သတင်း

ကယားဌာနေ ပြည်သူ့စစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ

ကယား (ကရင်နီ) ပြည်နယ်အတွင်း အပြင်းအထန် ထိုးစစ်ဆင်နေသည့် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဌာနေ ပြည်သူ့စစ်များအား စည်းရုံးကာ ပါဝင်တိုက်ခိုင်းမှုများ ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် အချို့သော ပြည်သူ့စစ်အဖွဲ့များလည်း ပူးပေါင်း တိုက်ခိုက်လျက် ရှိနေသည့်အပြင် လမ်းပြအဖြစ် ဆောင်ရွက်ပေးနေမှုများလည်း ရှိသည့်အတွက် တုန့်ပြန်တိုက်ခိုက် သွား မည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောသည်။

KPDF တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်ကနေ KNG တဖွဲ့တော့ ဝင်တိုက်နေတယ်လို့ ကြားရတယ်။ ရန်သူဖြစ်တဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အဖွဲ့တွေကို ရန်သူလို့ပဲ သဘောထားတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို လက်တုန့်ပြန်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုမတ် တတိယပတ်အတွင်း စစ်ကောင်စီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က ဌာနေပြည်သူ့ စစ်အဖွဲ့များ ဖြစ်သည့် မော်ချီးပြည်သူ့စစ်၊ ကယန်းအမျိုးသားကာကွယ်ရေးတပ်-KNG အသွင်းပြောင်းပြည်သူ့စစ်၊ ကရင်နီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ-KNPDP အသွင်ပြောင်းပြည်သူ့စစ်၊ လွိုင်လင်လေးပြည်သူ့စစ်၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အသွင်းပြောင်းပြည်သူ့စစ်၊ ကယန်းပြည်သစ်ပါတီ အသွင်းပြောင်းပြည်သူ့စစ် အဖွဲ့ဝင်များ အား တွေ့ဆုံကာ စည်းရုံးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူထုတရပ်လုံး စစ်ကောင်စီကို ခုခံတွန်းလှန်နေချိန်တွင် ပြည်သူ့စစ်များ အနေဖြင့် စစ်ကောင်စီ အလိုကျ ပူးပေါင်းလုပ်ဆောင်နေမှုများအား ပြန်လည်စဉ်းစားရန်လိုကြောင်းနှင့် စစ်ကောင်စီသည် လူထုအပေါ် ဖိနှိပ်ကာ နှိပ်စက်လေလေ၊ လက်နက်ကိုင်သူ များလေလေသာ ဖြစ်နေမည် ဖြစ်ကြောင်းလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဘက်က ဆိုထားသည်။

အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည့် ကယားပြည်နယ်က PDF များ (ဓာတ်ပုံ – Loikaw PDF)

လတ်တလော ကယားပြည်နယ်အတွင်းနှင့် ရှမ်း-ကယားနယ်စပ် မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ကယန်းပြည်သစ်အခြေစိုက်ရာ ဆီဘူးဒေသရှိ ဆေးရုံမှ ဆရာဝန်များအား ဖိအားပေး ရွှေ့ပြောင်းခိုင်းခြင်းနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသအချို့မှ ဆေးရုံ၊ ဆေးခန်းများ ပိတ်သိမ်းရန် ဖိအားပေးလျက် ရှိကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“လက်ရှိမှာ ဆီဗူးနဲ့ လိုဘာခို နှစ်နေရာက ဆေးရုံဆေးခန်းတွေကို ပိတ်သိမ်းရွှေ့ပြောင်းဖို့ ဖိအားပေးတာတွေ လုပ်လာ တာပေါ့။ ဒီအတွက် ဒုက္ခတွေတော့ ရောက်တာပေါ့။ လူနာတွေ သယ်ဖို့၊ ကုသဖို့ ဘယ်နေရာမှာ သွားပြလို့ပြရမလဲ မသိတဲ့ အခြေအနေ ကြုံနေရတာပေါ့” ဟု ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ပြီး ကယားပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လျက်ရှိရာတွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ၊ သံချပ်ကာကားများနှင့် အတွဲလိုက်ဒုံးများသုံးကာ ပစ် ခတ်တိုက်ခိုက်လျက် ရှိသည်။

အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည့် ကယားပြည်နယ်က PDF များ (ဓာတ်ပုံ – Loikaw PDF)

ပြီးခဲ့သည့် မတ် ၉ ရက်မှ ၁၆ ရက်အထိ တပတ်တာအတွင်း စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးလည်း သေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ကယားပြည်နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရှမ်း၊ ကယား၊ နေပြည်တော်တို့မှ တပ်ရင်း ၃ ရင်းလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး ယခုကဲ့သို့ ကရင်နီ (ကယား) အတွင်းမှ တပ်ရင်းများနှင့် ပူးပေါင်းတိုက်ပွဲဝင်နေခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အား မျိုးစေ့ ချပေးနေခြင်း ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ် ၂၀ ရက်က အဆိုပါ တပ်ရင်းများနှင့် တွေ့ဆုံ စဉ် ပြောခဲ့သည်။

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ အင်အားမှာ စစ်ကောင်စီဗဟိုဌာနချုပ်ဖြစ်သည့် နေပြည်တော်အား ခြိမ်းခြောက်နိုင်သည့် အခြေအနေရှိပြီး မကြာမီ စိုးမိုးထိန်းချုပ်သိမ်းပိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်းလည်း ဦးရည်မွန်က ပြောဆိုထားသည်။

Loading