ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် မခင်ငြိမ်းသူ အပါအဝင် လူငယ် ၁၀ ဦးကို ၎င်းတို့အား စွဲဆိုထားသည့် ပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီက ၎င်းတို့အား ၁ နှစ်ခန့် ဖမ်းဆီးထားပြီးနောက် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် တရားစွဲကာ အမြင့်ဆုံးထောင်ဒဏ်ကို လျှော့ရက်ခံစားခွင့်နှင့်အတူ မတ် ၃၁ ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးက အမိန့်ချ လိုက်ခြင်းဖြစ်ပြီး ထပ်တိုးပုဒ်မဖြစ်သည့် အမြင့်ဆုံးပြစ်ဒဏ် နှစ် ၂၀ ဆယ်ထိ ချမှတ်နိုင်သော ပုဒ်မ ၄၃၆ ကိုလည်း ရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ရှေ့နေတဦးက “လက်နက်အပ်ဥပဒေ ၁၉ (စ) အရ မနေ့က ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ အရ မီးရှို့မှုအတွက်ကတော့ စစ်ဆေးနေဆဲပါ။ အမိန့်မချသေးဘူး။ မခင်ငြိမ်းသူ အပါအဝင် ၁၀ ယောက်လုံး ကျန်တာ။ ၄၃၆ ကတော့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် နှစ် ၂၀ အထိ ချလို့ရတယ်” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့တွင် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မခင်ငြိမ်းသူ အပါအဝင် လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီ၏ မီဒီယာများမှ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သူများအား ဖမ်းဆီးရမိဟုဆိုကာ ၎င်းလူငယ်များထံမှ လက်လုပ်ဗုံး အပါအဝင် လက်နက်များ တွေ့ရှိသည်ဟု ရေးသား၍ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှု များ ပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။
ဖမ်းဆီးခံရပြီး နောက်တနေ့ ဧပြီ ၁၈ ရက်နေ့ကတည်းကပင် ရဲစခန်း၌ မခင်ငြိမ်းသူ၏ မျက်နှာတခုလုံး ညိုမဲစွဲဖူးယောင် ဒဏ်ရာများဖြင့် နှိပ်စက်ညှဉ်းပန်းခံထားရသည်ကို တွေ့ရှိခဲ့ရသည့်အပြင် စစ်ကြောရေးတွင်လည်း လိင်ပိုင်းဆိုင်ရာ စော် ကားမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မခင်ငြိမ်းသူ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ ပြစ်ဒဏ်အမြင့်ဆုံး ချမှတ်သည့်အပေါ် သုံးသပ်ချက်ပေးစရာ မရှိကြောင်း ၎င်း၏ မိသားစုဝင် တဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက လူငယ်များကို အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်များအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချလျက်ရှိပြီး စစ်ခုံရုံးများက သေဒဏ်၊ တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်လျက်ရှိသည်။
စစ်ခုံရုံးတွင် စစ်ဆေးခံရသူများသည် အရပ်ဘက်တရားရုံးထက် ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခံရပြီး ခုခံချေပ ခွင့်လည်း မရရှိသည့်အတွက် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများအားလုံး ဆုံးရှုံးနေ ရကြောင်း ရှေ့နေများက သုံးသပ်သည်။
ရှေ့နေ ဦးခင်မောင်မြင့်က “တရားရုံးက ၂ ရုံး ကွဲနေတယ်။ တရုံးက နစက ကနေပြီးတော့ စစ်အုပ်ချုပ်ရေး ကြေညာ ထားတဲ့ မြို့နယ်တွေမှာ စစ်တရားရုံးနဲ့ စစ်ဆေးတာ။ အဲဒီမှာတော့ ရှေ့နေတွေက လိုက်ပါဆောင်ရွက်ခွင့် မရှိဘူး။ ဒီကနေ့ ဒီအချိန်အထိ လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ တဦးတယောက်ကိုမှ လွှတ်ပေးလိုက်တာလည်း မရှိဘူး။ အမိန့်ချမှတ်တဲ့အခါမှာလည်းပဲ စွဲဆိုထားတဲ့ပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်တာ တွေ့ရတယ်” ဟု ပြောသည်။
ထို့အတူ အကျဉ်းထောင်များအတွင်း ဖွင့်လှစ်ထားသည့် မြို့နယ်အထူးတရားရုံး၊ ခရိုင်အထူးတရားရုံးများတွင် စွဲဆိုခံရ သည့် ပုဒ်မများမှ လွတ်သွားသည့်သူများကို ယနေ့အချိန်ထိ မတွေ့သေးသော်လည်း ရုံးရှေ့စစ်ဆေးပေါ်ပေါက်ချက်အရ အမြင့်ဆုံးပြစ်ဒဏ်များ ချခြင်းဖြစ်သလို သင့်လျော်သည့် ပြစ်ဒဏ်များ သတ်မှတ်ထားသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၁၀,၀၀၇ ဦး ရှိသည့်အနက် ၉၀၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၅၉ ဦးမှာ သေဒဏ်ချမှတ်ခြင်း ခံထားရ သည်ဟု ဆိုသည်။
ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ဦး ရှိပြီး ၎င်းတို့အနက် မျက်ကွယ် သေဒဏ် ချမှတ်ခြင်းခံထားရသူ ၄၁ ဦး အပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရရာ သေဒဏ်ချမှတ်ခံထားရ သူ စုစုပေါင်း ၁၀၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကလေးတွေ အကုန်လုံးရဲ့ အသက်ကို ပြန်လိုချင်ပါတယ်
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်