သတင်း

စစ်ကောင်စီက ရဲတပ်ဖွဲ့ ဥပဒေသစ် ပြဋ္ဌာန်းခြင်းဖြင့် ဖိနှိပ်ရေးယန္တရား တိုးမြှင့်

အာဏာသိမ်းမှု တနှစ်ကျော်ကြာလာချိန် စစ်ကောင်စီက ၎င်းတို့အပေါ် ဆန့်ကျင်သူများကို ထိန်းချုပ်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သည့် အနေဖြင့် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ” အသစ်တရပ်အား မတ်လ ၂၅ ရက်က အတည်ပြု ပြဋ္ဌာန်း လိုက်သည်။

ထိုသို့ ရဲတပ်ဖွဲ့ ဥပဒေသစ် ပြဌာန်းခြင်းသည် စစ်ကောင်စီက ၎င်းအား ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် PDF များအား ထောက်ပံ့နေသူများ၊ လူထုလှုပ်ရှားမှုများ တွင် ပါဝင်သူများအား ဖြိုခွဲဖမ်းဆီး နိုင်ရေး ရဲတပ်ဖွဲ့အား ပိုမိုလုပ်ဆောင်နိုင်ရန် လုပ်ပိုင်ခွင့်များ တိုးပေးလိုက်သကဲ့သို့ စစ်ခေါင်းဆောင် အနေဖြင့် ရဲတပ်ဖွဲ့အပေါ်တွင် ဥပဒေအရ ပိုမို စီမံခြယ်လှယ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ပြည်သူ့ အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ရဲအရာရှိတဦးက “အခုလို တရားဝင် ဥပဒေတရပ် ထုတ်ခဲ့ခြင်းကတော့ ရဲတပ်ဖွဲ့ကို တရားဝင် ကာ/ချုပ်အောက်ကို ထည့်လိုက်ခြင်း ဖြစ်ပါတယ်။ ရဲလုပ်ငန်းများကို တရားဝင် ဝင်ရောက် စီမံခွင့်ရအောင် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ အရင်ကတော့ အမိန့်၊ ညွှန်ကြားချက်နဲ့ အတင်း လုပ်ခိုင်းနေတာတွေက ပိုများပါတယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ ဥပဒေသစ် ပုဒ်မ ၃ (ဃ) တွင် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင် ရွက်ရမည့်အပြင် ပုဒ်မ ၉(က)တွင်လည်း ရဲချုပ်ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းများအား တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ညှိနှိုင်းပြီးမှ ပြုလုပ်နိုင်ရန် ပြဋ္ဌာန်းထားသည်။

အထူးသဖြင့် ပုဒ်မ ၁၈ (ဈ) တွင် ရဲတပ်ဖွဲ့၏ မူလလုပ်ငန်းများဖြစ်သည့် ရပ်ရွာ အေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအပြင် စစ်တပ် လုပ်ငန်းတာဝန်ဖြစ်သည့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များပါ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

ရဲတပ်ဖွဲ့ အနေဖြင့် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာမသိမ်းမီက သီးခြား ရပ်တည်ခဲ့သော်လည်း အာဏာသိမ်းပြီး နောက် ပိုင်း စစ်တပ်၏ အရံအင်အားအဖြစ် ပြောင်းလဲကာ လုံခြုံရေးရဲတပ်ရင်းများ ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသ လုံခြုံရေး တာဝန်များတွင် စစ်တပ်နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်များ ရှိခဲ့ပြီး ရဲချုပ်နှင့် သတင်း ရဲတပ်ဖွဲ့မှူးတို့အား စစ် တပ်မှ ပြောင်းလာသူများကိုသာ ခန့်အပ်လုပ်ဆောင်ခဲ့သည်။

သို့သော် အရပ်သား အစိုးရလက်ထက်တွင် တိုက်ရိုက် ခန့်အပ်ခွင့်မရခဲ့သော်လည်း ရဲတပ်ဖွဲ့အတွင်း ရှိနှင့်ပြီးသား တပ်ပြောင်းအရာရှိများကို ခန့်အပ်ခဲ့ရာမှ ယခုကဲ့သိုဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြင့် ကာ/ချုပ်၏ ချုပ်ကိုင် စီမံမှုသည် တရားဝင် ဆောင်ရွက်မှုအဖြစ် ဖန်တီးခြင်းသာ ဖြစ်ကြောင်းလည်း လေ့လာသူအချို့က သုံးသပ်သည်။

ဥပဒေသစ်အရ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များပါ ဆောင်ရွက်ရမည် ဟုဆိုထားသည့်အတွက် လုံခြုံရေးတပ်ရင်းများအပြင် မြို့ရွာများတွင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ ဝင်များအနေဖြင့်လည်း လိုအပ်ပါက ရှေ့တန်းစစ်မြေပြင်သို့ လိုက်ပါ တာဝန်ထမ်းဆောင်ရမည့် သဘောဖြစ်ကြောင်း လည်း အငြိမ်းစားရဲအရာရှိတဦးက ပြောသည်။

အဆိုပါ ပြဋ္ဌာန်းချက်သည် စစ်အာဏာသိမ်းမှုကြောင့် ထောင်နှင့်ချီကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ပြည်သူ ဘက်ခိုလှုံခဲ့ကြသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကြောင့် အင်အားလျော့ပါးသွားမှုနှင့် PDF များ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်များအား ရင်ဆိုင်တိုက်ခိုက်ရန် ပျူစောထီး လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် အင်အားစုဆောင်း နေရသည့် အာဏာသိမ်းစစ်တပ်၏ လိုအပ်ချက်နှင့်လည်း တိုက်ရိုက် အချိုးကျနေသည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့ လုပ်ပိုင်ခွင့်အနေဖြင့်လည်း ဥပဒေသစ်ပါ စာသားအရ “စည်းကမ်း သေဝပ်တည်ငြိမ်ရေးနှင့် မှုခင်း ကြိုတင် ကာကွယ်ရေး” အကြောင်းပြကာ နိုင်ငံသားတဦးအား အများပြည်သူဆိုင်ရာ လမ်း၊ နေအိမ်၊ ယာဉ်များပေါ်တွင် ဝရမ်း မလိုအပ်ဘဲ စွပ်စွဲ ဖမ်းဆီးပိုင်ခွင့်ရှိသည်အထိ ပြဋ္ဌာန်းပေးထားသည်။

အထူးသဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှုဖြစ်သည့် သံပုံးတီးခြင်းကိုပင်၊ အများပြည်သူပိုင် နေရာ နှင့် ပိုင်ရှင်ခွင့်ပြုချက် မရှိဘဲ နံရံများပေါ် စာရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲတို့အား အနည်းဆုံးထောင် ၁ လမှ အများ ဆုံးထောင် ၃ လအထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တသောင်းမှ အများဆုံး ကျပ်ငါးသောင်းအထိဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်ဒဏ်များ တိုးမြှင့်ကာ ပြဋ္ဌာန်းထားသည်။

ယင်းသို့ လုပ်ပိုင်ခွင့် တိုးပေးလိုက်ခြင်းဖြင့် ကျင့်သုံး ဆောင်ရွက်မည့် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသားတဦး၏ ပုဂ္ဂလိက လွတ်လပ်မှုနှင့် လုံခြုံမှု အခွင့်အရေးများအပေါ် လေးစား လိုက်နာဆောင်ရွက်ပါက ပြဿနာ မရှိသော်လည်း လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်ကာ လုပ်ကိုင် ဆောင်ရွက်လာပါက ယခု ဥပဒေသစ်သည် လူထုအတွက် အလွန် အန္တရာယ်ကြီးကြောင်းလည်း ဥပဒေရေးရာ လေ့လာသုံးသပ်သူတဦးက ပြောသည်။

၎င်းက “နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုက ဒီဥပဒေပါ အရဆို အတော်ကို အားနည်းသွားတယ်။ ရဲတပ် ဖွဲ့ဝင်တဦးက နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး အကြောင်းပြချက်နဲ့ အချိန်မရွေး နိုင်ငံသားတဦးကို ဖမ်းလို့ ရတယ်၊ ဖမ်းခွင့်ရှိတယ်၊ စစ်ဆေးခွင့်ရှိတယ်။ အဆောက်အအုံတွေထဲကို ဝင်ရောက်ရှာဖွေခွင့်ရှိတယ်။ အခုဆိုရင် ဆောက်မယ့် အိမ်တောင်မှပဲ အဆောက်အအုံ ဒီဇိုင်းနဲ့တကွ ရဲထံ တင်ပြရမယ်ဆိုတော့ ဘာမှ လုံခြုံလွတ်လပ်မှု မရှိနိုင်တော့ဘူး” ဟု ပြောသည်။

ဥပဒေအရ ရဲတပ်ဖွဲ့အား လုပ်ပိုင်ခွင့်များ ပိုမို ပေးအပ်ထားသည်ဟုဆိုသော်လည်း အနှစ်ချုပ်အားဖြင့် ကာ/ချုပ်မှ တိုက် ရိုက် အမိန့်ပေးစေ ခိုင်းကာ ပြည်သူများအား မတရား ဖိနှိပ်သည့် လုပ်ဆောင်မှုများ ပြုလုပ်နိုင်စေရန် တပ်ပြောင်း ရဲ အရာရှိများအား အကာအကွယ် ပေးထားခြင်းသာဖြစ်ပြီး လက်တွေ့ ဆောင်ရွက်ရသည့် အောက်ခြေ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများ ပိုလာစရာမရှိကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

အငြိမ်းစား ရဲအရာရှိတဦးက “အပြင်က မြင်ရင်တော့ ရဲတွေကို လုပ်ပိုင်ခွင့်ပေးလိုက်တာပေါ့၊ ရဲတွေအမြင်နဲ့ ကြည့်ရင် တော့ ငါတို့ကို ရှေ့က ခံပြီ၊ ကြိုးချည်ပြီ ဆိုပြီး မြင်ကြမှာပဲ၊ ဥပဒေတွေကလည်း သူတို့ကအဆင်ပြေသလို ထုတ်နေကြ တာပဲလေ။ ရဲတော့ ကြားထဲကနေတော့ ဒုက္ခရောက်ကြဦးမယ်လို့ပဲ မြင်မိပါတယ်” ဟု သုံးသပ်ပြောသည်။

ထို့ပြင် ရဲတပ်ဖွဲ့ ဥပဒေသစ်တွင် ပြစ်မှုပြစ်ဒဏ်များအား တိုးမြင့် ပြဋ္ဌာန်းထားခြင်းမှာလည်း အရေးပေါ်ကာလ အစိုးရ တိုင်း၏ အယူအဆ တခုအနေဖြင့် ပြည်သူများအား အကြောက်တရားဖြင့် ထိန်းချုပ် အုပ်ချုပ်နိုင်စေရန် ရည်ရွယ်ထား သည်ကိုလည်း တွေ့ရကြောင်း ဥပဒေရေးရာ လေ့လာ သုံးသပ်သူတဦးက ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေသစ်ပြဋ္ဌာန်းခြင်းဖြင့်လည်း ယခင် ပြဋ္ဌာန်းထားသည့် The Yangon Police Act (1899)၊The Police Act (1945)၊ ၁၉၅၉ ခုနှစ်- ကရင်ပြည်နယ် ရဲအဖွဲ့ အက်ဥပဒေ (ကရင်ပြည်နယ် အက်ဥပဒေ အမှတ်၂/၁၉၅၉) နှင့် ၁၉၅၉ ခုနှစ်- ကယားပြည်နယ် ရဲအဖွဲ့အက်ဥပဒေ (ကယားပြည်နယ် အက်ဥပဒေအမှတ် ၄/ ၁၉၅၉) တို့အား လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်းလည်း စစ်ကောင်စီက ကြေညာခဲ့သည်။

You may also like these stories:

မင်းတပ်တွင် စစ်ကောင်စီတပ်များကို CDF များဝင်တိုက်

စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ

Loading