မန္တလေး ကျုံးနှင့် နန်းမြို့ရိုးကြား လေးပြင်လေးရပ်၌ မြန်မာ နှစ်ဆန်း ၁ ရက် (ဧပြီ ၁၇) ရက်တွင် လုပ်မည့် စစ်ကောင်စီ၏ သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သွားရောက် မပူးပေါင်းဘဲ သပိတ်မှောက်ကြရန် မန္တလေး သံဃာထု အပေါ် သြဇာကြီးသော သံဃသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရက ဆရာတော်ကြီးများထံ သြဝါဒက ခံယူပွဲကို ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည်။
မန္တလေး သံဃသမဂ္ဂအဖွဲ့က အရှင် ရာဇဓမ္မက “လက်ရှိ တော်လှန်ရေးမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ခေါင်းဆောင် တွေကို သံဃ အဖွဲ့အစည်းကနေ သပိတ်မှောက် ကံဆောင်ထားတာမျိုး မရှိတဲ့အတွက် ရဟန်း သံဃာတွေအနေနဲ့ အလှူခံ ခွင့်တော့ ရှိတယ်။ ဒါပေမယ့် သံဃာတွေအနေနဲ့ အလှူခံသင့် မခံသင့်ဆိုတာကို စဉ်းစားသင့်တယ်၊ အကယ်၍ အလှူခံခဲ့ မယ်ဆိုရင်လည်း လူသတ်စစ်မိစ္ဆာကို အားပေးတဲ့သူလို့ပဲ သတ်မှတ်သွားမယ်” ဟု မိန့်ကြားသည်။
ထိုသို့ စီစဉ်နေမှုအပေါ် မန္တလေး သံဃာများအနေဖြင့် သပိတ်မှောက်ကြရန်အတွက်လည်း စည်းရုံး လှုံ့ဆော်သွားမည်ဟု လည်း သံဃသမဂ္ဂက ဆိုသည်။
“စကစက လုပ်ဆောင်မယ့် သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းပွဲကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေကို အနိုင်အထက် ပြုကျင့်နေတယ်။ ရွာလုံးကျွတ် မီးရှို့တယ်၊ ခိုးဆိုးလုယက် လုပ်နေကြပြီး ပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ လက်နဲ့ လောင်းလှူမယ့် အလှူအပေါ်မှာ လုံး၀ အယုံအကြည် မရှိဘူး၊ ဒါကြောင့် မန္တလေး သံဃာထုအနေနဲ့ စစ်ကောင်စီရဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်သွားမယ်” ဟု အရှင် ရာဇဓမ္မက ဆက်လက် မိန့်ကြားသည်။
မန္တလေး သံဃာထုနှင် မန္တလေး ပြည်သူများသည် ခေတ်အဆက်ဆက် သမိုင်းတလျှောက် နိုင်ငံအရေး၊ သာသနာ့ အရေး များတွင် လက်တွဲညီစွာ မတရားမှုမှန်သမျှ တွန်းလှန်ခဲ့သော သမိုင်းကြောင်းများ ရှိခဲ့သဖြင့် အာဏာသိမ်း စစ်ကောင်စီ ကြောင့် ပြည်သူများ ခံစားနေရသည့် ဒုက္ခ၊ သောက၊ ဗျာပါဒ အပူမီးများကို မကြည့်ရက်နိုင်သဖြင့် သပိတ်မှောက် ကံဆောင်ကြရန် လှုံ့ဆော်မှုကို ပြုလုပ်ခြင်းဟု သိရသည်။
ပြည်ကြီး တံခွန်သပိတ် အင်အားစု ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကလည်း “စစ်ကောင်စီက လုပ်တဲ့ပွဲကို သွားပြီဆိုမှ တော့ ပြည်သူ့မျက်နှာကို မကြည့်ဘဲ ကိုယ်ကျိုးပဲ ကြည့်တဲ့ သံဃာတွေလို့ပဲ သတ်မှတ်သွားတယ်။ နောက်တခုကတော့ စစ်ကောင်စီနဲ့ အလိုတူ အလိုပါ သံဃာတွေလို့ သတ်မှတ်ရမှာပေါ့။ ကိုယ်ချင်းစာ တရားကို ပြဖို့ဆိုရင် လူထုဒုက္ခရောက် နေတာကို သံဃာတွေ သိဖို့ လိုတယ်။ ရဟန်းသံဃာတွေ အနေနဲ့ ဒုက္ခရောက်နေတဲ့ လူထုကို ဘယ်လို ကူညီကြမလဲ ဆိုတာပဲ ဖြစ်သင့်တာ” ဟု မိန့်ကြားသည်။
စစ်ကောင်စီခန့် မန္တလေးတိုင်း အစိုးရအနေဖြင့် သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မန္တလေးခရိုင် အတွင်းမှ သံဃာများကို ပင့်ဖိတ်နိုင်ရန် စီစဉ်နေပြီး မြို့ခံများအနေဖြင့် ပါဝင်လှုဒါန်းပေးကြရန် ဖိတ်ခေါ် သွားမည်ဟု မန္တလေးခရိုင် အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူ တဦးက အတည်ပြု ပြောဆိုသည်။
မန္တလေးမြို့သည် သာသနာရေးကို အထူးအလေးထားသော မြို့ဖြစ်သောကြောင့် သံဃာအရေအတွက် အများဆုံးဖြစ်ကာ ရဟန်းသံဃာများအနေဖြင့်လည်း မြို့နေလူထု၏ ထောက်ပံ့ လှုဒါန်းမှုများဖြင့်သာ ရပ်တည်နေကြသည်ဟု ဆိုသည်။
“ရဟန်း သံဃာဆိုတာက ပစ္စည်းလေးပါးအတွက်ကို ပြည်သူ ဒကာ၊ ဒကာမတွေအပေါ် အမြဲတမ်း မှီခိုရတာပါ၊ ပြည်သူ တွေကသာ အများဆုံး ထောက်ပံ့လှူဒါန်းကြတာပါ၊ ခေတ်အဆက်ဆက် အစိုးရပိုင်းရဲ့ အထောက်အပံ့ဆိုတာ အနည်းငယ်ပဲ ရှိခဲ့ တာ၊ ဆိုလိုချင်တာက လက်ရှိ ဆရာတော်ကြီးတွေကအစ သံဃာငယ်တွေအဆုံး ပြည်သူတွေရဲ့ ထောက်ပံ့လှုဒါန်းမှု အပေါ်မှာပဲ မှီခိုခဲ့ကြရတာမို့ အခုအချိန်မှာ ပြည်သူတွေရဲ့ သောကတွေ ဒုက္ခတွေကို မကယ်နိုင် ရင်တောင် ပြည်သူကို ဒုက္ခ ပေးနေတဲ့သူတွေ နဲ့ မပတ်သက်တာ အကောင်းဆုံးပဲ” ဟု အရှင်ရာဇဓမ္မက ဆက်လက် မိန့်ကြားသည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ စီစဉ်နေခြင်းများသည် တိုင်းပြည် အေးချမ်းတည်ငြိမ်နေပြီဆိုသော ပုံရိပ်ကို ပြသလိုမှုနှင့် အတူ အမျိုးဘာသာသာသနာကို စောင့်ရှောက်သည်ဆိုသော နိုင်ငံရေးအမြတ်ထုတ်လိုသဖြင့် လုပ်ဆောင်နေခြင်းဟု မန္တလေးမြို့ခံများက သုံးသပ်ထားကြသည်။
ရတနာ သုံးပါးစာရင်းဝင် ရဟန်းသံဃာများအနေဖြင့်အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်များကို သိရှိ မြင်တွေ့နေရ သော်လည်း အားပေးခြင်းသည် ဘုရားဟောနှင့် ဆန့်ကျင်နေကြောင်း၊ ရဟန်းသံဃာများ လိုက်နာရမည့် ၂၂၇ သွယ် သိက္ခာပုဒ်တွင်လည်း စစ်ရေးပြရာသို့ သွားရောက်ကြည့်ရှုခြင်း မပြုရ၊ စစ်မြေပြင်တွင် ၇ ရက်ထက် မနေရ၊ စစ်ဆင်ရာ အရပ်သို့ မသွားရဟု ကန့်သတ်ထားကြောင်း သိရသည်။
“လူထုကို ရက်ရက်စက်စက် သတ်ဖြတ် ခိုးဆိုး လုယက် နှိပ်စက်ပြီး တိုင်းပြည်ဘဏ္ဍာကို ထင်သလို သုံးစွဲ ရိုးသားမှု မရှိတဲ့ သူတွေ လုပ်တဲ့ အလှူကို ရဟန်းသံဃာတွေအနေနဲ့ အလှူခံ မထိုက်ပါဘူး၊ သူတို့ရဲ့ မစင်ကြယ်မှုတွေကို ဘာသာရေး အရေ ခြုံပြီး ဖုံးကွယ်ဖို့ ကြိုးစားလာတဲ့ သဘောပဲလို့ သုံးသပ်တယ်။ ဘာသာရေးကို ယုံကြည်သက်ဝင်မှုနဲ့ လုပ်တာမျိုး မဟုတ်တဲ့ အတွက် ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ ကိုက်ညီမှု မရှိဘူး” ဟု ဦးအဂ္ဂဝံသက ဆက်လက် မိန့်ကြားသည်။
မတ် ၂၇ ရက်က ကျရောက်သည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အဖြစ် မန္တလေး ကျုံးဘေးတွင် ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ စစ်ရေးပြ ချီတက်စဉ် သင်္ကန်းဝတ်တချို့က သပြေခက်နှင့် ပက်ဖျန်းကြိုဆိုခဲ့ကြသေးသည်။
ယခင် အရပ်သားအစိုးရဖြစ်သည့် ဦးသိန်းစိန် အစိုးရနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်များက မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုန်းကြီးကျောင်းတိုက်များတွင် နှစ်ဦးဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနှင့် ညနေပိုင်းတွင် ကျုံးထောင့် ၄ ထောင့်တွင် နှစ်ဦး အန္တရာယ်ကင်း ပရိတ် တရား ရွတ်ဖတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
You may also like these stories:
စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း