စစ်ကောင်စီ လက်အောက် မြေယာသိမ်းမှုများ ပြန်ခေါင်းထောင်နေရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အမှတ် ၂ ဘိလပ်မြေစက်ရုံ (တန် ၄၀၀၀) အတွက် မြေဧက ၁၅၀၀ နီးပါးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ သိမ်းယူလိုက်သည်။
သိမ်းဆည်းခံရသည့် မြေယာများတွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စုအတွင်းမှ မြေ ၆၈၉ ဒသမ ၃၃ ဧကနှင့် လှာကာကျေးရွာအုပ်စု အတွင်းမှ ၇၁၂ ဒသမ ၉၈ ဧက တို့ ပါဝင်ကြောင်း သိရသည်။
၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ-၄၊ ပုဒ်မခွဲ(၁) နှင့် ပုဒ်မ-၆ တို့အရ ၎င်းမြေများအား အများပြည်သူအကျိုးငှာ ဘိလပ် မြေစက်ရုံအတွက် အသုံးပြုရန် အလိုရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ဘားအံခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးအား လုပ်ပိုင်ခွင့်လွှဲအပ်ကာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်ကလည်း အဆိုပါ စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံအတွက်ပင် မြိုင်ကလေးကျေးရွာအုပ်စုနှင့် လှာ ကာကျေးရွာ အုပ်စုအတွင်းမှ မြေ ၁၁၄ ဒသမ ၄၁ ဧက ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနထံ သို့ အခမဲ့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ အမှတ် ၂ ဘိလပ်မြေစက်ရုံ (တန် ၄၀၀၀) အတွက် ၂၀၂၂ ခုနှစ်အတွင်း သိမ်းယူလိုက်သည့်မြေမှာ စုစုပေါင်း ၁၅၁၆ ဒသမ ၇၂ ဧက ရှိလာပြီ ဖြစ်သည်။
ဘားအံမြို့နယ်၊ မြိုင်ကလေးနှင့် လှာကာကျေးရွာအုပ်စုတို့အတွင်း စစ်တပ်ပိုင် MEC မှ ၁ ရက်လျှင် တန် ၉၀၀ ထုတ်လုပ် နိုင်သည့် ဘိလပ်မြေစက်ရုံနှင့် ၁ ရက်လျှင် တန် ၄၀၀၀ ကျ ဘိလပ်မြေစက်ရုံတို့အား တည်ထောင်လည်ပတ်နေသည်မှာ ဆယ်စုနှစ်၃ စုကျော် ကြာမြင့်ပြီ ဖြစ်သည်။
စက်ရုံများ စတင်တည်ဆောက်စဉ်ကလည်း ဒေသခံများ၏ မြေယာများအား ထိုက်သင့်သည့် လျော်ကြေးပေးခြင်း မရှိဘဲ စစ်အစိုးရက သိမ်းယူခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဒေသခံများက အသုံးပြုခြင်း မရှိသည့် မြေယာများ ပြန်လည်ပေး အပ်ရန် တောင်းဆိုကြရာတွင် စစ်တပ်၏ တရားစွဲဆိုခြင်းကို ခံခဲ့ကြရသည်။
အဆိုပါ ဘိလပ်မြေစက်ရုံများမှ ထွက်ရှိသည့် အမှုန်နှင့် အညစ်အကြေးများကြောင့် ရေအရောင်များ အမည်းရောင် အဖြစ် ပြောင်းလဲခြင်း၊ ချောင်းများအတွင်းမှ ငါးများသေဆုံးခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးညစ်ညမ်းမှုများ ကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ခဲ့သည့်အတွက် ဒေသခံများ ကန့်ကွက်ခဲ့သော်လည်း ၂၀၁၈ တွင် ကျောက်မီးသွေး အသုံးပြုကာ ဆက်လက် လည်ပတ်ခဲ့သည်။
အဆိုပါ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကြောင့် အနီးအနားကျေးရွာများတွင် ရေထုညစ်ညမ်းစေသည်ဟုဆိုကာ ၂၀၂၀ ဇန်နဝါရီအတွင်းက စက်ရုံပိတ်သိမ်းပေးရန် ဒေသခံများနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက ဆန္ဒပြတောင်းဆိုခဲ့ရာ တွင် အစိုးရက ဖမ်းဆီးအရေးယူခဲ့ပြီး ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်မှ စောသာဘိုးအား နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုခဲ့သည်။