ကျန်းမာရေးအခြေအနေကြောင့် တရားရုံးသို့ ယခင်တပတ်က မလာနိုင်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်- ၁၉ ကူးစက်ခံရမှု မရှိသဖြင့် ယနေ့တွင် နေပြည်တော် အထူးသီးသန့် တရားရုံးသို့ ကိုယ်တိုင် ရောက်လာနိုင်ပြီဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းနှင့်အတူ နေထိုင်သူအချို့ ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က စတင်ပြီး ဖျားနာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တပတ်ကြာ ကွာရန်တင်းသဘောဖြင့် နေထိုင်ခဲ့ရသည့်အတွက် မတ်လ ၂၄ ရက်ကစပြီး တရားရုံး ချိန်းများ တက်ရောက်ခြင်း မရှိဘဲ ရွှေ့ဆိုင်းခဲ့ရသည်။
“အားလုံးလည်း နေပြန်ကောင်းလာပြီ။ သူ့ကို ဆေးစစ်ရာမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ဘူး၊ Negative ပါ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်းလည်း နီးစပ်သူများထံက သိရသည်။
ယနေ့ ရုံးချိန်းတွင် စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနယ်နှင့်အတူ စွပ်စွဲခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက် ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေဖြစ်သူ မှုခင်းရဲတပ်ဖွဲ့ (CID)မှ နည်းပညာ ကျွမ်းကျင် သူ ဦးအောင်ကျော်ဆန်း ဆိုသူအား အပြန်အလှန် စစ်မေးခဲ့ကြကြောင်း သိရသည်။
ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အဆိုပါ ပုဒ်မဖြင့် ရှောင်တာနယ်နှင့်အတူ တရားစွဲဆိုခံထားရသူများမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော် ဝင်းတို့ ပါဝင်လျက်ရှိသည်။
ယင်းသို့ ဖမ်းဆီး တရားစွဲဆိုခံထားရသူများထဲမှ ဦးစိုးဝင်း တဦးတည်းသာ ခွဲစိတ်ကုသမှု ခံယူထားရသည့် အခြေအနေ ကြောင့် တရားရုံးသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ ကျန်သူများအားလုံး တရားခွင်သို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း မတက်နိုင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ၅ မှု ချေဖျက်ပေးရန် လျှောက်ထားမှု ပယ်ချခံရ
ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို