အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ညွှန်ကြားချက် အတိုင်း စစ်ဆေးခံခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့အား အရေးယူမည်ဖြစ်ကြောင်း ယနေ့စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် UEC က ထပ်မံပြောကြားသည်။
၎င်းနှစ်ပါတီအနေဖြင့် မတ်လ ၉ ရက်နေ့ နောက်ဆုံးထားကာ လာရောက်စစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ ဂ၊ ဃ၊ င တို့အရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။
၎င်းက “ကော်မရှင်အဖွဲ့ဝင်တွေကလည်း ခရီးသွားနေကြတယ်၊ မစုံသေးပါဘူး။ ကျနော်မှန်းတာတော့ တပ်မတော်နေ့နောက်ပိုင်း စီမံခန့်ခွဲ ရေး ကော်မတီ စုံညီအစည်းအဝေးထိုင်ပြီးတော့ ဥပဒေနဲ့အညီ လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ ဂ တွင်” ညွှန်ကြားချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပါတီအဖြစ်မှတ်ပုံတင်ထားခြင်းအား ၃ နှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည်”ဟု ပြဌာန်းထားပြီး ပုဒ်မခွဲ-ဃ တွင် “ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ကော်မရှင်ညွှန်ကြားသည့် လုပ်ငန်းများမှအပ ပါတီ၏ကျန်လုပ်ငန်းများအား ရပ်ဆိုင်းထားရမည်” ဟု ဆိုထားသည်။
ယင်းအပြင် ပုဒ်မခွဲ င တွင် “ယာယီရပ်ဆိုင်းထားသည့် ကာလကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်း ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်” ဟု ပြဌာန်းထားသည်။
သို့သော် NLD နှင့် SNLD ပါတီဘက်ကမူ စစ်ကောင်စီလက်အောက်ခံ UEC ၏ စစ်ဆေးရန်အကြောင်းကြားမှုကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားထားကြပြီး လက်ရှိ စစ်ကောင်စီခန့် UEC မှာ တရားမဝင်ကြောင်းလည်း NLD ဘက်က ပြောထားသည်။
စစ်ကောင်စီခန့် UEC ၏ ပါတီရန်ပုံငွေနှင့် လုပ်ငန်းစာရင်းဇယားများ စစ်ဆေးရန်ညွှန်းကြားချက်နှင့် ပတ်သက်ပြီး NLD နှင့် SNLD တို့အပါအဝင် စုစုပေါင်း ပါတီ ၁၀ ပါတီ စစ်ဆေးခံရန် ကျန်နေသေးသည်။
စစ်ကောင်စီအနေဖြင့် NLD နှင့် SNLD တို့ကဲ့သို့ ရွေးကောက်ပွဲတိုင်းတွင် မဲအများဆုံးရကာ အနိုင်ရလေ့ရှိသည့် ပါတီများအား ပါတီစာရင်းများလာရောက်စစ်ဆေခံရန် ဖိအားပေးနေခြင်းမှာ ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်စေရန် ကြိုတင်ဟန့်တားလိုသည့် သဘောသက်ရောက်နေကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကပြောသည်။
စစ်တပ်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ထပ်မံအနိုင်ရခဲ့မှုအား လက်မခံဘဲ အာဏာသိမ်းခဲ့ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင်များအား ပစ်မှတ်ထားကာ အကြမ်းဖက်ဖမ်းဆီးတရားစွဲဆိုခြင်းများ၊ ပါတီရုံးများအား ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။