အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန်၊ ASEAN အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဘက်များက မြန်မာပြည်သူများ လွန်စွာ လိုအပ်နေသည့် လူသားချင်း စာနာမှုအကူအညီများပေးနိုင်ရေးအတွက် လမ်းဖွင့်ပေးရန် ကမ္ဘောဒီးယားနှင့် ဂျပန်ဝန်ကြီးချုပ်များက စစ်ကောင်စီကို တိုက်တွန်းခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်ကိုလိုက်နာရန်တောင်းဆိုမှုကို ကမ္ဘောဒီးယားနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သွားရောက်စဉ် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးနှင့် စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရေးအတွက် ကမ္ဘောဒီးယားသို့ သွားရောက်ခြင်းဖြစ်ပြီး မြန်မာနှင့် ယူကရိန်အကျပ်အတည်းများကိုလည်း အဓိကဆွေးနွေးခဲ့သည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက အာဏာသိမ်းပြီးချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် လူမှုစီးပွားအခြေအနေများ ဖရိုဖရဲဖြစ်နေသည်။ လွန်ခဲ့သော ဧပြီလက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတွင် အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေး အပါအဝင် အကျပ်အတည်း အဆုံးသတ်ရေးတွက် ဘုံသဘောတူညီချက် ၅ ချက်ကို ASEAN ခေါင်းဆောင်များနှင့် သဘောတူခဲ့သည်။ စစ်ကောင်စီသည် ထိုဘုံသဘောတူညီချက် ၅ ချက်ကို ယခုတိုင်လေးစားလိုက်နာခြင်း မရှိသေးပေ။
သူနှင့် ဂျပန် ဝန်ကြီးချုပ်တို့သည် မြန်မာအကျပ်အတည်းကို အလေးအနက် ဆွေးနွေးကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာနိုင်ငံမှ အခြေအနေများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ASEAN ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ သက်ဆိုင်သူအားလုံး အနေဖြင့် အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းပြီး အကျပ်အတည်းအတွက် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းစွာ အဖြေရှာရန် ဆွေးနွေးပွဲများစတင်ရန်တောင်းဆိုကြသည်။ ဖမ်းဆီးထားသည့် နိုင်ငံရေးသမားအားလုံးကို လွှတ်ပေးရန်လည်း ၎င်းတို့တောင်းဆိုသည်။
“နေပြည်တော် အာဏာပ်ိုင်တွေဟာ ASEAN ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံးလိုက်နာပြီး လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးရေး အဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့ သဘောတူတယ်။ တချိန်တည်းမှာပဲ အကျပ်အတည်းကို သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး အရေးပါကြောင်း ကျနော်တို့ ထပ်လောင်းပြောကြားတယ်” ဟု ဟွန်ဆန်ပြောသည်။
ကမ္ဘောဒီးယားသည် အတိုက်အခံများကို ထောင်ချထားသောကြောင့် စစ်ကောင်စီ ခေါင်းဆောင်များက ကမ္ဘောဒီးယားကို ယုံကြည်ကြောင်း တနည်းအားဖြင့် ပြောရပါက တလှေတည်းစီး တခရီးတည်းသွားနေသူများဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် တက္ကသိုလ် Thunderbird School of Global Management မှ တွဲဘက်ကျောင်းအုပ် တွဲဘက်ပါမောက္ခ ဆိုဖယ် အီးယား ပြောသည်။
“သေချာတာကတော့ မြန်မာက ကမ္ဘောဒီးယားလိုမျိုး ဆက်ဆံခံချင်တယ်။ ကမ္ဘောဒီးယားက လုပ်ချင်တာလုပ်ခွင့် ရပေမယ့် အပြစ်ဒဏ်ခတ် မခံရဘူး။ မြန်မာကို ကန့်ကွက်တဲ့ တခြား ASEAN နိုင်ငံတွေကလည်း သူတို့ကိုယ်တိုင် မလုပ်ချင်တာကို ကမ္ဘောဒီးယားကို ခိုင်းနေကြတာ။ မြန်မာကို သတင်းစကားပေးဖို့ ကမ္ဘောဒီးယားကို သူတို့ အသုံးချနိုင်တယ်” ဟု ကမ္ဘောဒီးယား အမေရိကန် ကပြား ဆိုဖယ်အီးယားပြောသည်။
“ကမ္ဘောဒီးယားက ဆက်သားပေါ့။ ဒါပေမယ့် ASEAN ကပေးတဲ့သတင်းစကားဟန်ဆောင်ပြီး သတင်းစကား အတုတော့မပေးသင့်ဘူး။ ASEAN ကို ကိုယ်စားပြုသလိုမျိုး ဟန်မဆောင်သင့်ဘူး။ ကမ္ဘောဒီးယားရဲ့အမြင်ဟာ ကမ္ဘောဒီးယားရဲ့အမြင်ပဲဖြစ်ပြီး ASEAN ကို ကိုယ်စားမပြုဘူး” ဟုလည်း သူဆက်ပြောသည်။
တနင်္လာနေ့တွင် ASEAN အထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းသည် မြန်မာသို့ ASEAN အထူးကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့ ရောက်လာသည်။
ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများမှာ ကမ္ဘောဒီးယား စက်မှု၊ သိပ္ပံ၊ နည်ပညာနှင့်တီထွင်ဆန်းသစ်မှု ဝန်ကြီး ချမ် ပရာဆစ်ဒ် အပါအဝင် ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိများနှင့် ASEAN သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းရေးစင်တာ (AHA) ဝန်ထမ်းများလည်း ပါဝင်သည်။
ပရက်ဆိုခွန်းသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာတွင် ၃ ရက်နေမည်ဖြစ်သည်။
You may also like these stories :
စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးတဲ့လား
အာဆီယံအထူးကိုယ်စားလှယ်နှင့် PPST တွေ့မည့် အစီအစဉ်ပျက်
ဂျပန်အထူးကိုယ်စားလှယ်၏ စည်းရုံးမှု အလုပ်ဖြစ်မလား
မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်
ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ