ဓာတ်တိုင်ပြိုလဲခြင်း များလည်း ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။

မုန်တိုင်းဝင်ရောက်ချိန် ပင်လယ်ရေမျက်နှာပြင် မုန်တိုင်းဒီရေမှာ ၁၀ ပေမှ ၁၂ ပေအထိ တက်နိုင်ပြီး ဧရာဝတီမြစ်ဝ ကျွန်း ပေါ်ဒေသတခုလုံး၊ ရခိုင်ကမ်းရိုးတန်း ဒေသတခုလုံးနှင့် တနင်္သာရီတိုင်း ကမ်းရိုးတန်း မြောက်ပိုင်း ထားဝယ်မြို့မှ စတင်ပြီး မုတ္တကွေ့ နေရာများအထိ လေတိုက်နှုန်းမှာ တနာရီ မိုင်၅၀ မှ ၅၅ မိုင်အထိ လေပြင်း တိုက်ခတ်ခံရနိုင် ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် လက်ရှိတွင် လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ရခိုင်ကမ်းရိုးတန်း ဒေသများဖြစ်သော ငပလီ ကမ်း ခြေ၊ သံတွဲဒေသများတို့တွင် မုန်တိုင်း အန္တရာယ်အတွက် အသက်ကယ်အင်္ကျီများ၊ လှေများ၊ ဘောကွင်းများ၊ ရှေးဦး ပြုစုနည်းများ၊ Cyclone shelters များ အစရှိသဖြင့် ပြင်ဆင်ဆောင်ရွက်နေကြပြီး တချို့သော သူများက မြို့ပေါ်များသို့ ပြောင်းရွှေ့ခြင်း၊ ငါးဖမ်း စက်လှေများ မုန်တိုင်းရှောင်ခြင်း တို့ကို ပြုလုပ်နေကြပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရ သည်။

ဖျာပုံ ဒေသခံ တဦးက “ကျနော်တို့ ဆိုက်ကလုန်း ရှဲလ်တာ ရှိတဲ့ ရွာတွေ ကပျက်တို့ ဗန်ဒါပင်ရွာတို့မှာတော့ နွေဘက် မှာတော့ လေ့ကျင့်တာတွေ လုပ်တယ်။ ဖျာပုံခရိုင်ထဲမှာဆိုရင် Cyclone shelters ၄၃ လုံး အထိ ဆောက်ထားတယ် လို့တော့ သိရတယ်။ အခုကတော့ မိုးအုံ့ပြီး လေငြိမ်နေတယ်။ မနက်ကတော့ မိုးဖွဲဖွဲ ရွာတယ်။ မနေ့ကဆိုရင် ကျေးရွာ တွေမှာ အသံချဲ့စက်နဲ့ ကြေညာ သတိပေးတာတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပင်လယ်ကမ်းစပ်အနီး လေပြင်းတိုက်ခတ်မှုများ၊ လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ငပလီ ဒေသခံ ကိုသက်က “မုန်တိုင်းကတော့ ကျနော်တို့ သံတွဲ ဒေသမှာဆိုရင် ငပလီကမ်းခြေက အန္တရာယ် ရှိတယ်။ ဘင်္ဂလားဒေ့ရှ် ပင်လယ်ဝနဲ့ နီးတော့ အခု ဒီမှာတော့ နာရေး ကူညီမှုအသင်းတွေရော၊ ဌာနဆိုင်ရာတွေရော၊ အရေးပေါ် လူနာတင်ယာဉ်တွေရော လုပ်နေပါတယ်။ ပင်လယ်နားမှာနေတဲ့ ကျော့ပိုက်သမားတွေရဲ့ တဲတွေတော့ ပြောင်း ရွှေ့သွားပြီ။ အရေးပေါ် ယာယီ တဲလေးတွေနဲ့ တောင်ကုန်းတွေပေါ်မှာ ဆောက်ပေးထားတယ်။ ဂျိတ်တောတို့ မြေပြင်တို့ လင်းသာတို့ ဆင်ခေါင်းတို့ စတဲ့ ကျေးရွာတွေပေါ့။ ကျနော်တို့ဆီမှာက လူမှုရေး အဖွဲ့တွေ အားကောင်းတော့ ကိုယ်ထူ ကိုယ်ထ လုပ်တာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခု ရက်သတ္တပတ်အတွင်း မတ်လ ၂၀ ရက်မှ လေပွေလှိုင်းတခုသည် မုန်တိုင်းငယ် အဆင့်ထိ အားကောင်းလာ နိုင်ပြီး မတ်လ ၂၂ ရက်တွင် အခြေပြောင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာကာ မတ်လ ၂၃ ရက်တွင် ရခိုင်ကမ်းရိုး တန်း မြောက်ပိုင်းသို့ ဖြတ်ကျော်မည်ဟု ခန့်မှန်းရကြောင်း NUG အစိုးရ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိ ပေးထားသည်။

ထို့ပြင် မတ်လ၂၂ ရက်တွင် ဧရာဝတီတိုင်းနှင့်၂၃ ရက်တွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေများတွင် မုန်တိုင်း ဒီရေ ၆ ပေခန့်အထိ မြင့်တက်နိုင်သည်ကို သတိပြုသင့်ပြီး မုန်တိုင်းကြောင့် တနိုင်ငံလုံးနီးပါး မိုးရွာနိုင်ကြောင်း၊ ရေကြီး ခြင်းနှင့် မုန်တိုင်းကာလအတွင်း ပြင်ဆင်ရမည့် အရေးပေါ် အခြေအနေ ခန့်မှန်းချက်များ လူမှုကွန်ယက်က တဆင့် ရေးသားဖော်ပြနေကြသည်။

You may also like these stories:

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်အပတ်အတွင်း ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်

Loading