သတင်း

ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူကို အင်းစိန်ထောင်ပို့

ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဝင်းအတွင်းက အထပ်မြင့် အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဇေကမ်ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ တို့ကို ယနေ့ အင်းစိန်ထောင် ပို့လိုက်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနေရာသည် စစ်တပ်နှင့် ဇေကမာ္ဘကုမ္ပဏီတို့ကြား ၂၀၁၈ ခုနှစ်ကတည်းက အငြင်းပွားနေခဲ့သည့် နေရာဖြစ်သည်။

မိသားစုဝင်တဦးက “အခုက အပူတွေဖြစ်နေတော့ ဘာမှမပြောချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဦးခင်ရွှေပိုင် ဇေကမာ္ဘ ကုမ္ပဏီသည် ထိုစီမံကိန်း မြေနေရာအတွက် စစ်တပ်ထံမှ နှစ်ရှည် ငှားရမ်းခွင့်ရရှိခဲ့ပြီးနောက် နှစ်ဖက် ချုပ်ဆိုထားသော စာချုပ်အရ ငွေပေးသွင်းမှုများ ပျက်ကွက်ခြင်း၊ BOT စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ နိုင်ငံခြား ကုမ္ပဏီ နှင့် ပူးပေါင်းပြီး အကြီးစား မြေပြင်ဆင်ခြင်း၊ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ် အပါအဝင် အဆောက်အအုံ ၄ လုံးကို ခွင့်ပြုချက် မရှိဘဲ ဖြိုဖျက်ခြင်းတို့ကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုပြု လုပ်ကာ တိုင်တန်းခဲ့ပြီးနောက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲကြေးနန်းစာအရ သိရသည်။

ယခုလို စစ်တပ်ဘက်က ဖမ်းဆီး တရားစွဲဆိုခြင်းမှာ ရှေးဟောင်း မြို့တော်ဝန်အိမ်၊ ဧည့်ဂေဟာတို့ အပါအဝင် အဆောက် အအုံ ၄ ခုကို ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်ခဲ့ခြင်းကြောင့် ထိုအဆောက်အအုံများ ဖြိုဖျက်ရန် ညွှန်ကြားစေခိုင်းသူများနှင့် ဖြိုဖျက် သူများ၏ အဓိက တာဝန်ရှိသူဖြစ်သော ဦးခင်ရွှေကို ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်း ရေး ဥပဒေ ပုဒ်မ -၂၄ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုဖွင့်ထားသော ဥပဒေပုဒ်မအရ ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဇေကမာ္ဘကုမ္ပဏီကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ စစ် တပ်က၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာပို့ထားခဲ့ပြီး ထိုအချိန်က ဇေကမာ္ဘ ကုမ္ပဏီဘက်ကလည်း စီမံကိန်းဝင်း အတွင်းမှ ထွက်ခွာပေးခဲ့သည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်ဖြစ်သော ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောက် လုပ်ရေး ဝန်ကြီးဌာနထံသို့ ဇေကမာ္ဘကုမ္ပဏီက အယူခံတင်ထားခဲ့ကာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်လာသည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းမှ ယခုလို အမှုဖွင့်အရေးယူ ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

ဦးခင်ရွှေသည် ယခင် ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်ကာ စီးပွားရေး ပူးပေါင်းလုပ်ဆောင် ခဲ့သူတဦးဖြစ်ပြီး ထိုအချိန်က စစ်ထောင်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် စီးပွား ရေး လုပ်ငန်းရှင်တဦး ဖြစ်သည်။

ထို့ပြင် ဦးခင်ရွှေသည် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ပါတီ ဥက္ကဋ္ဌ ဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ထိုအချိန်ကတည်းက စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး ပေါင်းဖက် လုပ်ကိုင်ခဲ့ခြင်းကြောင့် အမေရိကန်က ဦးခင်ရွှေကို စီးပွား ရေးအရ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့ပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်လာပြီးနောက် ၂၀၁၆ ခုနှစ် အောက် တိုဘာလတွင် ထိုအရေးယူ ပိတ်ဆို့မှုကို ပြန်လည် ပယ်ဖျက်ပေးခြင်း ခံခဲ့ရသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး ဇေကမာ္ဘ ကုမ္ပဏီမှ တာဝန်ရှိသူများကို ဧရာဝတီ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

You may also like these stories:

မြရိပ်ညို စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာ ကုမ္ပဏီ ထွက်ခွာ

Loading