သတင်း

စစ်ကောင်စီ တောင်းဆိုသော်လည်း SSPP တပ်ပြန်ရုပ်မည် မဟုတ်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ တပ်အချို့ကို ပြန်လည်ရုပ်သိမ်းရန် စစ်ကောင်စီ ဘက်က ပြောသော်လည်း SSPP တပ်များ ပြန်ရုပ်သိမ်းရန် မရှိကြောင်း SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆု က ပြောသည်။

“ကျနော်တို့ ရှမ်းပြည်တောင်ပိုင်း ရောက်နေတယ်ဆိုတာက ကနေ့မှ ရောက်နေတာ မဟုတ်ဘူး။ ကျနော်တို့ ဌာနချုပ် ကလည်း ရှမ်းပြည်တောင်ပိုင်းပဲ။ ဝမ်ဟိုင်းဆိုတာက ရှမ်းပြည်တောင်ပိုင်းမှာပဲ ရှိတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ သူတို့ဖြစ်ချင်တာ အမျိုးမျိုးပြောတာပေါ့။ ကျနော်တို့က တောင်ပိုင်းမှာပဲနေတာလေ။ တပ်တွေက ဘယ်ကိုဆုတ်ရမလဲ” ဟု ၎င်းက ဆိုသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် SSPP ခေါင်းဆောင်များသည် မတ် ၃၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ SSPP တပ်များ ပြန်ဆုတ်ရေး စစ်ကောင်စီဘက်က ပြောခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို SSPP ဒုဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်းနှင့် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆု အပါအဝင် ဗဟိုကော်မ တီဝင်များ တက်ရောက်ခဲ့သည်။

စစ်ကောင်စီဘက်က အဆိုပါ တွေ့ဆုံပွဲနှင့်ပတ်သက်၍ ပဋိပက္ခလျှော့ချရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် SSPP ဘက် က ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှတဆင့် သတင်းထုတ်ပြန်ထားသည်။

SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုကမူ စစ်ကောင်စီနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး SSPP ဘက်က သဘောထားမှတ်ချက် ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသည်။

“သူတို့က ဖိတ်ခေါ်လို့ လာတွေ့တာ။ ကျနော်တို့ဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောထားပေးတာတော့ မရှိ ပါဘူး။ သူတို့က သူတို့ထုတ်ချင်တာ ချပြတာပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်ချင်သောကြောင့် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးပြီးသည့် နောက် တိုက်ပွဲဖြစ်လာပါက SSPP ၏ တာဝန်မဟုတ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

ဆက်လက်၍ ၎င်းက “အဓိကကတော့ ထိတွေ့မှု မဖြစ်ရလေအောင် ဆွေးနွေးတယ်။ တိုက်ပွဲမဖြစ်ချင်လို့ လာဆွေးနွေး တာ။ တိုက်ပွဲဖြစ်လာရင်တော့ ကျနော်တို့တာဝန် မဟုတ်ဘူး။ သူတို့ တာဝန်ပဲ။ လာတွေ့တာတောင် ဆွေးနွေးပြီး တဲ့နောက် တိုက်ပွဲဖြစ်ရင်တော့ ကျနော်တို့တာဝန် မဟုတ်ဘူး” ဟု ဆိုသည်။

လက်ရှိမြေပြင်တွင် စစ်ကောင်စီ တပ်ရင်းအချို့သည် SSPP ၏ လှုပ်ရှားစစ်ကြောင်းများအား လိုက်လံချဉ်းကပ်နေမှုရှိပြီး စစ်ရေးတင်းမာနေကြောင်း၊ ပဋိပက္ခမဖြစ်စေရေး နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ဗိုလ်မှူး ကြီးစိုင်းဆုက ပြောသည်။

SSPP သည် မဟာမိတ်များဖြစ်သည့် တအာင်းနှင့် ဝ တပ်များ၏ အကူအညီကို ရယူကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေစိုးမိုးလာသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်များအား ၂၀၂၁ ဇွန်လမှစတင်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများတွင် အရေးနိမ့်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆုတ်ခွာလာသည့် RCSS တပ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရပ်စောက်မြို့ဝန်းကျင်အထိ SSPP ဘက်က လိုက်လံတိုက်ခိုက်မှုများ ရှိခဲ့သည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီဘက်က SSPP တပ်များအား ပြန်ဆုတ်ရန် နေပြည်တော်သို့ ခေါ်ယူဆွေးနွေးလာခြင်း ဖြစ်သည်။

You may also like these stories:

SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ

မိုင်းနုမ်ဟန်တို့ မိသားစုကို RCSS သတ်ဖြတ်ခဲ့ဟု စုံစမ်းရေး ကော်မတီပြော

RCSS တပ်မဟာမှူးနှင့် လက်နက်ခဲယမ်းများ SSPP ဖမ်းဆီး

Loading