စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို ၆၂နှစ်အထိ သတ်မှတ်လိုက်ခြင်းမှာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်အား စွန့်ခွာသူများ များပြားလာသလို ဝင်ရောက်သူလည်း နည်းလာသည့် အခြေအနေကို ထိန်းနိုင်ရန် ဖြစ်ကြောင်း စစ်တပ်အရာရှိအချို့က ဆိုသည်။
ယမန်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီ၏ ကြေညာချက်တွင် လူ့စွမ်းအားရင်းမြစ်ကို ထိန်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြု စေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးတဦးက “၆၂ နှစ်ပြည့်မှ သက်ပြည့် အငြိမ်းစားယူရမယ် ဆိုတော့ မြေပြင်မှာတကယ်တိုက်နေရတဲ့ တပ်သားကနေ ဒုတိယဗိုလ်မှူးကြီးအထိက အသက် ၆၂ နှစ် မပြည့်မချင်း စစ်မှု့ ထမ်းရတော့မယ် တပ်ကထွက်လို့မရတော့ဘူး” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးဌာနကောင်စီမှ တပ်မတော်အရာရှိကြီးများအား ဗိုလ်မှူးကြီးအဆင့်ဖြင့် ၈နှစ်၊ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၇နှစ်၊ ဗိုလ်ချုပ်အဆင့်ဖြင့် ၆နှစ်၊ ဒု ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ၄နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူးဆက် မတိုးပါက စစ်ဖက်တာဝန်များမှ အနားယူရမည် ပြဋ္ဌာန်းခဲ့သော်လည်း ဒုဗိုလ်မှူးကြီးမှစ၍ အောက်ခြေ တပ်မတော်သားများ အတွက်မူ ရာထူးလုပ်သက် သတ်မှတ်ချက် မပါရှိပေ။
ထို့အတွက် ယခုပြဋ္ဌာန်းသည့် ဥပဒေသည် ဒုဗိုလ်မှူးကြီးမှစ၍ အောက်ခြေအဆင့် တပ်မတော်သားများ အတွက် ၆၂နှစ်ပြည့်မှသာ အငြိမ်းစားယူခွင့် ရှိတော့မည်ဖြစ်သည်။
“ပြုန်တီးအင်းအားများနေတဲ့အချိန်မှာ သက်ပြည့်အငြိမ်းစားယူကြလို့တပ်အင်အားထပ်ပြီးလျော့နည်းလာတာ ကိုထိန်းဖို လုပ်တာဆိုပေမယ့် ခြေလျင်ခြေမြန်က လူတွေ စိတ်ဓါတ်ပျက်ပြားကုန်ကျလိမ့်မယ်” ဟု စစ်အာဏာသိမ်းမူ့ကိုဆန့်ကျင့်ပြီး ပြည်သူ့ဖက်ရပ်တည်လာတဲ့ တပ်မတော်အရာရှိတစ်ဦးကဆိုသည်။
ပြည်သူ့ရင်ခွင့်အဖွဲ့ ပြုစုထားသော စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဖက်မှ ရပ်တည်၍ CDM လုပ်ခဲ့ သည့် တပ်မတော်သားဦးရေ သောင်းဂဏန်းနီးပါး ရှိလာပြီဖြစ်ရာ စစ်ကောင်စီက လျော့နည်းလာသည့် အင်အား ကိုဖြည့် ရန် စစ်တပ်မှ အငြိမ်းစားယူသွားသူများနှင့် စစ်တပ်ထောက်ခံသူတချို့အပါအဝင် ပျူစောထီးများကို ပြည်သူ့စစ် အမည်ဖြင့် လက်နက်များ တပ်ဆင်ကာ တိုက်ခိုက်ရေးနှင့် လုံခြုံရေးတာဝန်များ ပေးလာသည်ကိုတွေ့ရသည်။
၁၉၈၈ ခုနှစ် ဆန္ဒပြသောပြည်သူများအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် ပြည်သူနှင့် စစ်တပ်ကြား အစေး မကပ် တော့ဘဲရှိလာရာ စစ်တပ်တွင်း ဝင်သူ တဖြည်းဖြည်းနည်းပါလာသဖြင့် တပ်ရင်းတပ်ဖွဲ့များ၏ ဖွဲ့စည်းပုံ အရေအတွက် ကိုလည်း လျော့ချခဲ့ရသည်။
ထို့အပြင် စစ်တပ်ထဲဝင်သူတိုင်း ချုပ်ဆိုရသည့် စာချုပ်တွင် စစ်မှုထမ်းသက် ၁၀ နှစ်ပြည့်ပါက တပ်မှ ထွက်ခွင်ပြုသည့်ဟု ပါရှိသော်လည်း ၁၉၉၆ ခုနှစ်ခန့် မှစ၍ ထွက်ခွင့်တင်ပြသည့်အခါ သက်ဆိုင်ရာအကြီးအကဲများက အလွယ်တကူ ထွက်ခွင့် မပေးတော့သဖြင့် ဆေးလက်မှတ်ဖြင့် ထွက်ခွင့်ရရန်ကြိုးစားသူများ များပြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာချိန်မှစ၍ စစ်မှုထမ်းလုပ်သက် ပြည့်သူများ အနေဖြင့် တပ်မှထွက်ခွင့် တင်ပြခြင်းမျိုးကို လက်မခံဖို့ သက်ဆိုင်ရာတပ်မှူးများကို နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများ ရှိခဲ့သည်။
You may also like these stories:
အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ