မြန်မာ-တရုတ် နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် မြန်မာဘက်မှ တင်ပို့သော ကုန်စည်များအား ကိုဗစ်-၁၉ ပိုး ရှိမရှိ တရုတ်က ပိတ်ဆို့စစ်ဆေးနေသဖြင့် အချိန်ကြန့်ကြာပြီး ကုန်စိမ်းတင်ကား အများစု ပါဝင်သော အစီးရေ ၃၀၀ ဝန်းကျင်ခန့် ပိတ်မိနေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။
အဆိုပါ စခန်းကို တရုတ်နိုင်ငံ လားရင်းဒေသတွင် ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် မတ် ၁၈ ရက်၌ ပိတ်ထားရာ မတ် ၂၁ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ပြီး တင်ပို့ကုန်စည်အလိုက် ပစ္စည်းများတွင် ရောဂါပိုး ပါမပါ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
လွယ်ဂျယ်နယ်စပ်မှ ကုန်သည်ကြီးတဦးက “ဂိတ်ကတော့ ဖွင့်လိုက်၊ ပိတ်လိုက်ပဲ။ ကုန်ကားတွေ ပိတ်မိနေတာ နှစ် ရက်လောက် ရှိနေပြီ။ ပိတ်မိတဲ့ကားက ပုံသေတော့ မရှိဘူးဗျ။ အစီးရေ ၃၀၀ နဲ့ ၄၀၀ လောက်တော့ ဖြစ်သွားနိုင်တယ်။ တက်လာတဲ့ ကားအပေါ်လည်း မူတည်သေးတယ်။ ကုန်သွယ်ရေးပိတ်ထားတာချည်းတော့ မဟုတ်ဘူး။ ဖွင့်တော့ ပြန်ဖွင့်ထားပေးတယ်။ ကုန်စိမ်းမှာ ကြံတို့၊ ငှက်ပျောသီးတို့။ တခြားကုန်ခြောက်တွေ ရှိတယ်။ ဒါတွေကို တင်ပို့တဲ့အခါ ပိုးတွေ့တာနဲ့ အဲဒီကုန်စည် လိုင်းတခုလုံးကို ပိတ်ပြီး တခုစီ စစ်ဆေးတဲ့အခါကျတော့ ကုန်သွယ်ရေးက မြန်ဆန်မှု မရှိတော့ဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ လွယ်ဂျယ်ဂိတ်မှ ကုန်စီးဆင်းမှု အခြေအနေမှာ ဆန်တင်ပို့ခွင့် လတ်တလောပိတ်ထားပြီး၊ ဆန်ကွဲ၊ မြေပဲ၊ ပြောင်းဖူးစေ့၊ ဖရဲသီး အနည်းငယ်နှင့် ရာသီအလိုက်သီးနှံများ တင်ပို့ခွင့် ပြုထားကာ တစ်ရူးငှက်ပျောနှင့် ကြံမှာ အများဆုံး တင်ပို့သည့်ကုန်စည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ယခုပိတ်မိနေသည့် ကုန်ကားများတွင် တစ်ရူးငှက်ပျော၊ ကြံနှင့် ကုန်စိမ်းကားများ အများစုပါဝင်ပြီး ငှက်ပျောကားများ အနေဖြင့် အချိန်ကြာမြင့်စွာ ပိတ်မိပါက စွန့်ပစ်ရမည့် အခြေအနေများ ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အရင် ကိုဗစ်ပထမလှိုင်းတုန်းကတော့ အခုလောက် မဆိုးဘူး။ ကုန်သွယ်ရေးက ဖြစ်သေး တယ်။ ကိုဗစ်တတိယလှိုင်း ဖြစ်ပြီးနောက်ပိုင်းကတော့ လုံးဝ လုပ်ရကိုင်ရ မလွယ်တော့ဘူး။ သူတို့ကတော့ ပြောရင် ကိုဗစ်ကို အကြောင်းပြတာပေါ့။ ကုန်သွယ်ရေးကတော့ ကျတာပေါ့။ အလုပ်သမားတွေလည်း အခက်အခဲတွေ အများ ကြီး ဖြစ်တယ်။ ၁၅ ရက်လောက်တော့ ကားပေါ်ထားလို့ ရတယ်။ အဲဒီထက် ကျော်သွားရင်တော့ ရောင်းလို့ မရတော့ ဘူး” ဟု ရှင်းပြသည်။
ငှက်ပျောသီးကုန်စည်များ တင်ထားသည့် ၁၂ ဘီးကား ၁ စီးလျှင် မြန်မာကျပ်ငွေ သိန်း ၅၀ မှ ၇၀ ကြားထိ တန်ဖိုးရှိပြီး ပိတ်မိသည့်ရက် ကြာလာသည်နှင့်အမျှ ငှက်ပျောသီးများ မှည့်လာနိုင်ကာ ဈေးကွက်မဝင်အသီးအဖြစ် စွန့်ပစ်ရခြင်း၊ အနားပတ်ဝန်းကျင်ကို ဝေငှရခြင်းများသာ လုပ်ရသဖြင့် စိုက်ပျိုးသူ အပါအဝင် လုပ်ငန်းရှင်နှင့် ကား သမားများပါ ဆုံးရှုံးမှုများကြောင်း သိရသည်။
လွယ်ဂျယ်ဂိတ်သည် ပို့ကုန်ကိုသာ အဓိက အားထားရသည့် ဂိတ်ပေါက်တခုဖြစ်ပြီး သွင်းသည့် ကုန်မှာ အိမ်ဆောက် ပစ္စည်း၊ လယ်ယာသုံးကုန်စက်ပစ္စည်း၊ အထည်လိပ် စသည်ဖြင့် အနည်းငယ်သာရှိကြောင်း ကုန် သည်များက ပြော သည်။
ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ယခုအခါ ၁ ရက်လျှင် ကားအစီးရေ ၅ စီးမျှသာ ဝင်ခွင့်ရှိသည့် ရက်များထိ ဖြစ်လာသောကြောင့် ရှေ့ကားနှင့် နောက်ပိုင်းမှ တက်လာသည့်ကားများ စုပုံကာပိတ်မိနေ ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဟုဆိုကာ လွယ်ဂျယ် နယ်စပ်ဂိတ်ကို ၆ လကြာ ပိတ်ထားခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ ဒုတိယပတ်တွင်မှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ထို့နောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုအပေါ် မူတည်၍ မကြာခဏ ပြန်ပိတ်ခဲ့သည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၇၆၆ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ယာယီဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၅ ဒသမ ၂၀၆ သန်း ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
လက်ရှိအချိန်တွင် တရုတ်နှင့် အများဆုံး ကုန်သွယ်မှု ပြုလုပ်နေသော ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ် ကုန် သွယ်ရေးမှာလည်း မြန်မာ့ပို့ကုန် ကုန်စည် ၇ မျိုးဖြစ်သော ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်း စနစ်သုံး သယ်ယူရ မည့် ကုန်စည်များ၊ အေးခဲလတ်ဆတ် အေးခဲကုန်စည်များ၊ ရေထွက်ကုန်များ၊ နေ့စဉ်သုံးကုန်ပစ္စည်းများနှင့် ထုတ်ပိုးရ လွယ်ကူသော စားသောက်ကုန်ပစ္စည်းများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည် ဟုဆိုကာ တရုတ်ဘက်က တင်ပို့ ခွင့် ယာယီ ရပ်ဆိုင်းထားသည်။
You may also like these stories:
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ
တရုတ်-မြန်မာကုန်သွယ်ရေး ရပ်တန့်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်
နယ်စပ်ပိတ်၍ တရုတ်သို့ ကြံတန်ချိန် ၇ သိန်းတင်ပို့ရန် အခက်ကြုံနိုင်