သတင်း

ဂန့်ဂေါတွင် စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များက ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီးသတ် ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူတို့၏ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေခြင်းများအပြင် စစ်ရှောင်စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်တွင် ကလေးမြို့နယ်အတွင်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဂန့်ဂေါနယ်မှ ပျူစော ထီးတို့သည် မြစ်သာမြစ်ကမ်းဘေးရှိ စစ်ရှောင်များနေထိုင်သည့် တဲအိမ်များအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ခဲ့ရသည်ဟု စစ်ဘေးရှောင် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “စစ်ကောင်စီတပ်က အခု ဘယ်လိုဖြစ်လာလဲဆိုတော့ ရွာတွေကိုမီးရှို့လို့၊ ပစ္စည်းတွေကိုခိုးလို့ ကုန်လာတော့ စစ်ရှောင်တွေနေတဲ့ နေရာတွေကိုပါ လိုက်ရှာလာပါတယ်။ ကျမတို့လည်း ပြေးစရာ မရှိတော့ဘူး။ အရင်တုန်းကတော့ စစ်ကြောင်းလာရင် ရွာနဲ့သိပ်မဝေးတဲ့ တောစပ်တွေကို ဝင်ပြေးပြီး စုနေကြတယ်။
အခု အဲဒီနေရာတွေမှာလည်း မနေရဲ ကြတော့ဘူး။ တနေ့ကလည်း မြစ်သာမြစ်ဘေးမှာနေကြတဲ့ စစ်ရှောင်တဲတွေကိုပါ သေနတ်တွေနဲ့ ပစ်တယ်။ စစ်ရှောင် စခန်းမှာရှိတဲ့ ပစ္စည်းတွေကိုယူပြီး ယာတဲတွေကိုပါ မီးရှို့သွားတယ်” ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီ၏ တိုက်ခိုက်မှုကို ခံနေရသော စစ်ရှောင်များအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက် ကယ်ထုတ်စဉ် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများအား အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တချို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ကိုနွေဦးက ပြောသည်။

“သူတို့ လာကတည်းက စစ်ဘေးရှောင်စခန်းကို ထိုးစစ်ဆင်ပြီးလာတာဗျ။ အဲဒီလို စစ်ကြောင်းထိုးတဲ့အခါ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်တွေကို ကယ်ထုတ်ဖို့ လှေနဲ့သွားခေါ်တဲ့အချိန် စစ်ကောင်စီက စစ်ဘေးရှောင်တွေကို အကာအကွယ်ယူပြီး စက်သေနတ်တွေနဲ့ဆွဲပြီးမှ အပစ်ခံရတာ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အပိတ်ခံလိုက်ရတာ။ အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ၆ ဦးလောက် ကျတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ၆ ဦးလောက် ရှိတယ်။ ကျနော်တို့ရှိတဲ့ လက်နက်တွေလည်း ပါသွားတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများမှ အရပ်သားနေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး (ဓာတ်ပုံ/ PDF-GanGaw)

အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် စစ်ရှောင်တဲများ အပါအဝင် ရွာမကျေးရွာမှ မြေတူးစက် ၁ စီး၊ အိမ်စီးကား ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ တော်ဝင်ကျေးရွာမှ လယ်ထွန်စက် ၁ စီးနှင့် အိမ်စီးကား ၁ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာသားများ ပိုင်ဆိုင်သည့် နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့ (မတ် ၂၃ ရက်) တွင်လည်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ မရှိသော်လည်း ဂန့်ဂေါမြို့နယ်အတွင်းမှ ချောင်းကောက်ကျေးရွာနှင့် သာစည်ကျေးရွာများကို မီးရှို့နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိ အခြေအနေတွင် ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အင်အား ဖြည့်တင်းလျက်ရှိရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် မိဘပြည်သူများ အနေဖြင့် အခြေ အနေကို စောင့်ကြည့်ကာ လုံခြုံဘေးကင်းရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် ခရီးအသွားအလာများကိုလည်း ဆင်ခြင်ကြရန် ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ် ၂၂ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

You may also like these stories:

ကျောက်ထုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီ သတ်သွားသည့် ဂန့်ဂေါဒေသခံများ လိင်အင်္ဂါများပါ ဖြတ်ခံထားရ

Loading