စစ်ကောင်စီက သမ္မတကမ်းခြေ မြေယာကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးအပြင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကိုလည်း ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
မြို့တော်ဝန် ဦးဗိုလ်ဌေးကို တိုင်းအတွင်းရှိ လယ်ယာမြေများအား အခြားအသုံးပြုခွင့် ( လန-၃၉ ) ထုတ်ပေးသည့် ကိစ္စ များနှင့် ပတ်သက်၍ စစ်ဆေးနေခြင်းဖြစ်ပြီး၊ သူနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ မြေယာဌာနဌာနမှူး ကိုပါ ဖမ်းဆီးထားကြောင်း ဧရာဝတီကစုံစမ်းသိရှိရသည်။
မြို့တော်ဝန်ဦးဗိုလ်ဌေး အဖမ်းခံရခြင်းမှာ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး၏ ဒလမြို့နယ် သမ္မတကမ်း ခြေရှိ လယ်ယာမြေများအား အခြားသုံးစွဲခွင့်(လန- ၃၉ ) ထုတ်ပေးသည့်အမှုဖြင့် ဆက်စပ်နေပြီး အစိုးရသက်သေ အဖြစ် စစ်ကောင်စီဖက်မှ ထွက်ဆိုပေးပါက ဦးဗိုလ်ဌေး ပြန်လည်လွတ်မြောက်နိုင်ကြောင်း လေ့လာသူများက သုံးသပ် သည်။
ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို ယခင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း မိသားစုအား ရန်ကုန်တိုင်းဒလမြို့နယ် သမ္မတကမ်းခြေရှိ လယ်ယာမြေများနှင့် ပတ်သက်၍ အခြားသုံးစွဲခွင့် ထုတ်ပေးမှုဖြင့် ယမန်နေ့က စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ “အရင်ဗိုလ်ချုပ်ဟောင်းလူတွေနဲ့ လက်ရှိ ဗိုလ်ချုပ်ညိုစော (MEC ဥက္ကဌ) တို့အုပ်စု နှစ်ခုကြား အားပြိုင်တာကနေ ကိုအောင်သန်းဦးတို့ ကိုဗိုလ်ဌေးတို့ အဖမ်းခံရတာ ဗိုလ်ချုပ်ညိုစောတို့အုပ်စုက အသားစီးရသွားတဲ့ သဘော “ ဟု တပ်မတော်အရာဟောင်းတဦးကဆိုသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် တပ်မတော်တွင် စစ်ထောက်ချုပ်တာဝန်ယူခဲ့ပြီး လုပ်သက်ပြည့်ပင်စင်ယူသွားသည့်တိုင် စစ်တပ်ပိုင်မြန်မာစီးပွါးရေးကော်ပိုရေးရှင်း ( MEC ) ဥက္ကဌအဖြစ် ဆက်လက် တာဝန်ပေးခံရသည့်ဗိုလ်ချုပ်မင်းအောင်လှိုင်၏ လူယုံတဦးဖြစ်သည်။
လက်ရှိ အဖမ်းခံရထားရသူ မြို့တော်ဝန်ဦးှဗိုလ်ဌေးမှာ နဝတအစိုးရလက်ထက်၌ ရန်ကုန်မြိုတော်စည်ပင် အင်ဂျင်နီယာ ဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ကာ ၂၀၁၅ ခုနှစ်တွင်သက်ပြည့်ပင်စင်သူသွားခဲ့သူ စစ်ဗိုလ်ဟောင်း တဦး ဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဦးဗိုလ်ဌေးအားမြို့တော်ဝန်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။
You may also like these stories:
ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို စစ်ကောင်စီဖမ်းပြီ
၅ ထောင်စား တို့၏ ခေါင်းကိုင်ဖခင် ဦးအောင်သန်းဦး
ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူကို အင်းစိန်ထောင်ပို့