နိုင်ငံတဝန်း လျှပ်စစ်မီး မကြာခဏနှင့်အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ပြည်သူများ အခက်ကြုံနေချိန် လက်ရှိ ကျင့်သုံးနေသည့် အချိန်ပိုင်းမီးပေးစနစ်မှာ လာမည့်မေလအထိ ဆက်ရှိနိုင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့်ဆိုကာ မတ် ၁၈ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်း ခရိုင် အလိုက် ၄ နာရီ အလှည့်ကျစနစ်ဖြင့် ကျင့်သုံးလျက် ရှိသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂၀၂၂ ခုနှစ် မေလမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသော်လည်း ယခုထက်များစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်သလို လျှပ်စစ်ဓာတ် အား ဝန်အားလျှော့ချခြင်းများကိုလည်း အနည်းငယ်သာ ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီက လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေး သဘာဝဓာတ်ငွေ့သုံးစီမံကိန်းများ၊ ဆိုလာစီမံကိန်း များနှင့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် LNG သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းလာပါက ရပ်နားထားရသည့် LNG ဓာတ်ငွေ့သုံး အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ရဲရွာ လျှပ်စစ်စီမံကိန်း၊ သူဌေးလျှပ်စစ်စီမံကိန်းတို့မှ စက်ရုံများကို ပြန်လည်ပတ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ဆောင်ရွက် အကောင်အထည်ဖော် ခဲ့သော နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများထဲမှ ၄၀ မဂ္ဂါဝပ် ထွက်ရှိမည့် လက်ပံလှစီမံကိန်း၊ ၃၀ မဂ္ဂါဝပ် ထွက်ရှိ မည့် ညောင်ပင်ကြီးစီမံကိန်းတို့မှာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟုလည်း ဆိုထားသည်။
မြေပြင်အခြေအနေမှာ စစ်ကောင်စီ ကြေညာထားသည့် မီးလာမည်ဆိုသည့်အချိန်ပင် ပြတ်တောက်မှုများ ရှိနေပြီး မီးပျက်ချိန်မှာလည်း နာရီပေါင်းကြာမြင့်သလို မီးလာလျှင်လည်း ဓာတ်အား ပြည့်မီစွာ မရရှိခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသာမက ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများပါ အခက်အခဲ များ ဖြစ်နေကြောင်း သိရသည်။
စက်မှုဇုန်လုပ်ငန်းရှင် တဦးက “လျှပ်စစ်မီး အခက်အခဲရှိတော့ မီးစက်တွေ သုံးရတော့ ကုန်ကျစရိတ်တွေ ပိုတက်လာ တယ်။ ဒီတော့ ကုန်ပစ္စည်းဈေးတွေ တက်လာတာပေါ့ဗျာ။ နေရာအနှံ့ တက်နေပါပြီ။ လုပ်ငန်းတွေကတော့ မေလ အထိမပေးဘဲ ဘယ်နှစ်လပဲပျက်ပျက် ထိခိုက်မှာပဲ။ တချို့စက်ရုံတွေလည်း ပိတ်သွားပြီ။ အရင်းအနှီးနဲ့ ဘယ်လိုမှ မခံ နိုင်တော့တာ။ အခု အလှည့်ကျ ပေးတယ်ဆိုပေမယ့်လည်း မီးအားမပြည့်တော့ မီးစက်သုံးရတာပဲ။ ပြီးတော့ လာနေတဲ့ အချိန် ခဏခဏပျက်တာက ရှိသေးတယ်။ အဲဒီတော့ ကုန်ကျစရိတ်ကတော့ အရင်ထက် ၅၀ ရာခိုင်နှုန်း ပိုဆောင်း နေရတာပဲ။ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးသာမက စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ပြည်ပမှ တင်သွင်းရ ခက်ခဲခြင်း၊ စက်သုံးဆီဈေး အပါအဝင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများမှာ ချေးငွေပြန်ဆပ်ရသော်လည်း ချေးငွေထပ်မရခြင်း၊ ငွေကြေးလည်ပတ်မှု အားနည်းခြင်း စသည့် အခက် အခဲများကြောင့် လုပ်ငန်းများ နလန်မထူနိုင်သည့် အနေအထား ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
ရေသန့်လုပ်ငန်းရှင် တဦးကလည်း “လုပ်ငန်းတွေက အသေးရယ်၊ အကြီးရယ်တော့ မဟုတ်ဘူး ရပ်ကုန်တာ။ ကျနော် တို့ကဏ္ဍဆိုရင် အသေးဆုံးစက်ရုံတခုက လုပ်သား ၁၅ ယောက်လောက် ရှိတယ်။ ရပ်သွားရင်တော့ အလုပ်လက်မဲ့ ဖြစ်ကုန်တာပဲ။ ဘယ်လောက် ရပ်ကုန်လဲကျတော့ ပြောရခက်တယ်။ အဘက်ဘက်ကတော့ ဆိုးကျိုးတွေချည်းပဲ။ ပြော လို့ မကုန်ဘူး” ဟု ပြောသည်။
စစ်ကောင်စီက လာမည့်မေလအထိ လျှပ်စစ်မီး အလှည့်ကျပေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး မေလနောက်ပိုင်း ကာလများ တွင် အပြည့်မပေးနိုင်လျှင် အလှည့်ကျနှင့် မီးပေးမည့် အချိန်ဇယားကို တိကျစွာထုတ်ပြန်ပေးနိုင်ရန် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ပြည်သူများက အယုံအကြည်မရှိဟု ဆိုကြသည်။
လျှပ်စစ်မီး ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ စိတ်ပျက်လွန်း၍ ပြောဆိုခြင်း မပြုချင်တော့ကြောင်း၊ မီးပျက်ချိန် များ သော်လည်း မီတာခမှာ ပုံမှန်ထက် ပိုကျသည်က များနေသဖြင့် ထူးခြားသည့် အခြေအနေ မရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောသည်။
၎င်းက “အခုတောင် မီးပေးတဲ့ အလှည့်ကျအချိန်မှာ မှန်မှမမှန်တာ ယုံစရာမရှိပါဘူး။ သူတို့ပြောတဲ့ လာတဲ့အချိန် အတိအကျ မလာတာ။ ပျက်မယ်ဆိုတဲ့အချိန်ကျ တိခနဲပဲ။ ပြီးတော့ မီးအားလည်း မပြည့်ဘူးလေ။ ညသန်းခေါင်ပဲ ပြည့်တာ။ ထမင်းအိုးတလုံးတောင် မီးအားမပြည့်လို့ မကျက်တာ များတယ်။ မနက်အစော ၂/၃ နာရီ ထတည်ရတယ်” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်မြို့ ခရိုင် ၄ ခုကို ၁ ရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျ မီးပေးစနစ်နှင့် အုပ်စု နှစ်စုခွဲပြီး ပေးနေခြင်းဖြစ်ကာ စက်မှုဇုန်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပေးထားကြောင်း စစ်ကောင်စီ၏ ရန် ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
You may also like these stories:
၇ရက်တိုင် ၂၄ နာရီ မီးဖြတ်မည်ဆိုသဖြင့် ရန်ကုန် စက်ရုံအချို့ ယာယီရပ်နားရန် ပြင်
အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ