သတင်း

မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်သတ်မှတ်မှု NUCC ထောက်ခံ

ရခိုင်ပြည်နယ်အတွင်း မွတ်စလင်လူမျိုးများအား သတ်ဖြတ်မှုတွင် မြန်မာစစ်တပ်အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်နိုင်ငံက သတ်မှတ်လိုက်သည့်အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ထောက်ခံကြောင်း ကြေညာသည်။

၂၀၁၇ ခုနှစ်တွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲကင်းများကို ဝင်ရောက်တိုက်ခိုက်မှုအပေါ် တုန့်ပြန်ရှင်းလင်းရာတွင် စစ်တပ်အနေဖြင့် အရပ်သားမွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်အပြင် လူဦးရေ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရမှုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

NUCC က “မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူပြည်သားများ အားလုံးနှင့် ရိုဟင်ဂျာလူနည်းစုများ၏ ဆယ်စုနှစ်များစွာကြာ ခံစားနေရသော ဆင်ရဲဒုက္ခများနှင့် ထိခိုက်နစ်နာမှုများစွာကို နက်နက်ရှိုင်းရှိုင်းအသိအမှတ်ပြုသည်” ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်အား လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူအဖြစ် သတ်မှတ်မှုသည် ပြည်သူပြည်သားများအတွက် တရားမျှတ မှုနှင့် တာဝန်ခံမှုရရှိရန်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းကာ တိုင်းရင်းသားလူမျိုးများ၏ မျှော်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် ကြီးမားခိုင်မာသော ခြေလှမ်းတရပ်ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်နေခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုများအား တရားမျှတမှုရရှိရေးနှင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUCC  က ဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်အစိုးရ၏ သတ်မှတ်မှုအပေါ် ငြင်းဆိုခဲ့ပြီး ၎င်းတို့ဆုံးဖြတ်ချက်အပေါ် ဂရုစိုက်နေပါက လုပ်စရာအလုပ်ပင် ရှိမည်မဟုတ်ကြောင်းလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆိုခဲ့သည်။

၎င်းက “တပ်မတော်တခုလုံးအနေနဲ့ ဂျီနိုဆိုက် (လူမျိုးတုန်းသတ်ဖြတ်မှု) ကျူးလွန်ခဲ့တာမရှိဘူး၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မ ရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး။  သို့သော် တာဝန်ထမ်းဆောင်တဲ့နေရာမှာ စစ်သည်တဦးချင်းအနေနဲ့ အစုအဖွဲ့အငယ်အနေနဲ့ မှား ယွင်းတာမျိုးရှိကောင်းရှိနိုင်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးလည်းဖြစ်တယ်၊ စုံစမ်းစစ် ဆေးပြီးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော် ၂၀၁၇ ခုနှစ်တွင် မောင်းတောမြို့နယ်၊ အင်းဒင်ကျေးရွာ၌ဖြစ်ခဲ့သည့် ဖမ်းမိထားသူ ၁၀ ဦးအား အစုလိုက်သတ်ဖြတ်မှုအပေါ် ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားမှုကြောင့် စစ်တပ်ကာ ကျူးလွန်ကြောင်း ဝန်ခံခဲ့ရပြီး လူသတ်မှုကျူးလွန်သူ စစ်တပ်မှ အရာရှိ ၄ ဦးနှင့် စစ်သည် ၃ ဦးအား စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သော်လည်း တနှစ်မပြည့်မီတွင်ပင် ထောင်မှပြန်လွှတ်ပေးခဲ့သည်။

ယင်းအတွက် ရခိုင်းပြည်နယ်အတွင်း လူသတ်မှုကျူးလွန်သူများအား စစ်တပ်က အယောင်ပြအရေးယူပြခြင်းသာဖြစ်ပြီး တပ်ဖွဲ့ဝင်များ အပေါ် ထိရောက်စွာထိန်းသိမ်းကိုင်တွယ်ခဲ့ခြင်းမရှိကြောင်း ဝေဖန်သုံးသပ်မှုများရှိခဲ့သည်။

အငြိမ်းစားရဲမှူးကြီးတဦးက “လွှဲချတာပေါ့ကွာ၊ ဟေ့ကောင်တွေ လုပ်ရင်လုပ်၊ လုပ်တဲ့ကောင် အရေးယူပလိုက်ဆိုရင် ဘယ်အောက်က ကောင်က ဘာလုပ်ရဲမှာတုန်း၊ အဲဒါကို အပြစ်ပေးပြီးပါပြီ ဘာညာဆိုတာကတော့ ဒါတွေက ရိုးနေပါပြီ။ မီးရှို့တဲ့ကောင်ပဲဖြစ်ဖြစ် ပြတ်ပြတ် သားသားဖမ်းဆီး အရေးယူခဲ့ရင် နောက်ကောင်တွေကလုပ်ရဲမလား” ဟု ပြောသည်။

အမေရိကန်နိုင်ငံက လူမျိုးတုန်းသတ်ဖြတ်ကြောင်း ဆုံးဖြတ်ချက်အပေါ် စစ်တပ်နည်းတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ ခိုင်ရေး) ပါတီဦးဆောင်သည့် ၂၁ ပါတီအစုအဖွဲ့ကလည်း ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ ကန့်ကွက်ခဲ့ပြီး တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ထောက်ခံလျှက်ရှိကြောင်း မတ်လ ၂၄ ရက်နေ့က ကြေညာခဲ့သည်။

ကြံ့ခိုင်ရေးပါတီဦးဆောင်သည့် စစ်တပ်ထောက်ခံသော ပါတီအစုအဖွဲ့သည် စစ်တပ်အာဏာမသိမ်းခင်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ရွေးကောက်ပွဲအနိုင်ရမှုသည် မဲမသမာမှုရှိကြောင်း စွပ်စွဲတိုင်တန်ကာ အာဏာသိမ်းရန် တိုက်တွန်းခဲ့ကြသူများဖြစ်သည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မြန်မာအစိုးရ အပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့သည့်အတွက် ရင်ဆိုင်ဖြေရှင်းရလျှက်ရှိသည်။

ယင်းအပြင် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်တပ်အနေဖြင့် နိုင်ငံတဝှမ်းဆန္ဒပြ ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် မှုများ ပြုလုပ်ခဲ့သည့်အပြင် အထူးသဖြင့် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် အရပ်သားပြည်သူများအား အကြမ်း ဖက်တိုက်ခိုက်မှုများ၊ အစုလိုက်သတ်ဖြတ်မှုများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျှက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ထားချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ်မတ်လ ၂၄ ရက်နေ့အထိ စစ်တပ်အကြမ်းဖက်ပတ်ခတ်မှုကြောင့် ပြည်သူ ၁၇၀၇ ဦးသေဆုံးခဲ့ရပြီး လူဦးရေတသောင်းခန့် ဖမ်းဆီးခံခဲ့ရသည်။

You may also like these stories:

စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်

ပါကစ္စတန်မှာ လက်နက်ဝယ်ဖို့ မြန်မာစစ်တပ်ကို တရုတ်လမ်းကြောင်းနေသလား

နေ့စဉ်နှင့်အမျှ မြန်မာစစ်တပ် အကျအဆုံးများလာ

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

Loading