အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်း အမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်းနှင့် ရွှေတူးဖော်မှုများရှိလာနေရာ အမွေအနှစ်များ ထိခိုက်မည်စိုးသဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDF) က တူးဖော်မှုများ မလုပ်ရန်၊ တွေ့ရှိပါက အရေးယူမည်ဟု သတိပေးချက်ထုတ်ပြန်ထားသည်။
ဟန်လင်းရှေးဟောင်းနယ်မြေတွင် ယခင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရုံးထိုင်ကာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ နယ်မြေလုံခြုံရေး အခြေအနေအရ လုပ်ဆောင်နိုင်ခြင်း မရှိတော့ သဖြင့် ရွှေရှာစက်များဖြင့် ရှာဖွေတူးဖော်ခြင်း၊ ရှေးဟောင်းပစ္စည်း တူးဖော်ခြင်းများ ပြုလုပ်လာသည့်အတွက် ရှေးဟောင်း အမွေအနှစ်များ ကို ထိခိုက်မည်စိုး၍ ထိုသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတဦးက ပြောသည်။
“သူတို့ကတော့ ရွှေတိုရွှေစလေးတွေ ရဖူးကြတော့ ရမ်းသမ်းတူးကြတာမျိုးပေါ့။ ဘာပညာရှင်မှ ပါတာမဟုတ်ဘူး။ စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီလို တူးတာတွေ တော်တော်များလာလို့ ကျနော်တို့က တားထားတာပါ။ ဇုန်နယ်မြေ ထဲမှာပါတဲ့ လယ်တွေ၊ ကုန်းတွေမှာ တူးထားတာတွေကို တွေ့ရတာပါ။ အဓိကကတော့ ရှေးဟောင်းဇုန်ကို ထိခိုက်မှု မရှိ စေချင်တော့ ရွှေမရှာကြဖို့ တားရတာပါ” ဟုလည်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဇာမဏီက ပြောသည်။
သတိပေးချက် ထုတ်ပြန်ပြီးနောက်ပိုင်း ဟန်လင်း ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ခြင်း များ တွေ့ရှိပါက ပထမအကြိမ် သတိပေးပြီး ပြန်လွှတ်ပေးမည် ဖြစ်သော်လည်း ၃ ကြိမ်တိုင် တွေ့ရှိပြီဆိုပါက ထိရောက် သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။
ထိုသို့ တူးဖော်ရာတွင် ဟန်လင်းဒေသခံများထက် ရွှေဘို၊ ဝက်လက်နယ်အစပ် ကျေးရွာများမှ ဒေသခံများက လာရောက် တူးဖော်နေကြခြင်း ဖြစ်ပြီး၊ ရှေးဟောင်းနယ်မြေအတွင်းရှိ သင်္ချိုင်းနယ်မြေများမှ ရှေးခေတ်ရုပ်အလောင်းများအား တူးဖော်၍ လက်ဝတ်ရတနာ ရှာဖွေခြင်းများကို ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဟန်လင်းဒေသခံတဦးက “ပြောရမယ်ဆိုရင် အလောင်းကြောရှာတယ်လို့ ပြောရမှာပေါ့။ တူးထားတာတွေကို တွေ့ရ တာတော့ အချို့နေရာတွေဆိုရင် လူ့တရပ်နီးပါး၊ အချို့နေရာတွေဆိုရင် ခါးလောက်အနက်တွေထိ ရှိတယ်။ တူးတဲ့သူတွေ ကတော့ ရှေးဟောင်းပစ္စည်းအချို့နဲ့ ရွှေတိုရွှေစတွေ ရကြတယ်လို့တော့ သိရတာပဲ” ဟု ပြောသည်။
ရှေးဟောင်းသုတေသနဌာနအနေဖြင့် လက်ရှိတွင် အင်အားနည်းနေသဖြင့် ကင်းလှည့်ခြင်း သဘောမျိုးသား လုပ်ဆောင် နိုင်ကြောင်း လတ်တလော နယ်မြေအခြေအနေကြောင့် မည်သည်ဆောင်ရွက်ချက်မှ မလုပ်နိုင်သေးကြောင်း ရှေးဟောင်း သုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူးတဦးက ရှင်းပြသည်။
“အရင်ကတော့ ဟန်လင်းဇုန်ထဲမှာ ဌာနကအဖွဲ့တွေ ထားတယ်။ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းတာ၊ တူးဖော် တာတွေနဲ့ မလိုအပ်တဲ့ပြဿနာတွေ မဖြစ်ရအောင် အဓိက လုပ်ဆောင်ကြတာပေါ့။ အဲဒီအဖွဲ့တွေကပဲ ရှေးဟောင်းဇုန်ထဲ မှာ ပတ်ကင်းသဘောမျိုးနဲ့ လုပ်ဆောင်တာတွေလည်း ရှိတယ်။ အခုတော့ ဌာနမှာ အင်အားနည်းလာတာရယ်၊ ရှိနေတဲ့ သူတွေကလည်း နယ်မြေလုံခြုံရေးအရ ထိန်းသိမ်းစောင့်ရှောက်မှုတွေ အားနည်းနေတာတော့ အမှန်ပဲ။ ဟန်လင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားနေပေမယ့် လတ်တလောမှာတော့ ဘာမှမလုပ်နိုင်သေးဘူး” ဟု သူက ဆိုသည်။
လက်ရှိ ဟန်လင်းရှေးဟောင်းနယ်မြေအား ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိတော့သဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမှု မဖြစ်ပေါ်လာစေရန် ဝင်ရောက်ထိန်းသိမ်းပေးခြင်း ဖြစ်ကြောင်း၊ ယခင် ရှေးဟောင်း အဖွဲ့များ ရှိနေချိန်က ဝင်ရောက်စွက်ဖက်ခြင်းမျိုး မလုပ်ခဲ့သော်လည်း ယခုအချိန်တွင် တာဝန်ရှိသည်ဟူသော ခံယူချက်ဖြင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ဗိုလ်ဇာမဏီက ပြောသည်။
ဟန်လင်းပျူမြို့ဟောင်းသည် ၂၀၁၄ တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံထားရပြီး ယင်း မြို့ဟောင်းနှင့်အတူ ပဲခူးတိုင်း ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာ၊ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုး မြို့ဟောင်းများသည်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည်။
အဆိုပါ ဟန်လင်းရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ မကြာခဏ တူးဖော်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ဇွန်လပိုင်းကလည်း ဟန်လင်းရှေးဟောင်းပြတိုက်အနောက်ဘက် တူးဖော်ကုန်း ၂၉ ရှိ သင်္ချိုင်းဟောင်းနေ ရာတွင် မြှုပ်နှံထားသည့် နှစ်ပေါင်း ၃၅၀၀ ကျော် သက်တမ်းရှိ အရိုးစုနှင့်မြေအိုးအချို့ ဖျက်ဆီးခံခဲ့ရသေးသည်။
လက်ရှိတွင် ဝက်လက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေကြပြီး နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
You may also like these stories:
ရှေးဟောင်းပစ္စည်း တရားမဝင် ဝယ်ယူစုဆောင်းမှုကြောင့် ရှေးဟောင်းမြို့တွေ ပစ်မှတ်ဖြစ်လာတယ်