အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ချုပ်နှောင်ထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ယနေ့ တရားရုံးသို့ လာရောက်နိုင်ခြင်း မရှိသည့်အတွက် ရုံးချိန်းများ ရွှေ့ဆိုင်းလိုက်ရ ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတည်းက သူ့ရဲ့အိမ်က အတူနေသူတွေ နေမကောင်းဘူးလို့ ပြောတယ်။ ကျန်းမာရေး အနေအထားကတော့ သေချာ မသိရဘူး။ ကိုဗစ်-၁၉ ရောဂါကြောင့် ကွာရန်တင်း (Quarantine) သဘောမျိုး နေနေရ တယ် လို့တော့ သိရတယ်” ဟု ပြောသည်။
တရားရုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ရုံးချိန်း မတက်နိုင်ကြောင်းသာ ပြောကြားခဲ့ သည်ဟုသိရပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုလည်း ယနေ့တွင် အွန်လိုင်း ဗီဒီယိုစနစ်ဖြင့်သာ ရုံးချိန်းပေးခဲ့သည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်းဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် အမှုများအား ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့အား ရွှေ့ဆိုင်းလိုက်သည်။
အမှုများထဲမှ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှ ရွှေနှင့် ဒေါ်လာများ ပေးခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစု ကြည်အား အဂတိမှုဖြင့် တရားစွဲဆိုထားမှုတွင် ယနေ့ရုံးချိန်း၌ အပြီးသတ် လျှောက်လဲချက်ပေးရန် ချိန်းဆိုထားသော်လည်း ဧပြီလ ၁၈ ရက်အထိ ရုံးချိန်း ရွှေ့ဆိုင်းခဲ့သည်။
ယနေ့ ရုံးချိန်းတွင် တရားရုံးသို့ ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူ (နေပြည်တော် စည်ပင် ကော်မတီဝင်) တို့ သုံးဦးသာ ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
You may also like these stories:
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ၅ မှု ချေဖျက်ပေးရန် လျှောက်ထားမှု ပယ်ချခံရ
လာဘ်ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စစ်ဆေး