မြန်မာနိုင်ငံကို ဦးတည်ဖြတ်သန်းနေသည့် အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီတိုင်း၊ လပွတ္တာ မြို့နယ်အတွင်းရှိ လူနေအိမ်အချို့၊ ဈေးနှင့် ဘုရားတဆူတို့ ထီးတော်မြေခခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မိုးများသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခြင်း၊ ထူးကဲဒီရေတက်ခြင်းတို့ ယနေ့ မနက်ပိုင်းမှ စတင် ဖြစ်ပွားခဲ့ပြီး ၊ လပွတ္တာမြို့နယ်၊ လေးအိမ်တန်းရွာနှင့် ကျွန်းချောင်းရွာတို့တွင် နေအိမ် ၃ လုံး ပြိုကျ ပျက်စီးခြင်း၊ ငွေဇင်ယော်ကျေးရွာတွင် လူနေအိမ်၂ လုံး ပျက်စီးခြင်း၊ ရွေးနဒီ ရေပေါ်ဈေးရှိ ဆိုင်ခန်းအချို့ ပြိုကျခြင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် သစ်နီဇွဲကျေးရွာ၊ ဓမ္မသုခကျောင်းအတွင်းရှိ အောင်တော်မူစေတီ ထီးတော် မြေခခြင်းတို့ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဒေသခံ တဦးက “ရေကတော့ ပုံမှန်တက်တဲ့ထက် ၁ ပေခွဲ ၊ ၂ ပေ လောက် တက် သွားတာပေါ့၊ ရွာလမ်းတွေဘာတွေ မြှုပ်သွားတယ်။ အခုညနေပိုင်းတော့ ပြန်ကျသွားပြီ။ မိုးမရွာပေမယ့် အုံ့မှိုင်းပြီး လေကတော့ ပြင်းပြင်း တိုက်နေတယ်။ အပျက်အစီးကတော့ ရှိတယ်။ ကျနော်တို့ မြို့ပေါ်က မရှိပေမယ့် နယ်တွေမှာ ရှိတယ်။ ဘီတွတ်ကျေးရွာက လေအိမ်တန်းနဲ့ ကျွန်းကျောင်းရွာက ကွင်းထဲက အိမ် ၃ လုံးလောက် ပြိုသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေအရ နယ်ဘက်က မုန်တိုင်းရှောင်သူများက လပွတ္တာမြို့ပေါ်သို့ လူဦးရေ အနည်းငယ် ထပ်လာသော ကြောင့် မုန်တိုင်းရှောင်ဦးရေ ၁ ထောင်ကျော် ဝန်းကျင် ရှိလာကြောင်း ၎င်းက ပြောသည်။
ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Deep Depression) သည် ပုသိမ်မြို့ အနီးမှ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပြီး လက်ရှိမှာ ပုသိမ်မြို့အနီးမှ ဆက်ရွေ့လျားလျက်ရှိ နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း ယနေ့ ညနေပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မုန်တိုင်းငယ်သည် ဧရာဝတီတိုင်း ပုသိမ်မြို့အနီးမှ ဆက်လက် ရွေ့လျားနေစဉ်အတွင်း အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၄၀ ခန့်နှင့် ရန်ကုန်တိုင်းတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၃၀ ခန့်အထိ တိုက်ခတ် နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင် ကြောင်း သိရသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီ၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင် တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၆ ပေမှ ၇ ပေအထိ မြင့်တက်နိုင်သဖြင့် မုန်တိုင်းငယ်အရှိန်ကြောင့် နေရာ ကွက်၍ မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် အချို့နေရာများတွင် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အန္တရာယ်များ ရှိနိုင်ကြောင်း NUG အစိုးရ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးထားသည်။
လပွတ္တာမြို့နယ် သင်္ကန်းကုန်းကျေးရွာမှ ဒေသခံ တဦးက “ရေကတော့ မိုးတွင်း ဒီရေ တက်သလောက်ကို တက်တာ။ ကျနော်တို့ အိမ်နောက်ဖေး မီးဖိုဆောင်တောင် မြှုပ်သွားတယ်။ အခုတော့ တောင်ဘက်က လေတိုက်ပြီးတော့ ရေက တော့ ကျသွားပြီ။ ဒီဘက်ကတော့ အပျက်အစီးက အပင်တွေဘာတွေ ကျိူးတာလောက်ပဲရှိတယ်။ နာဂစ်တုန်းက ထိထားတဲ့ ရွာတွေက ဒေသခံတွေတော့ ဘုန်းကြီးကျောင်းနဲ့ Cyclone Shelters တွေမှာ သွားရှောင်နေကြတာ အပြည့် ပဲ” ဟု လက်ရှိအခြေအနေကို ပြောဆိုသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသဖြင့် ယနေ့ညနေမှ မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထား သည်။
ရခိုင်ပြည်နယ် ငပလီဒေခံတဦးက “ကျနော်တို့ဆီမှာ အခုညနေပိုင်းက မိုးအုံ့ပြီးလေကတော့ ငြိမ်နေတယ်။ မိုးတောင် ဖွဲဖွဲ ရွာသွားတာပဲရှိတယ်။ ငြိမ်နေတယ်။ မြို့က မီးသတ်တပ်ဖွဲ့တွေကတော့ ကမ်းခြေမှာ မိုက်နဲ့ မုန်တိုင်းအကြောင်း လိုက်အော်နေတာတော့ ရှိတယ်။ လူမှုကူညီရေး အသင်းတွေကတော့ ပြောင်းဖို့ ရွှေ့ဖို့ ဖြစ်လာရင်တော့ အဆင်သင့် ဖြစ်အောင် ပြင်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ မုန်တိုင်းအခြေအနေများကြောင့် ရခိုင်ပြည်နယ်ရှိ လေကြောင်းနှင့် ရေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းထားသလို ပင်လယ်နှင့် နီးသည့် ဒေသများရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
မိုးလေဝသ လေ့လာသူတချို့က ယခုမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ မရောက်တော့ပဲ အား ကောင်းသည့် မုန်တိုင်းငယ်အဖြစ်သာ ဆက်ရှိတော့မည် ဖြစ်ပြီး မုန်တိုင်းသည် ကုန်တွင်းကို ဝင်ရောက်ပါက မိုးဒဏ်၊ လေဒဏ်ကို အနည်းနှင့်အများ ခံစားရနိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
လာမည့် ၂၄ နာရီအတွင်း ယင်းအားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်း တောင်ပိုင်း အနီးသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထားသည်။
You may also like these stories:
မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသများမှ ပြည်သူများ ရွှေ့ပြောင်းမှု ပြုလုပ်
ဘင်္ဂလားပင်လယ်အော်တွင် လာမည့်အပတ်အတွင်း ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်