ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၇ ရက်က ကျရောက်သော တပ်မတော်နေ့ (တော်လှန်ရေးနေ့) တွင် ဝါရင့်အနုပညာရှင်ကြီးများ အပါအဝင် လူပုဂ္ဂိုလ်တချို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ၎င်း၏ ဘက်တော်သားများသဖွယ် ထုတ်ဖော်ကြေညာခဲ့သည်။
သို့သော် ၎င်းဆုချီးမြှင့်ပေးအပ်သည့် စာရင်းတွင် စစ်တပ်အား ထောက်ခံသည့် အနုပညာရှင်များသာမက စစ်တပ်ကို မထောက်ခံသည့် အနုပညာရှင်များနှင့် မည်သို့မျှ ခွန်းတုံ့ပြန်နိုင်စွမ်း မရှိတော့သည့် ကွယ်လွန်ပြီးသော ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများကိုပါ ဆွဲထည့်ပေးအပ်ခဲ့သည်ကို တွေ့ရသည်။
ကွယ်လွန်သည်မှာ ကြာမြင့်နေပြီဖြစ်သော ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၏ အမည်များကို စစ်ကောင်စီက ထည့်သွင်းထားခြင်းမှာ ထိုသူတို့၏ ရပ်တည်ချက်၊ ဖြစ်တည်မှုနှင့် ယင်းပုဂ္ဂိုလ်များ၏ သမိုင်းကြောင်းကို စော်ကားရာရောက် သည်ဟူသော ဝေဖန်မှုများလည်း ရှိသည်။
“ဒါက စော်ကားလိုက်တာပဲ။ သူတို့ ချီးမြှင့်တဲ့စာရင်းမှာ ဦးထွန်းဝေတောင် ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေက တချိန်တုန်း က တောက်လျှောက် အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့သူတွေ။ ဒီလိုလူမျိုးတွေ ထည့်ပေးလိုက်တဲ့အခါမှာ ဒီလူတွေရဲ့ ရပ်တည် မှု၊ ဖြစ်တည်မှု၊ ဒီလူတွေရဲ့သမိုင်းကို စော်ကားလိုက်တာပဲ” ဟု လက်ရှိ တော်လှန်ရေးတွင် ပါဝင်နေသည့် ဝါရင့်အနုပညာရှင် တဦးက သုံးသပ်ပြောဆိုသည်။
ဦးဝင်းဦး၊ ကောလိပ်ဂျင်နေဝင်း၊ ဦးကျောက်လုံး ဆိုသည်မှာလည်း တခေတ်တခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ၎င်းတို့၏ အနုပညာစံချိန်၊ အနုပညာစွမ်းဆောင်မှု၊ ဖန်တီးမှုများသည် ယနေ့ခေတ် အနုပညာရှင်များ စံပြအတုယူနေရသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း ဝါရင့်အနုပညာရှင်တဦးကလည်း ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ဦးကျော်ဟိန်းဆိုလည်း နောက်ဆုံးမှာ ဘုန်းကြီးဘဝနဲ့ ပျံလွန်တော်မူသွားတယ်။ သူ့ရဲ့နေပုံထိုင်ပုံက အစ ကျနော်တို့ အင်မတန် ကြည်ညိုရတယ်။ လေးစားရတယ်။ အကောင်းဆုံး စံပြလူသားအနေနဲ့ နေထိုင်သွားတဲ့ ပုဂ္ဂိုလ်တွေကိုပါ ထည့်ပေးလိုက်တယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီအတွက် ပေါ်ပေါ်ထင်ထင် လော်ဘီလုပ်ပေးနေသော အဆင့်အတန်းမရှိသည့် အနုပညာရှင်များ နှင့် ပြည်သူ့အနုပညာရှင်များကို တန်းထိုးလိုက်ခြင်းဖြစ်ပြီး ပြည်သူ့အနုပညာရှင်များ၏ နာမည်ကို သတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ပြည်ပရောက် ဝါရင့်ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာတဦးကလည်း မှတ်ချက်ပြုသည်။
အာဏာသိမ်း စစ်ကောင်စီက ပေးအပ်သည့် အလင်္ကာကျော်စွာဘွဲ့စာရင်းတွင် ကွယ်လွန်ပြီး အနုပညာရှင်များဖြစ်သည့် စည်သူဗိုလ်ကလေးတင့်အောင်၊ မင်းသားကြီး ညွန့်ဝင်း၊ ဂီတလုလင်မောင်ကိုကို၊ ဝင်းဦး၊ ကောလိပ်ဂျင်နေဝင်း စသူတို့ ပါဝင်နေပြီး လူမှုထူးချွန်ဆုတံဆိပ် ပေးအပ်သည့်စာရင်းတွင်လည်း ဦးထွန်းဝေ၊ ဦးကျောက်လုံး၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ ဆိုင်း ပညာရှင်စိန်မွတ္တားနှင့် မင်းသားကျော်ဟိန်းတို့ ပါဝင်နေခြင်း ဖြစ်သည်။
ထိုသို့ စာရင်းထည့်သွင်းထားမှုနှင့် ပတ်သက်၍ ဝါရင့်အနုပညာရှင်တဦးက “ဖြစ်နိုင်မယ်ဆိုရင် ပြန်တောင်းပန်ပါ။ ပြီးတော့ ဒီလိုထည့်သွင်းမိတာ မှားယွင်းသွားတယ်လို့ တောင်းပန်စေချင်တယ်” ဟု တိုက်တွန်းပြောဆိုသည်။
ထိုသို့ ဘွဲ့တံဆိပ်ပေးအပ်ရာတွင် စစ်ကောင်စီက အနုပညာရှင် စုစုပေါင်း ၄၈ ဦးကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ ၃ ပိုင်းခွဲကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လူမှုထူးချွန်ဆု (ပထမအဆင့်) တွင် အဆိုတော် နွဲ့ယဉ်ဝင်း၊ ဓာတ်ပုံ ပညာရှင် ဦးသန်းညွန့် (ပန်းသာ)၊ ဦးဇော်မင်း (ဟန်သာမြေ)၊ မင်းသားရန်အောင်၊ ဒါရိုက်တာမောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့ မြင့်အောင်၊ ဓာတ်ပုံပညာရှင် ကိုကိုဌေး (ထိပ်တန်း)၊ ချိုပြုံးနှင့် ဓာတ်ပုံဆရာ ချစ်မင်းလူတို့ ပါဝင်သည်။
ထို့အတူ ယင်းစာရင်းတွင် ဓာတ်ပုံ ကျောက်ဖြူ (ပဒေသာ)၊ ဦးထွန်းဝေ၊ ဦးကျောက်လုံး၊ မင်းသမီးကြီး ဝါဝါဝင်းရွှေ၊ ခင်သန်း နု၊ ခင်သီတာထွန်း၊ နေအောင်၊ ဂီတပညာရှင် ဇော်မျိုးထွဋ်၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ဒါရိုက်တာ ခင်မောင်ဦး/စိုးသိန်းထွဋ်၊ ဦးငြိမ်းမင်း၊ နေတိုး၊ ဝါးခယ်မရဲအောင်၊ ရီရီသန့်နှင့် ဦးတင်ဦးလေးတို့လည်း ပါဝင်သည်။
အဆိုပါ ဆုရစာရင်းတွင် ပါဝင်သည့် ဝါရင့်အနုပညာရှင်ကြီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအကြောင်း အရာနှင့် ပတ်သက်၍ သေချာမသိသဖြင့် မဖြေကြားလိုကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
လူမှုထူးချွန်ဆု ဒုတိယအဆင့်နှင့် တတိယအဆင့်တွင် ဝါရင့်အနုပညာရှင်တချို့ ပါဝင်ကာ စစ်ကောင်စီကို ပေါ်ပေါ်ထင် ထင် ထောက်ခံနေသည့် အနုပညာရှင်အချို့လည်း ပါဝင်သည်။
လူမှုထူးချွန်ဆု (တတိယအဆင့်) တွင် စစ်ကောင်စီ၏ ပေါ်လစီ ဇာတ်ကားများကို အများဆုံး ရိုက်ကူးသည့် ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ ပေါ်လစီ ဇာတ်ကားများတွင် အများဆုံး ပါဝင်သရုပ်ဆောင်လေ့ရှိသည့် ခန့်စည်သူ၊ ဖိုးသော ကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လက်နှင့် အဆိုတော် ယုန်လေးတို့ ပါဝင်သည်။
ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) သည် “အညတရမိုးကောင်းကင်”၊ “ပြည်ထောင်စုသစ္စာ”၊ “စစ်ကိုမုန်း၍တိုက်ခဲ့ သည်” ၊ “တစစ်တမက် ကိုယ်နှင့်သက်ကို” စသည့် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးခဲ့သည့် ဗိုလ်မှူး ဒါရိုက်တာတဦးဖြစ်ပြီး မကြာသေးခင်ကလည်း “အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့” အမည်ရ ဝါဒဖြန့်ပေါ်လစီကားတကား ရိုက်ကူး ထားသည်။
ဝါရင့် ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာတဦးက “စစ်ကောင်စီက ရန်ငြိုးအရမ်းကြီးတယ်။ သူ့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ကို လက်စားချေချင်တယ်။ ငါတို့ကို မထောက်ခံလေခြင်း၊ ပြည်သူ့ဘက်ကို လိုက်လေခြင်းဆိုပြီး လက်စားချေချင်တယ်။ လူ ကို သတ်လို့မရတဲ့အခါ နာမည်ကို သတ်ပစ်တယ်။ အခု အဲဒီလူတွေကို သူတို့က ဘောမတွေနဲ့ တတန်းစားတည်း ထားတယ်” ဟု ပြောဆိုသည်။
လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ပေးအပ်ခံရသည့် စာရင်းတွင်လည်း ဒါရိုက်တာ မောင်ဝဏ္ဏ၊ ဒေါ်မြင့်မြင့်ခိုင်၊ မင်းသား ကျော် ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ ဆိုင်းပညာရှင် စိန်မွတ္တား၊ ခိုင်သင်းကြည်၊ စန္ဒရား တင်ဝင်းလှိုင်နှင့် ဦးကြည် မင်းသိန်းတို့ ပါဝင်သည်။
ယင်းစာရင်းတွင် ပါဝင်သည့် ကွယ်လွန်သွားပြီဖြစ်သော အနုပညာရှင်အချို့၏ မိသားစုဝင်များ သဘောထားကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “သဘောထားက ဘာမှ မရှိပါဘူး။ သူတို့ (စစ်ကောင်စီ) က ပေးတယ်ဆိုတာ သိတောင် မသိဘူး။ ဘာမှတ်ချက်မှတော့ မပေးလိုဘူး” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂ ရက်က ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသော နာမည်ကြီး အနုပညာရှင်အချို့ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သလို လာမည့်ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတရက်) တွင်လည်း ရုပ်ရှင်ရုံများ ဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိနေသည်။