ရန်ကုန် မြို့ပြတိုက်ပွဲများကို အရှိန်မြှင့်သွားမည်ဟု တော်လှန်ရေး အဖွဲ့များဆို
ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းပြီး မြို့ပြတိုက်ပွဲများကို အရှိန်မြှင့်တင်၍ စစ်ကောင်စီကို တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့များက မတ်လ ၂၂ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ရန်ကုန်မြို့နယ် အသီးသီးရှိ အခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့များ၊ ပြောက်ကျား တပ်ဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်း တိုက်ခိုက်နိုင်ရန်အတွက် ဖွဲ့စည်းလိုက်သည့် အဖွဲ့ ၁၁ ဖွဲ့က ကြေညာလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်အခြေစိုက် တော်လှန်ရေး အဖွဲ့တခုဖြစ်သည့် Secret Underground Foreces (S.U.F) အဖွဲ့က “ကျနော်တို့ အနေနဲ့ ရန်ကုန်မြို့ UG တပ်မဟာတခု အနေနဲ့ ဖွဲ့စည်းထားပြီးပါပြီ ခင်ဗျ။ ဘယ်လောက်အထိ လုပ်ဆောင်လာ နိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အပိုင်းတွေတော့ ခွဲပြီး လုပ်ဆောင်သွားမှာပါ ခင်ဗျ။ အဓိက ကတော့ ကျနော်တို့အနေနဲ့ ပြန့် ကျဲနေတဲ့ UG အင် အားစုတွေကို တပေါင်းတစည်းထဲ ဖြစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အဖွဲ့အစည်းများ မဖွဲ့စည်းခင် အချိန်ကလည်း မြေအောက်အင်အားစု မဟာမိတ်အဖွဲ့များမှ မူလ စုဆောင်းပြီးသားရှိသည့် ပစ္စည်းများနှင့် လုပ်ဆောင်မှုများလည်း ရှိခဲ့ကြောင်းနှင့် သေချာသည့် စုဖွဲ့မှုတခု ခိုင်မာမှ သာလျှင် ယခုကဲ့သို့ အသိပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ ဖွဲ့စည်းထားသည့် အဖွဲ့များအနေဖြင့် NUG နှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသည့် အဖွဲ့အစည်း များလည်း ပါဝင်ပြီး ယုံကြည်ရသည့် အဖွဲ့များအား စုပေါင်းလိုက်ဖြစ်ခြင်းကြောင့် တခြားသော ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းကြရန်လည်း ဖိတ်ခေါ်ထားသည်။
မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် အဖွဲ့များမှာ Wolf Warriors STF(WWSTF)၊ God’s Hand Forces (GHF)၊ Thongwa Youth Force (TYF)၊ Kyauktan PDF (KPDF)၊ Scorpion Forces Underground (SFU)၊ Bahan’s Guerrilla Force (B-PDF)၊ Secret Underground Force- Kyauktan (SUF-Kyauktan)၊ Burmese Final Revolution Armed Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပြောက်ကျားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO) နှင့် Thaketa’s Urban Guerrilla Force (TUGF) တို့ ဖြစ်သည်။
အဆိုပါ မဟာမိတ်အဖွဲ့ အနေဖြင့် ရှေ့ဆက်မည့် လုပ်ငန်းများကိုလည်း မကြာခင်မှာ အချိန်အတောအတွင်း အကောင် အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ တတ်စွမ်းသမျှ လူသူ လက်နက် ပေါင်းစည်းကာ ထိရောက်သည့် နည်းလမ်း များဖြင့် စစ်တပ်ထောက်တိုင်များကို ဆက်လက်ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်ရာ ရဲစခန်းများ၊ မြို့နယ်ခန်းမများ၊ အုပ်ချုပ်ရေးမှူး ရုံးများနှင့် စစ်ကောင်စီ သတင်းပေး (ဒလန်) များ တိုက်ခိုက်မှုများမှာ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိပြီး ဆက်လက်၍လည်း လက်ရှိ လုပ်ဆောင်နေသည့် အရှိန်ထက် ပိုတိုး၍ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သည့် တော်လှန်ရေးအဖွဲ့တချို့က အသိပေးထားသည်။
စစ်ကောင်စီဘက်ကမူ ရန်ကုန်မြို့ အပါအဝင် မြို့များ၌ ညမထွက်ရအမိန့် ယခင် ၁၀ နာရီအစား ယခု ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မတ်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် လာမည့် သင်္ကြန်ကာလတွင် ရန်ကုန်နှင့် မြို့ကြီးများ၌ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ပြုလုပ်နိုင်ရန် ပြင်ဆင်နေ သည့် အပြင် ပြီးခဲ့သည့် မတ် ၁၅ ရက်ကပင် စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ် အတည်ပြုလူနာသစ် တွေ့ရှိမှု ကျဆင်းလာသည် ဟုဆိုကာ ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် သာရေး/ နာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် မတ် ၁၆ ရက်မှစ၍ လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးအင်အားစုတခုမှ ကိုမင်းဒင်က “စစ်ကောင်စီက သင်္ကြန်ကို စည်အောင် လုပ်နေတာတွေက ပြည်သူတွေ ကို အာရုံလွှဲ နေတာပါ။ ဒါက ပြည်သူတွေကို တံတိုင်းတခု ခံလိုက်တဲ့ သဘောပါပဲ။ သူတို့တွေ တိုက်ခိုက်ခံရမှာကို အရမ်း ကြောက်နေကြပါပြီ။ ကျနော်တို့အနေနဲ့ ပြည်သူတွေကို မှာချင်တာကတော့ သင်္ကြန်ကာလမှာ အရမ်းပူပါ လိမ့်မယ်။ အတတ်နိုင်ဆုံး အိမ်ထဲမှာနေကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းရှိ ခရိုနီ ဦးစိုးလှိုင် ပိုင်ဆိုင်သည့် Brave Bar အပါအဝင် ဘားတချို့ကို ရန်ကုန်မြို့ ကာကွယ်ရေး အင်အားစုများမှ ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အုံ တချို့နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့သည်။
မတ်လ ၉ ရက်တွင်လည်း ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ခန်းမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မတ်လ ၁၉ ရက် ညပိုင်းတွင်လည်း ရွှေပြည်သာမြို့နယ် ရဲစခန်းနှင့် မြို့နယ်ခန်းမတို့ကို မြို့ပြ ပြောက်ကျားအဖွဲ့များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ဆင်ရေးများအား ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် စစ်တပ်ကို အထူးကိုယ်စားလှယ် တိုက်တွန်း