စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းသည့် မန္တလေးမြို့တွင် လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ခေါင်း စဉ်ဖြင့် အာဏာသိမ်း စစ်ကောင်စီက ရပ်ကွက်များအား ပိတ်ဆို့ပြီး ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ၂ ရက် အတွင်း လူငယ် ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သိရသည်။
မတ် ၂၂ နှင့် ၂၃ ရက်အတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပါဝင်သည့် အင်အား ၅၀၀ ခန့်ဖြင့် နံနက် ၈ နာရီခန့်မှစတင်ပြီး ပုသိမ်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး တည်ရှိရာ မြို့မ၊ ရန် ကင်းသာယာ၊ စည်သာယာ၊ အောင်မင်္ဂလာ၊ သုခမင်္ဂလာရပ်ကွက်များနှင့် တဲကုန်း၊ မဲခင်းကုန်း၊ ဝါးကပ်တန်း၊ ကျီကုန်း၊ ဆင် ရွာတော၊ ဆင်ရွာကြီးကျေးရွာများတွင် နယ်မြေရှင်းလင်းရေး အမည်တပ်၍ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသ က “သတင်းရသလောက်ဆိုရင် သပိတ်ခေါင်းဆောင်ပိုင်းတွေနဲ့ အခြားလှုပ်ရှားနေတဲ့သူတွေကို အသည်းအသန် ရှာဖွေ ဖမ်းဆီးချင်လို့ ဝင်မွှေတာ။ စစ်ကောင်စီက ခေါင်းဆောင်တွေ အဖမ်းခံရရင် သူတို့ကို ဆန့်ကျင်နေတာတွေ ရပ်တန့်သွား မယ်အထင်နဲ့ ရည်ရွယ်ချက်ရှိရှိ အခုလိုမျိုးတွေ လုပ်တာလို့ သုံးသပ်တယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
ပုသိမ်ကြီးတမြို့လုံးကို ဝင်မွှေသည့် ဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၁ ဦး အပါအဝင် ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း၊ ယခုလို ဖမ်းဆီးနှိပ်ကွက် အကြမ်းဖက်ရုံဖြင့် တော်လှန်ရေး ရပ်တန့်သွားမည် မဟုတ်ကြောင်း ဆရာတော်က မိနျ့ကွားသည်။
ပုသိမ်ကြီး မြို့မရပ်ကွက်နေသူ တဦးကလည်း “လမ်းတွေကို ထိပ်ကနေပိတ်ပြီး စစ်တာ။ တအိမ်တက် တအိမ်ဆင်း စစ်ခဲ့ကြ တာ။ အိမ်ထောင်စုဇယား ပြခိုင်းတယ်။ အိမ်မှာရှိနေတဲ့ လူစာရင်းနဲ့ တိုက်စစ်တယ်။ အိမ်ထောင်စုဇယားအတိုင်း လူမစုံဘူး ဆိုရင် ဘယ်သွားတာလဲ၊ ဘာလို့မနေတာလဲ စုံနေအောင်ကို မေးတာ။ အဲဒီအချိန်က အလုပ်သွားချိန်ဆိုတော့ အိမ်တွေမှာ လူစုံမရှိတာ များတယ်” ဟု ပြန်လည် ပြောပြသည်။
လမ်းကြိုလမ်းကွားပါမကျန် အင်အားအပြည့်ဖြင့် ပိတ်ပြီးစစ်ခြင်း ဖြစ်ကြောင်း၊ ပုသိမ်ကြီးကို လေးဘက်လေးတန် ပိတ်ဆို့ စစ်ဆေးခြင်းဖြစ်ပြီး ထိုသို့ စစ်ဆေးရာတွင် အိမ်ထောင်စုစာရင်းနှင့် လူဦးရေ ကိုက်ညီမှု ရှိမရှိ စစ်ဆေးကြောင်း၊ ရဲကား၊ စစ်ကားများအပြင် အချုပ်ကား ၁၀ စီးကျော် ပါလာကြောင်း တဲကုန်းကျေးရွာ ဒေသခံတဦးကလည်း ပြောဆိုသည်။
“အာဏာရူးတွေဟာ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှ ရန်သူလိုသဘောထားပြီး အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေ ပေါ်ပေါ်ထင်ထင် လုပ်နေတာ အားလုံး သိပြီးသားပါ။ သူတို့က တနိုင်ငံလုံး တည်ငြိမ်နေပါပြီ ဆိုတာကို ပြသချင်ကြတယ်။ ပြည်သူတွေကလည်း အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်တော်လှန်နေကြတယ်။ အခုလို ရပ်ကွက်တွေကို ပိတ်ဆို့ပြီး စစ်ဆေးတယ် ဆိုတာကတော့ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးစားလာတဲ့သဘောပဲ” ဟု ဆရာတော် ဦးအဂ္ဂဝံသက မှတ်ချက်ပြုသည်။
ပုသိမ်ကြီးမြို့နယ်တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ဝင်ရောက်စီးနင်း ဖမ်းဆီးရာ၌ မန္တလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အဖွဲ့ဝင် ၁ ဒုဗိုလ်မှူးကြီး သော်တာထွေးနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများနှင့် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရသဖြင့် ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအား ဖမ်းဆီးရှင်းလင်းရန် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စေခိုင်းချက်အရ ပြည်နယ်/တိုင်းအစိုးရအဖွဲ့က စီမံချက်များရေးဆွဲပြီး စနစ်တကျ ဆောင် ရွက်နေရခြင်း ဖြစ်ကြောင်း မန္တလေးခရိုင်အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက အတည်ပြုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်ကလည်း မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်၊ ဖေဖော်ဝါရီ ၁၀ ရက် တွင် အောင်မြေသာစံမြို့နယ်မှ အမရဌာနီအရှေ့၊ အမရဌာနီအနောက်၊ ညောင်ကွဲရပ်ကွက်များနှင့် ဖေဖော်ဝါရီ ၁၁ ရက်များ တွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်များကို အင်အား အလုံး အရင်းဖြင့် ပိတ်ဆို့ကာ တအိမ်တက်ဆင်း ဝင်ရောက်စီးနင်း စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ၃၀ ဦးကျော်ကို ဖမ်း ဆီးသွားခဲ့သည်။
ထို့ပြင် မန္တလေးတိုင်းအတွင်း အိမ်ငှားနေထိုင်သူများကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြုလုပ်ရန် မတ် ၁၈ ရက်က ပြုလုပ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းညှိနှိုင်း အစည်းအဝေးတွင် တိုင်း မှူး ဗိုလ်ချုပ်ကိုကိုဦးက ညွှန်ကြားခဲ့ကြောင်း၊ ယခုအခါ ယင်းညွှန်ကြားချက်ကို နယ်မြေရဲစခန်းများ အားလုံး လိုက်နာဆောင် ရွက်ရမည်ဟု ထပ်ဆင့်ညွှန်ကြားထားကြောင်း စစ်ဘက်သတင်းရပ်ကွက်များထံမှ သိရသည်။
You may also like these stories:
မန္တလေး မဟာအောင်မြေတွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးကာ ၁၅ဦးအား ဖမ်းသွား
ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည့် မန္တလေး သပိတ်စစ်ကြောင်းများ