ဖရူဆိုစစ်ရှောင်များ လာမည့်နှစ်ပတ်အတွင်း ရိက္ခာပြတ်နိုင်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ် ဖရူဆိုဒေသရှိ စစ်ဘေးရှောင်နှင့် ပြည်သူများ နှစ်ပတ်အတွင်း စားနပ်ရိက္ခာ မရရှိပါက အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း စစ်ရှောင်ကူညီရေးများထံမှ သိရသည်။
လက်ရှိတွင် မိုးဗြဲ၊ နမ့်မယ်ခုံ၊ ဒေါငံခါး၊ ဒီမော့ဆို မြို့နယ်များတွင် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေရာ ဒေသခံ စစ်ရှောင် တသိန်းခွဲကျော်သည် ဖရူဆို ဒေသထဲသို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာဝင်မည့် လမ်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် ထိုသို့ အငတ်ဘေးဖြင့် ကြုံနိုင်မည့် အလားအလာရှိနေခြင်းဖြစ်ကြောင်းသိရသည်။
ကရင်နီ လူ့အခွင့်အရေး အဖွဲ့က ဒါရိုက်တာ ကိုဗညားက “ဖရူဆိုဒေသက ဆန်အထွက်နည်းတယ်။ တချို့ ဧရိယာ တွေက ဖာလာပဲ စိုက်ကြ တယ်။ ဒီနှစ်ရဲ့ စားနပ်ရိက္ခာ ဖူလုံမှု အခက်အခဲက အစကထဲက ရှိနေပြီးသား စီးပွားရေး ကျတာနဲ့လည်းဆိုင်တယ်။ စိုက်ပျိုးရေးကလည်း ဒီနှစ်နည်းတယ်။ အဲဒီတော့ တချို့ စပါး မစိုက်ဘဲ သီးနှံပဲ စိုက်တဲ့သူတွေလည်း စစ်ရှောင်စခန်းတွေနဲ့ မခြားပါဘူး။ တပတ်၊ နှစ်ပတ်နဲ့ တလကြားမှာ စားနပ်ရိက္ခာ ပြတ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရှောင်ဦးရေမှာ ဖရူဆိုဒေသ လူဦးရေထက် များနေရာ ရိက္ခာအတွက် ဒီးမော့ဆိုမြို့နယ်ဘက်မှ ဝယ်ယူစားသောက် နေရပြီး စစ်ကောင်စီကလည်း ဒေသခံကာကွယ်ရေးများကို ထိုးစစ်ဆင်နေသဖြင့် လမ်းကြောင်းများ ပိတ်ထားခြင်း ကလည်း ရိက္ခာပြတ်မှုကို ဖြစ်စေသည်။
“တောင်ငူက တက်တဲ့လမ်းကြောင်းကိုလည်း စစ်ကောင်စီက ပိတ်လိုက်တာ နှစ်ပတ်သုံးပတ်ရှိပြီ၊ ဒီးမော့ဆို လမ်း ကြောင်းကလည်း တလနီးပါး တိုက်ပွဲဖြစ်တော့ ပိတ်သွားတယ်။ စားနပ်ရိက္ခာက တလစာလောက်ပဲ ဝယ်စားနေရတဲ့ အခြေအနေမှာ အခုလိုမျိုးပိတ်တော့ နောက်ထပ် နှစ်ပတ်ဆိုရင် စားနပ်ရိက္ခာ ပြတ်တောက်ဖို့ အလားအလာ ရှိပါတယ်။ လူထုတွေကတော့ စားနပ်ရိက္ခာလည်း တော်တော် ကုန်နေပြီ” ဟု ပြောသည်။
စိုက်ပျိုးသီးနှံများမှာလည်း ယခုနှစ် စစ်ဘေးကြောင့် တချို့ တောင်သူများ သီးနှံ အတန်သင့်သာရခြင်း၊ အများစုက စပါးထက် ဖာလာ စသည့် သီးနှံများကိုသာ စိုက်ပျိုးခြင်း၊ စီးပွားရေး ကျဆင်းခြင်းနှင့် စစ်ကောင်စီက စားနပ်ရိက္ခာ ဝင်ရောက်နိုင်သော လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းများကြောင့် ဆေးဝါး အပါအဝင် ရိက္ခာ ပြတ်တောက်မည့် အရေးနှင့် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဖရူဆိုဒေသ အနောက်ဘက်ခြမ်း တခုတည်းပင်လျှင် စစ်ဘေးရှောင် လူဦးရေ နှစ်သောင်းကျော်အထိ ရှိနေပြီး ဒေသခံ များနှင့် အခြားမြို့နယ်မှ သူများပါလျှင် စားနပ်ရိက္ခာ ပြတ်တောက်မည့် ဘေးနှင့် ကြုံတွေ့နေရသူ သိန်းနှင့်ချီ၍ ရှိနိုင် ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ဘေးရှောင် စခန်းများတွင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များက ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာ ခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ကူးစက်မှုများလည်း စစ်ဘေးရှောင် စခန်းများတွင် ကြုံတွေ့နေရကြောင်း ဒါရိုက်တာ ကိုဗညားက ပြောသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါလက္ခာ နှင့် ဆင်တူသည့် ဖျားနာသူများ ရှိနေခြင်း ကြောင့်လည်း ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အခက်အခဲများစွာ စစ်ဘေးရှောင် စခန်းများတွင် ရှိနေသည်။
ဖျားနာ နေသူများကို လက်ရှိတွင် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သလိပ်ကျပျောက်ဆေး အစရှိ သည် တို့ကိုသာ ပေးနိုင်ပြီး ထိန်းချုပ်မှု မလုပ်နိုင်သောကြောင့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့ပွားမှုများက စစ် ဘေးရှောင်စခန်းများရှိ နေရာတိုင်းတွင် တွေ့နေရကြောင်း သိရသည်။
ဒီးမော့ဆို ဒေသခံ တဦးက “စစ်ကောင်စီက လူထုရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ ပါမကျန် တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ အထိလုပ်တာတွေ ရှိတယ်။ အခုကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါ ဖြတ် တောက်ထားတယ်။ မကြာခင်တော့ ရိက္ခာ ပြတ်မယ် အခြေအနေ ကြုံရနိုင်တယ်” ဟု ပြောသည်။
စစ်ကောင်စီအနေနှင့် စစ်ဘေးရှောင် စခန်းများရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များအား စားနပ်ရိက္ခာ ဖြတ်တောက်ခြင်းသည် ဒေသခံများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ကြိုတင်ကြံစည်ခြင်းဖြစ်ပြီး ဥပဒေကြောင်းအရ ကြည့်ပါကလည်း ကြီးလေးသော ရာဇဝတ်မှုဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီရေး ဆောင်ရွက် သူများက ပြောသည်။
အခြေခံ အကျဆုံးဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစာ အဟာရဖြတ်တောက်မှု လုပ်နေခြင်းသည် အဆိုး ရွားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများက မှတ်ချက် ပြုသည်။
ယခု ၂၀၂၂ ခုနှစ် မတ်လ လဆန်းပိုင်းမှာပင် စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုမှာ ၁၀ ဦး ထက် မနည်း ရှိခဲ့ပြီး ထိုအထဲတွင် လွယ်ထဲ ကျေးရွာထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျသဖြင့် သေဆုံးသူများ ထဲမှာ ကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီးတဦးလည်း ပါဝင်နေကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် (KNDF) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ပြီး စစ်ကောင်စီနှင့် ဒေသခံ ကရင်နီ ပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခု မတ်လ ၂၄ ရက်အထိ ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၂ သိန်းနီးပါး အထိ ရှိနေကြောင်း ကရင်နီ လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ
ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ