ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီမှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ပါတီတွင် ဆက်လက် တာဝန် ထမ်းဆောင်လိုစိတ် ရှိမရှိနှင့် ပတ်သက်၍ မတ် ၁၅ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ကြားရန် အသိပေးစာ ထုတ်ပြန် သဘောထား တောင်းခံခဲ့သော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင် အများစုက အကြောင်းပြန်ခြင်း မရှိကြောင်း သိရသည်။
ပါတီ၏ သဘောထားတောင်းခံချက်အပေါ် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသော ပါတီနိုင်ငံရေး မူဝါဒရေး ရာကော်မတီဝင် ဒေါ်အေးနုစိန်၊ ဦးဦးလှစော၊ ဦးဘရှိန်၊ ပါတီဗဟိုကော်မတီဝင် ဦးဇော်အေးမောင်တို့ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ဦးခိုင်ပြည်စိုးက “မတ် ၁၅ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ သဘောထား တောင်းခံတဲ့အခါမှာ ဆက်လက် တာဝန် ထမ်းဆောင်ဖို့ အကြောင်းပြန်သူ ရှိတယ်။ အကြောင်းမပြန်သူ ရှိတယ်။ စောစောကမေးတဲ့ လူတွေကတော့ ဘာမှ အကြောင်းမပြန်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အေးနုစိန်နှင့် ဦဇော်အေးမောင်တို့မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသလို ဦးဦးလှစောမှာလည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) တာဝန်ထမ်းဆောင်နေသော်လည်း ပါတီမှ တရားဝင် နုတ်ထွက်စာ တင်ထားခြင်း မရှိကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
ပါတီဗဟို၏ သဘောထားတောင်းခံချက်ကို အကြောင်းမပြန်သည့် ကျောက်ဖြူမြို့ခံ ဦးဘရှိန်က “ပါတီမှာက စစ်တွေဗဟိုပြု ပြီးတော့ ပါတီအာဏာ လက်ကိုင်ထားတဲ့ လူတစုက ပါတီမှာ ထင်ရာလုပ်နေကြတယ်။ ကျနော်တို့ ပါတီက ကင်းကွာတယ် လို့ ဘယ်သူက ပြောတာလဲ။ သူတို့ လုပ်ချင်ရာ လုပ်ကြပါစေဆိုပြီးတော့ ကျနော်က ကြည့်နေလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အတွင်း အင်အားကြီးပါတီတခု အနေဖြင့် ပါတီပြုပြင်တည်ဆောက်ရေးကိစ္စ အပါအဝင် ပါတီတွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် ရှိမရှိဆိုသည့် သဘောထားတောင်းခံချက်နှင့် ပတ်သက်ပြီး မတ် ၂၀ ရက်တွင် အွန်လိုင်းဖြင့် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ စစ်တမ်းကောက်ယူမှုတခု ပြုလုပ်ပြီး မှတ်တမ်းတင်ခဲ့ကြောင်း ANP ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
အဆိုပါ မှတ်တမ်းအရ ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်းမှ လက်ရှိအချိန်ထိ ပါတီနိုင်ငံရေး မူဝါဒရေးရာကော်မတီဝင် များအပြင် ပါတီမှ နုတ်ထွက်၊ ကင်းကွာ၊ သေဆုံး စသည်ဖြင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်မတီဝင် ထိပ် ပိုင်းခေါင်းဆောင် ၃၀ နီးပါး ရှိကြောင်း သိရသည်။
ဦးခိုင်ပြည်စိုးက “ကျနော်တို့ မတ် ၆ ရက် CEC အစည်းအဝေးက ဆုံးဖြတ်ပြီးသား။ ပါတီတာဝန်မှာ မထမ်းဆောင်နိုင်တော့ ဘူး။ မိမိဆန္ဒအလျောက် နုတ်ထွက်နိုင်တယ်။ ကျနော်တို့က နုတ်ထွက်ချင်ရင် နုတ်ထွက်ခွင့်ပြုတယ်။ အနှောင်အဖွဲ့ မရှိဘူး။ ဘယ်သူ ဘယ်အဖွဲ့အစည်းမှာလုပ်လုပ် ကျနော်တို့ပါတီနဲ့ လုံးဝ မပတ်သက်ကြောင်းကို ကျနော်တို့ ကြေညာချက် ထုတ်ပြီး သား။ သူတို့ဟာသူ ဆုံးဖြတ်ကြ။ ပါတီကတော့ အဲဒီအတ်ိုင်းသွားတယ်” ဟု ဆိုသည်။
ရခိုင်အမျိုသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်မတီဝင် စုစုပေါင်း ၈၉ ဦးရှိသည့်အနက် လက်ရှိ အချိန်တွင် ၅၈ ဦးသာ ဆက်သွယ် အကြောင်းကြားလာမှုရှိရာ ကျန်သည့် ပါတီအား တရားဝင်အသိမပေးဘဲ တခြားအဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်နေသူများသည် ပါတီနှင့် လုံးဝ ပတ်သက်မှု မရှိတော့ကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။
တချိန်က လူထုထောက်ခံမှု ရရှိထားသည့် ANP ပါတီသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိထားသော ပြည်နယ်အတွင်းက အင်အားကြီး ပါတီတခုဖြစ်သော်လည်း ပြည်သူအများက လက် မခံသည့် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသည့်နောက်ပိုင်း ပါတီအတွင်း သဘောထားကွဲလွဲမှု ကြီးထွားလာသလို လူထုကြားတွင်လည်း ပြစ်တင်ဝေဖန်မှုများ တိုးလာခဲ့သည်။
ထို့ပြင် ပါတီတွင်း မကြာခဏ ထိပ်ပိုင်းခေါင်းဆောင်များကြား သဘောထားကွဲခြင်း၊ ပါတီထီးရိပ်ကိုခိုပြီး ပါတီဝင်တချို့ ကိုယ်ကျိုးစီးပွားရှာခြင်း၊ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့မှုတို့ကြောင့် ရခိုင်လူထုကြား ယုံကြည်ထောက်ခံမှုများလည်း ကျဆင်းလာခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP) ကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ တွင် ပြည်နယ်အတွင်းမှ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှင့် နှစ်ပါတီ ပူးပေါင်းပြီးနောက် ANP အမည်ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ပါတီတွင်း အုပ်စုဖွဲ့အားပြိုင်မှု ပြင်းထန်ခဲ့သည့်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဘက်မှ ခေါင်းဆောင်များ ANP ပါတီမှ နုတ်ထွက်ကာ ALD ပါတီအမည်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီး ပါတီသစ်ထောင်ခဲ့ သည်။
ထို့နောက်ပိုင်းတွင်လည်း ပါတီအတွင်း ထပ်မံ၍ အကွဲအပြဲ ဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် ပါတီမှနုတ်ထွက်ကာ ၂၀၁၉ တွင် ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် ပါတီသစ်တခု ထပ်မံ ပေါ်ပေါက်ခဲ့ပြန် သည်။
You may also like these stories:
ANP ပါတီ ဆက်ရပ်တည်နိုင်ရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ
ANP ဗဟိုကော်မတီဝင်ကို AA ဖမ်းဆီး