မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒင်အစိုးရက တရားဝင် ဆုံးဖြတ်လိုက်သည်။
ယင်းသည် အာဏာသိမ်း မြန်မာစစ်ကောင်စီကို အရေးယူရန် အားထုတ်မှုများအား အထောက်အကူ ဖြစ်နိုင်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် ထိုဆုံးဖြတ်ချက်ကို ဝါရှင်တန်ရှိ အမေရိကန် လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ ပြတိုက်တွင် တနင်္လာနေ့တွင် ကြေညာသည်။ ထိုပြတိုက်သည် လတ်တလောတွင် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ပတ်သက်သည့် ပြပွဲတခု ကျင်းပနေသည်။
မြန်မာစစ်အုပ်စုသည် ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးတခုတွင် အဓိကအားဖြင့် ရိုဟင်ဂျာများ ပါဝင်သည့် လူအနည်းဆုံး ၇၃၀,၀၀၀ ကို နေအိမ်များကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာသူများက ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် သတ်ဖြတ်မှုများ၊ အုပ်စုဖွဲ့ မုဒိန်းပြုကျင့်မှုများနှင့် မီးရှို့မှုများအကြောင်း ဘင်္ဂလားဒေ့ရှ် ရောက်သောအခါ ပြန်ပြောပြခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်အုပ်စုသည် အာဏာသိမ်းခဲ့သည်။
အမေရိကန် အရာရှိများနှင့် ပြင်ပ ဥပဒေလုပ်ငန်းတခုတို့သည် ထိုရက်စက်ကြမ်းကြုတ်မှုများ၏ ပြင်းထန်မှုများကို စောလျင်စွာ အသိအမှတ်ပြုရန် အထောက်အထား ရှာဖွေခဲ့သော်လည်း ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ထိုဆုံးဖြတ်ချက်ကို ချမှတ်ရန် ငြင်းဆန်ခဲ့သည်။
မစ္စတာ ဘလင်ကန်က ထိုကိစ္စအတွက် အချက်အလက်နှင့် ဥပဒေကြောင်း လေ့လာမှုတခု သီးခြားပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများက Reuters သတင်းဌာနသို့ ပြောသည်။ ထိုသရုပ်ခွဲလေ့လာမှုက မြန်မာစစ်အုပ်စုသည့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း ကောက်ချက်ချပြီး တရားဝင်ဆုံးဖြတ်ချက် ချခြင်းသည် စစ်ကောင်စီအပေါ် နိုင်ငံတကာဖိအား တိုးလာစေမည်ဟု ဝါရှင်တန်က ယုံကြည်သည်။
“ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ရေးလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သည့် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့အားဦးဆောင်ခဲ့သည့် စစ်ဗိုလ်ချုပ်ကိုယ်တိုင်သည် အခြားသော လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပေါ်တွင်လည်း အကြမ်းဖက်နှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြသူများ ဖြစ်ပါသည်။
၎င်းတို့သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာကို သိမ်းယူခဲ့သူများလည်းဖြစ်သည်။ အဆိုပါ အာဏာသိမ်းမှုမှစ၍ မြန်မာစစ်တပ်သည် အလားတူ နည်းပရိယာယ်များကို အသုံးပြုလာသည်ကို မိမိတို့ တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။ ယခုအခါတွင်မူ စစ်တပ်သည် မြန်မာနိုင်ငံတွင် ၎င်း၏ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုကို ဆန့်ကျင်သည်၊ ပျက်ပြားစေသည်ဟု ယူဆသော မည်သူကိုမဆို ပစ်မှတ်ထားလာခြင်းဖြစ်သည်”ဟု မစ္စတာ ဘလင်ကန်က ထုတ်ပြန်ပြောဆိုသည်။
မြန်မာစစ်အုပ်စုက မြန်မာတွင် နိုင်ငံသားဖြစ်ခွင့်မရသော ရိုဟင်ဂျာတို့ကို လူမျိုးတုံး သတ်ဖြတ်သည့်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုပြီး ၎င်းတို့သည် ၂၀၁၇ ခုနှစ်က အကြမ်းဖက်သမားများကို စစ်ဆင်ရေးလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်းပြောသည်။
စစ်အုပ်စု၏ စစ်ဆင်ရေးတွင် လူမျိုးတုံးသတ်ဖြတ်သည့် လုပ်ရပ်များပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ခဲ့သော်လည်း ဝါရှင်တန်က ထိုရက်စက်ကြမ်းကြုတ်မှုများကို လူမျိုးစု သုတ်သင်မှုအဖြစ်သာ သတ်မှတ်ခဲ့သည်။ ထို အသုံးအနှုန်းသည် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေအရ ဖွင့်ဆိုထားခြင်း မရှိသော ဝေါဟာရဖြစ်သည်။
“ဒါက အဲဒီတုန်းက ဖြစ်ခဲ့တာတွေရဲ့ လေးနက်ပြင်းထန်မှုကို အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြုကြောင်း ကမ္ဘာကို၊ အထူးသဖြင့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းက ရက်စက်ကြမ်းကြုတ်မှု ခံစားရသူတွေနဲ့ ရှင်ကျန် လွတ်မြောက်လာသူတွေကို ပိုမိုကျယ်ပြန့်စွာ အသိပေးလိုက်တာ ဖြစ်တယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင်မြင့်အရာရှိတဦးက ပြောသည်။
လူမျိုးတုံးသတ်ဖြတ်သည်ဟု ဆုံးဖြတ်ခြင်းကြောင့် အရေးယူမှုများ အလိုအလျာက် ဆက်လက်ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော အသုံးအနှုန်းကို ၆ ကြိမ်သာ သုံးခဲ့သည်။ ဘော့စနီးယား၊ ရဝမ်ဒါ၊ အီရတ်၊ ဒါဖာ၊ ယာဇီဒီနှင့် အခြားလူနည်းစုများကို အစ္စလမ်မစ်နိုင်ငံအဖွဲ့ တိုက်ခိုက်မှုနှင့် မကြာသေးမီက တရုတ်နိုင်ငံက ဝီဂါနှင့် အခြားမွတ်ဆလင် လူနည်းစုများကို ထိတွေ့ဆက်ဆံမှု အတွက်သာ လူမျိုးတုံးသတ်ဖြတ်မှု ဝေါဟာရကို သုံးခဲ့သည်။ တရုတ်နိုင်ငံက ထိုစွပ်စွဲချက်ကို ငြင်းဆိုသည်။
မစ္စတာ ဘလင်ကန်က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အတွက် နောက်ထပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁ သန်း ပေးရန်ကိုလည်း ကြေညာမည်ဖြစ်သည်။ IIMM သည် အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် အထောက်အထားများကို စုဆောင်းနေသည့် ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်သည်။
မစ္စတာ ဘိုင်ဒင် သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟုဆိုကာ စစ်ကောင်စီက အာဏာသိမ်းခြင်းဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့များကမူ ကြီးမားသော မဲမသမာဖြစ်သည့် အထောက်အထား မတွေ့ကြောင်း ပြောသည်။
စစ်ကောင်စီတပ်များက အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အုံကြွမှုအား ဖြိုခွဲပြီး လူပေါင်း ၁,၆၀၀ ကျော်ကို သတ်ဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အရပ်သားခေါင်းဆောင်များ အပါအဝင် လူပေါင်း ၁ သောင်းကျော်ကို ဖမ်းဆီးထားသောကြောင့် နိုင်ငံအတွင်း ပုန်ကန်မှုများ ဖြစ်စေကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောသည်။
စစ်ကောင်စီကမူ ထိုအဖွဲ့၏ စာရင်းများသည် ချဲ့ကားထားပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် ပဋိပက္ခများအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း သေဆုံးကြောင်း ပြောသည်။ သို့သော် စစ်ကောင်စီက ၎င်းတို့၏ သီးခြားစာရင်းကို ပြောကြားခြင်း မပြုပေ။
စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်တိုင်း မဟာမိတ်များက စစ်ကောင်စီနှင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို အရေးယူ ပိတ်ဆို့သော်လည်း စစ်ကောင်စီသည် ရုရှားနှင့် တရုတ်ထံမှ စစ်ရေးနှင့် သံတမန်ရေး အကူအညီများ ရနေသောကြောင့် အရပ်သားအုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းရန် ဗိုလ်ချုပ်များကို ဖိအားပေးနိုင်ခြင်း မရှိပေ။
လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် မစ္စတာ ဘလင်ကန်က သတ်မှတ်ခြင်းသည် အဓိကအားဖြင့် လွန်ခဲ့သောနှစ် အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်က ဖြစ်ရပ်များကိုသာ ရည်ညွှန်းသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးမှုများက ထိုဆုံးဖြတ်ချက် မချနိုင်ဘဲဖြစ်နေပြီးနောက် ယခုအခါမှသာ ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုစဉ်က စုံစမ်းစစ်ဆေးမှုများသည် နောင်တွင် အာဏာသိမ်းမည့် မြန်မာဗိုလ်ချုပ်များသို့ ပြတ်သားသော သတင်းစကားပေးရန် အခွင့်အလမ်း ဆုံးရှုံးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်းများက ပြောသည်။
လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုက ပြတ်ပြတ်သားသား ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် စွဲဆိုထားသည့် အမှုအတွက် ဗိုလ်ချုပ်များကို အရေးယူရန် အားထုတ်မှုကို အထောက်အကူ ပြုနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။
နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာကို ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်မှုများအတွက် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲထားသည်။
မြန်မာက ထိုလူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ပယ်ချပြီး အမှုကို ပယ်ချရန် တရားရုံးသို့ တိုက်တွန်းထားသည်။ ဂမ်ဘီယာသည် အခြားနိုင်ငံများ၏ အသုံးချခံအဖြစ် ဆောင်ရွက်နေပြီး အမှုကို စွဲဆိုခွင့် ဥပဒေကြောင်းအရ မရှိကြောင်းပြောသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မှ သီးခြားတရားရုံးဖြစ်သော နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို မောင်းထုတ်သည့် အမှုကိုလည်း စုံစမ်းစစ်ဆေးနေပြီး ဂျနီဗာမှ IIMM သည် နောင်လာမည့် အမှုများတွင် သုံးရန် အထောက်အထားများကို စုဆောင်းနေသည်။
မြန်မာက ထိုစုံစမ်းစစ်ဆေးမှုကို ဆန့်ကျင်ပြီး ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကာ ICC တွင် အမှုကို စီရင်ပိုင်ခွင့် မရှိကြောင်း၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ချက်သည် ပြဿနာအတွက် ဥပဒေကြောင်းအရ ဆွေးနွေးမှုများနှင့် မသက်ဆိုင်သည့် ပုဂ္ဂလိက ထိခိုက်နစ်နာမှု ဇာတ်လမ်းများက လွှမ်းမိုးခံရသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။
မြန်မာစစ်အုပ်စုသည် မြန်မာမှ ရိုဟင်ဂျာဖြစ်စေ အခြားလူမျိုးစုဖြစ်စေအပေါ် ၎င်းတို့ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှု များအတွက် အကျိုးဆက်များကို မခံရသလောက်ပင် ဖြစ်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ အာရှဆိုင်ရာ ဒါရိုက်တာ ဂျွန်ဆစ်ဖတွန်က ပြောသည်။
စစ်ကောင်စီအပေါ် နောက်ထပ် စီးပွားရေး အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းအပြင် အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတွက်လည်း ဖိအားပေးသင့်ကြောင်း ဆစ်ဖတွန်က ပြောသည်။ ဆုံးဖြတ်ချက်ကို ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာဖြင့် ပယ်ချပါက ထိုအရေးယူမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြုလုပ်သင့်ကြောင်းလည်း သူကပြောသည်။
“မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချခြင်းကို ခိုင်မာတဲ့ အရေးယူမှုတွေနဲ့ ပူးတွဲလုပ်ဆောင်သင့်တယ်” ဟု သူက ပြောသည်။
အထက်ပါ ဆုံးဖြတ်ချက်ကို မစ္စတာ ဘလင်ကန် မချမှတ်မီက ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် မြန်မာစစ်တပ် ကိုသာမက မြန်မာအစိုးရကိုပါ အပြစ်တင်ခြင်းသည် ဖြုတ်ချခံ ဒီမိုကရေစီအင်အားစုများကို ထောက်ခံရန် အမေရိကန်၏ အားထုတ်မှုများကို ထိခိုက်စေခြင်း ရှိ၊ မရှိ အမေရိကန် အရာရှိများ ဆွေးနွေးခဲ့သည်ဟု ထိုကိစ္စကို သိသော သတင်းရင်းမြစ်များက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုကိုသာ အပြစ်တင်ရန် ဆုံးဖြတ်ခဲ့သည်။
“ရခိုင်ပြည်နယ်မှာ ဒီဖြစ်ရပ်တွေ ဖြစ်တဲ့အချိန်မှာ အရပ်သားအစိုးရက စစ်တပ်အပေါ် ထိန်းချုပ်မှု ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က ဒီနေရာမှာ အဆုံးသတ်သွားတယ်” ဟု ထိုအမေရိကန်အရာရှိက ပြောသော်လည်း ဌာနတွင်း ဆွေးနွေးမှုများကို ဝေဖန်ပြောကြားခြင်း မရှိပေ။
ဗိုလ်ချုပ်များနှင့် အာဏာခွဲဝေယူရသော ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုကို ခုခံချေပရန် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ တရားရုံးသို့ သွားရောက်ခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ကြောင်း တွေ့ရှိရသည့် မည်သည့် စစ်သားကိုမဆို မြန်မာနိုင်ငံက အရေးယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီး ထိုကျူးလွန်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု အဆင့်အထိ မရောက်ကြောင်း ပြောဆိုခဲ့သည်။ ထိုသို့စွပ်စွဲရန် အုပ်စုတခုလုံးကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ကို သက်သေပြရမည်ဖြစ်သည်။
စစ်အာဏာ သိမ်းလိုက်အသောအခါ ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နှစ်ပေါင်း ၁၀၀ ခန့် ကျနိုင်သည့် အမှုပေါင်း တဒါဇင်ခန့်ဖြင့် တရားစွဲဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ကိုးကား။ ။ Reuters သတင်း Biden administration determines Myanmar army committed genocide against Rohingya
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်
ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်
ဒီနိုင်ငံတော် ရာဇဝတ်ကောင်တွေက ကျေးဇူးမသိတတ်ဘူး
OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော
ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား