သတင်း

ဂျပန်ရောက်မြန်မာအဖွဲ့ တော်လှန်ရေးအတွက် အနုပညာရန်ပုံငွေပွဲ ပြုလုပ်မည်

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု တခုအနေနဲ့ လာမယ့် မတ် ၂၇ ရက် (တော်လှန်ရေးနေ့) မှာ “အနုပညာဖြင့် တော်လှန်ခြင်း” (Revolution with Art) ဆိုတဲ့ တော်လှန်ရေးအတွက် အနုပညာ ရန်ပုံငွေပွဲကို ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို Myanmar Nationalities’ Support Organization MNSO- Japan အဖွဲ့က ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ဂျပန်နိုင်ငံ၊ နာဂိုရာမြို့ ရှိ Myanmar Youth Community (MYC Nagoya) အဖွဲ့နဲ့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

“အဓိကကတော့ ပြည်ပကလူတွေက အခုချိန်ထိ သွေးမအေးဘဲနဲ့ မားမားမတ်မတ် ပြည်တွင်းက လူတွေနဲ့ တော်လှန်နေ ဆဲ၊ ပုန်ကန်နေဆဲ၊ သပိတ်စုံတိုင်း သူပုန်ထနေဆဲလို့ ပြည်တွင်းက လူတွေကို အသိပေးချင်လို့ ကျင်းပရခြင်း ဖြစ်ပါတယ်” လို့ ပွဲရဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး MNSO- Japan အဖွဲ့ ဒုဥက္ကဋ္ဌ ကိုကောင်းချစ်သဲက ပြောပြပါတယ်။

ဒီအနုပညာ ဖျော်ဖြေပွဲမှာ တော်လှန်ရေး သရုပ်ဖော်ပြဇာတ်၊ တော်လှန်ရေး သံချပ်တွေ၊ တော်လှန်ရေး ရဲဘော်တွေအတွက် စိတ်ခွန်အားပေးမယ့် သီချင်းတွေ၊ မြန်မာ့တိုင်းရင်းသား ရိုးရာအက၊ ဂီတဖျော်ဖြေမှုတွေနဲ့ တော်လှန်ရေးသမိုင်းကို ထင်ဟပ် စေမယ့် တော်လှန်ရေးပုံရိပ်တွေကို တင်ဆက်ပြသသွားမယ်လို့ သိရပါတယ်။

“အဓိကကတော့ ပြည်တွင်းက ညီအစ်ကိုတွေအတွက် ရရှိလာတဲ့ ရန်ပုံငွေထဲကနေ ထောက်ပံ့ငွေ ပေးနိုင်မယ်။ နောက် တခုက ဂျပန်လူမျိုးတွေသိအောင် မြန်မာရဲ့ လက်ရှိ ဖြစ်နေတဲ့ ပုံရိပ်တွေ၊ ဖြစ်နေတဲ့ ခံစားချက်တွေကို အနုပညာနဲ့ တင်ဆက်ထားတယ်။ တနှစ်ကျော် ဖြစ်လာတဲ့ တော်လှန်ရေးကာလမှာ သွေးမအေးသေးဘူးဆိုတာ သိသွားအောင် တင်ဆက်ရခြင်း ဖြစ်ပါတယ်” လို့လည်း MNSO- Japan အဖွဲ့ရဲ့တာဝန်ခံ ကိုနေရှိုင်းသူက ဧရာဝတီ ကို ပြောပါတယ်။

ဂျပန်မှာ ပြုလုပ်မယ့် တော်လှန်ရေး အနုပညာပွဲ (ဓာတ်ပုံ – MNSO – Japan Facebook Page)

အဆိုပါပွဲဖွင့်ပွဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကား ပြောကြားမှာဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းကိုနိုင်က တော်လှန်ရေး ကဗျာတပုဒ်နဲ့ ပူးပေါင်းပါဝင်သွားမယ်လို့ သိရပါတယ်။

တော်လှန်ရေးနယ်မြေ တနေရာမှာ ရောက်ရှိနေတဲ့ ချင်းတိုင်းရင်းသား အဆိုတော် ဘင်ဂျမင်ဆုမ်းလည်း ဒီပွဲမှာ Zoom ကနေတဆင့် ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပြီး ပွဲမှာပါဝင်မယ့် တော်လှန်ရေးသံချပ်ကိုလည်း လက်ရှိအချိန်ထိ နာမည်ကြီးနေဆဲ ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်တွေကို မှီငြမ်းကိုးကားကာ ပုံစံတမျိုးနဲ့ တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဒီပွဲကိုတော့ ဂျပန်ရောက် မြန်မာလူမျိုးတွေအပြင် ဂျပန်လူမျိုးတွေကိုပါ ဖိတ်ကြားထားပြီး မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားများ၊ ဂျပန်ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများ၊ ဂျပန်မီဒီယာများကိုပါ ဖိတ်ကြားထားတယ် လို့ သိရပါတယ်။

“ကျနော်တို့ ဒီပွဲကနေ ထူးထူးခြားခြား မျှော်လင့်ထားတာ တခုပဲ ရှိပါတယ်။ မြန်မာ့အရေးကို မေ့သွားမှာစိုးလို့ ယူကရိန်းတွေ နဲ့ ယှဉ်ပြချင်တာပေါ့။ ယူကရိန်းတွေလည်း အကျူးကျော်ခံရတယ်။ ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်။ ကျနော်တို့ မြန် မာလူမျိုးတွေလည်း ကျနော်တို့ပိုင်တဲ့ အချုပ်အခြာအာဏာကို လူတစုရဲ့ လုခြင်းကို ခံရတယ်။ ရက်ရက်စက်စက် သတ်ဖြတ် ခံရတယ်။ ပြည်တွင်းစစ်နဲ့ ပြည်ပစစ်သာ ကွာတယ်။ ခံစားရတာ ကျနော်တို့ ပိုပြီးတော့တောင် ခံစားရပါသေးတယ်။ ပိုပြီးတော့ အကူအညီမဲ့တယ်ဆိုတာကို ထုတ်ဖော်ပြသချင်ပါတယ်” လို့ ကိုကောင်းချစ်သဲက ပြောပါတယ်။

ဂျပန်မှာ ပြုလုပ်မယ့် တော်လှန်ရေး အနုပညာပွဲ (ဓာတ်ပုံ – MNSO – Japan Facebook Page)

အဆိုပါပွဲကို မတ် ၂၇ ရက်၊ ဂျပန်စံတော်ချိန် ညနေ ၃ နာရီမှ ည ၈ နာရီအချိန်ထိ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့ရှိ Nakagawa culture small theater ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီး လူဦးရေ ၄၂၀ ခန့် လာရောက်အားပေးဖို့ ပွဲစီစဉ်ထားသူတွေ က မျှော်လင့်ထားပါတယ်။

ရန်ပုံငွေပွဲအတွက် လက်မှတ် ၁ စောင်ကို ယန်းငွေ ၃၀၀၀ နှုန်းနဲ့ ရောင်းချထားပြီး ရရှိလာတဲ့ အကျိုးအမြတ် အားလုံးကို မြန်မာနိုင်ငံရဲ့တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ NUG အစိုးရထံ ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“ကျနော်တို့က ဘယ်တော့မှ သွေးမအေးပါဘူး။ ကျနော်တို့ကိုယ် ကျနော်တို့ PDF တပ်သားတွေနဲ့အတူ ထောက်ပို့ တပ်သားတွေလို့ ခံယူထားပါတယ်။ တော်လှန်ရေးက ရှည်ချင်ရှည်သွားနိုင်ပေမယ့် ဘယ်တော့မှ သွေးမအေးပါဘူး။ ကျနော်တို့ ကျင်းပတဲ့ပွဲနဲ့ စစ်ကောင်စီ ကျင်းပမယ့် သင်္ကြန်ပွဲက မတူပါဘူး။ သူတို့က ပျော်ရွှင်မှုတခုပဲ ဦးစားပေးပြီးတော့ ကျင်းပတာပါ” လို့လည်း ကိုနေရှိုင်းသူက ဆိုပါတယ်။

Loading