ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင် ဝင်ရောက် ခိုလှုံနေသော ချင်းတိုင်းရင်းသား စစ်ရှောင်ရွာသား ၁၃၀၀ ကျော်ကို မတ်လ ၂၆ ရက်မှ စတင်ကာ နေရပ်ပြန်ပို့ပေးရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီက စီစဉ်နေကြောင်း သတင်း ရရှိသည်။
အဆိုပါ အမ်းမြို့ပေါ်ရှိ ပဲသဒုံ စစ်ရှောင်စခန်း၊ မြို့မ အားကစားကွင်း စစ်ရှောင်စခန်း တို့တွင် ဝင်ရောက် ခိုလှုံနေသည့် ချင်း တိုင်းရင်းသား စစ်ရှောင်ကျေးရွာသားများကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းက နေရပ်ပြန်ရန် ပြည်နယ်ကောင်စီက စာရင်းများ ကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ စာရင်း ကောက်ယူခဲ့ရာတွင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ ၁၃၈၁ ဦး နေရန်ပြန်ရန် စာရင်းပေးသည့်အတွက် ထိုသို့ ပြန်ပို့ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
ဥပဒေချုပ် ဦးလှသိန်းက “နေရပ်ပြန်ဖို့ လူဦးရေစာရင်း ကောက်ယူခဲ့တဲ့အခါ စာရင်းပေးထားတဲ့ လူတွေကို ကျနော်တို့ ဒီလ ၂၅ ၊၂၆ ရက်နေ့လောက်မှာ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို လူ/ကယ်ပြန်ဌာနနဲ့ WFP တို့က အားလုံး ပံ့ပိုး ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ချင်းတိုင်းရင်းသား စစ်ရှောင်များသည် အမ်းမြို့နယ် ဒလက်ချောင်းထဲတွင် တည်ရှိသော ညောင်ချောင်း၊ လုံံးတုံ၊ ဝင်ဝ၊ သင်္ဘောမှောက်၊ မင်္ဂလာဒုံ၊ အနောက်ရွာ၊ ဒလက်ရွာဟောင်း ကျေးရွာ စသည့် ကျေးရွာများမှ ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းက စစ်ကောင်စီတပ်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများ ဖြစ်သည်။
နေရပ်ပြန်မည့် ချင်းတိုင်းရင်းသား စစ်ရှောင်များကို ပြည်နယ်ကောင်စီမှ အိမ်ထောင်စု တခုလျှင် ငွေကျပ် ၅ သိန်း အပါ အဝင် လူ/ကယ်ပြန်ဌာနနှင့် WFP တို့မှ စားနပ်ရိက္ခာ ၃ လစာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်နယ် ကောင်စီဝင်များထံက သိရသည်။
ပဲသဒုံ စစ်ရှောင်စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ ချင်းတိုင်းရင်းသား ဦးအိစက “ကျနော်တို့ စစ်ရှောင်စခန်းမှာလည်း မနေ ချင်တော့ဘူး။ ရွာလည်း ပြန်ချင်တာပေါ့နော်။ ဒါပေမယ့် မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်တယ်။ အခုကတော့ စာရင်းပေး ထားပြီ ဆိုတော့ သူတို့ ပြန်ပို့မယ်ဆိုရင်တော့ ပြန်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက စစ်ရှောင်များ နေရပ်ပြန်မည့် ကျေးရွာအနီးဝန်း ကျင်တွင် စစ်တပ်က မိုင်းအန္တရာယ်များကို ရှင်းလင်းပေးထားပြီးဟု သိရှိထားပြီး အကယ်၍ ရွာပြန်ပြီး လုပ်ကိုင်စား သောက် ကြရာတွင်လည်း မိုင်းအန္တရာယ် ရှိနိုင်သည့် သံသယ ဖြစ်ဖွယ်ရာနေရာများ တွေ့ရှိပါကလည်း နီးစပ်ရာ တပ်စခန်းများထံ အကြောင်း ကြားနိုင်ကြောင်း ပြောဆိုသည်။
အမ်းမြို့ပေါ် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးသန်းချို့က “မပြန်တဲ့လူတွေထဲကတချို့က ကလေးတွေ ကျောင်း တက်နေတုန်းမို့ မပြန်ဖြစ်သေးတာပါမယ်။ တချို့ ကလည်း ပြန်ရင် နေစရာ အိမ် လုံးဝ မရှိတော့ဘူး။ ဟိုရောက်ရင်လည်း ဘာလုပ်လို့ လုပ်စားရမှန်း မသိတော့ဘူး။ တချို့လည်း မြို့ပေါ်ပဲ အပြီး နေတော့မယ်။ အဲဒီလို လူတွေ များတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
အဆိုပါ မြို့ပေါ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၂ ထောင်ကျော်ရှိပြီး မပြန်ဘဲ ကျန်နေခဲ့သူမှာ ၁ ထောင်နီးပါးခန့် ကျန်နေဦးမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories :
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်
ANP ပါတီ ဆက်ရပ်တည်နိုင်ရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ
ဒီးမော့ဆိုရှိ စစ်ရှောင်များ နေထိုင်ရာ လိုဘာခိုရွာအား လေယာဉ်ဖြင့် ဗုံးကြဲ