မြန်မာ စစ်တပ်အား စစ်ဆင်ရေးများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် အာဆီယံ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ကမော္ဘဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်းက ပြောသည်။
မြန်မာနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့်နောက် မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ကမော္ဘဒီးယား သတင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် မစ္စတာ ပရတ်ဆွတ်ခွန်းသည် ဖမ်းဆီးခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာ ရှောင် တာနယ် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်လည်း မြန်မာစစ်တပ်ထံ တောင်းဆိုခဲ့ကြောင်း ပြော သည်။
ဆက်လက်၍ ၎င်းက မြန်မာ့အရေးသည် ရှုပ်ထွေးသည့်အတွက် အချိန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တထိုင်တည်းနှင့် အားလုံး ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှု အကူအညီများ မည်ကဲ့သို့ ဖြန့်ဝေနိုင်မည်ဆိုသည့် အစီအစဉ်နှင့် ပတ်သက်၍ လည်း တိုင်ပင်မည့် အစည်းအဝေး တရပ်ကို ဧပြီလကုန်နှင့် မေလ အစောပိုင်းတွင် ကျင်းပရန် ရှိနေသည်ဟုလည်း အထူးကိုယ်စားလှယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လာမည့် အတိုင်ပင်ခံ အစည်းအဝေးတွင် သက်ဆိုင်သူ အားလုံးကို ခွဲခြား ဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံတွင် လိုအပ်နေ သော လူသားချင်း စာနာမှု အကူအညီများ ဖြန့်ဝေနည်းနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်နိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ချောမွေ့စွာ ဖြန့်ဝေနိုင်ရေး ဆွေးနွေးအဖြေ ရှာကြမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို ညှိနှိုင်းစောင့်ကြည့် ရန် အပါအဝင် အာဆီယံနှင့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် မြန်မာမိတ်ဆွေများ အဖွဲ့ ဖွဲ့ စည်းရန်နှင့် လူသားချင်းစာနာမှု စင်္ကြန်တခု ဖန်တီးရန်ဆိုသည့် အဓိက အချက် ၃ ချက်ကို ဆွေးနွေးကြမည်ဖြစ် ကြောင်း အထူးကိုယ်စားလှယ်က ဆိုသည်။
ယင်းအချက်များသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်မည့် ပြီးခဲ့သည့် အာဆီယံ အလှည့်ကျ ဥက္ကဌ နိုင်ငံ ဘရူးနိုင်း၊ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမော္ဘဒီးယား၊ လာမည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားတို့ပါဝင်သော ASEAN Troika ယန္တရား၏ ဖော်ပြချက်ထဲတွင် အကျုံးဝင် ကြောင်း သိရသည်။
ကမော္ဘဒီးယား အစိုးရပိုင် AKP သတင်း ဌာနကလည်း အထူး သံတမန်၏ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် လည် ပတ်မှုသည် စစ်အာဏာရှင်အစိုးရကို တရားဝင်စေရန် မဟုတ်ဘဲ အကြမ်းဖက်မှုများ အဆုံးသတ်သွားစေရန်နှင့် ပါတီ အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ရေး အခွင့်သာသော အခြေအနေ ဖန်တီးရန် ဖြစ်ကြောင်း ၎င်း တို့၏ ဝဘ်ဆိုက်တွင် ဖော်ပြသည်။
ထို့ပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေခြင်းနှင့် သက်ဆိုင်သူအားလုံးကြား နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာနိုင်ရေး အားပေးရန် ဖြစ်ကြောင်း AKP သတင်းက ဆိုသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ် ကမော္ဘဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် မတ်လ ၂၁ ရက်တွင် ကမော္ဘဒီးယားနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အာဏာသိမ်း မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ယင်းပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကောင်စီခန့် လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
အထူးကိုယ်စားလှယ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့သော်လည်း ဒေါ်စုစုလွင်ဘက်က ကျန်းမာရေးအကြောင်းပြကာ တွေ့ဆုံရန် ငြင်းဆိုခဲ့သဖြင့် မတွေ့ဖြစ်ခဲ့ကြောင်း NLD ပါတီထံမှသိရသည်။
You may also like these stories :
မြန်မာ့ဒုက္ခပင်လယ်တွင် ငါးရှာထွက်သော တရုတ်နဂါး
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို