စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာသဘောတူညီချက်များ အပေါ် လိုက်နာရန်ပျက်ကွက်နေခြင်းတို့အား စုံစမ်းစစ်ဆေးမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က လာမည့်ဇွန်လအတွင်း ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ILO ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ ယင်းကော်မရှင်သည် မြန်မာပြည်တွင်းရှိ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့ အစည်းများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်၊ စည်းရုံးခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များနှင့် အဓမ္မစေ ခိုင်းမှုတားမြစ်ရေး သဘောတူညီချက်များ လိုက်နာမှု ရှိမရှိကို စစ်ဆေးသွားမည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က “ILO က မြန်မာ ပြည်မှာ အဓမ္မလုပ်သားခိုင်းစေမှုတွေ၊ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်နဲ့ ချိုးဖောက်ခံနေရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ် ဆေးသွားဖို့အတွက် ကော်မရှင်ကိုဖွဲ့လိုက်တာ ဖြစ်ပါတယ်။ ကော်မရှင်သည် ဇွန်လနောက်ပိုင်း ILO ညီလာခံကျင်းပပြီး ချိန်မှာဖွဲ့စည်းပြီး အသက်ဝင်လှုပ်ရှားနိုင်မယ်လို့တော့ တွေ့ရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအပေါ် နှောင့်ယှက်ခြိမ်းခြောက်ခြင်းများ၊ တရားလက် လွတ် ဖမ်းဆီးထောင်ချခြင်းများ ရှိနေသည့်အတွက် စိတ်မကောင်းဖြစ်ကြောင်းနှင့် ကလေးငယ်များ အပါအဝင် အရပ် သားများကို အကြမ်းဖက်သတ်ဖြတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေခြင်း၊ ရန်ကုန်တိုင်း တာမွေမြို့နယ် မလွှကုန်း မီးရထားသမဂ္ဂမှ ဦးအောင်ကိုလတ်အား ဖမ်းဆီးနှိပ်စက်သည့် လုပ်ရပ်အပေါ် အထူးစိုးရိမ်ကြောင်း ILO က ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဆိုပါက ကာယ ကံရှင်နစ်နာသူများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အချက်အလက်များယူရန် လိုအပ်သည့်အတွက် မြန်မာ ပြည်သို့ဝင်ရောက်ရန် စစ်ကောင်စီထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်သည်။
ထိုကဲ့သို့ ပြည်ဝင်ခွင့်တောင်းသည့်အချိန်တွင် စစ်ကောင်စီက ခွင့်ပြုမပြု မသေချာဘဲ ILO အနေဖြင့် နစ်နာသူကာယ ကံရှင်များနှင့် တွေ့ဆုံရန် အဓိကအရေးကြီးသည့်အတွက် အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အနေဖြင့် ကြိုးစားဆက်သွယ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “တကယ် ချိုးဖောက်ခြင်းခံနေရတဲ့ ပြည်သူတွေက ကော်မရှင်ကို ပြောနိုင်ဖို့အရေးကြီးတယ်။ ကျမတို့အနေနဲ့ ကလည်း ကော်မရှင်နဲ့ဆက်သွယ်သွားဖို့ ရှိပါတယ်။ ကော်မရှင်က အချက်အလက်တွေ ရရှိနိုင်ဖို့ ကူညီသွားမှာ ဖြစ်ပါ တယ်။ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ကဏ္ဍအသီးသီးက ကူညီဖို့၊ လွတ်လပ်စွာ သင်းပင်းဖွဲ့ စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှု ခံစားနေရတဲ့ အလုပ်သမားတွေ၊ ကဏ္ဍအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ပေးသွားဖို့ ရှိပါ တယ်” ဟု ရှင်းပြသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ILO ၏ သမိုင်းတလျှောက်တွင် ၁၄ ကြိမ်ခန့် ဖွဲ့စည်းခဲ့ဖူးပြီး ယခု ဖွဲ့စည်းလိုက် သည့်ကော်မရှင်တွင် ပါဝင်မည့် အဖွဲ့ဝင် ၃ ဦးက အခွင့်အရေးချိုးဖောက်မှုများကို တစိုက်မတ်မတ် ကျူးလွန်နေသည့် အဖွဲ့ဝင်နိုင်ငံတခုအပေါ် အမြင့်ဆုံးလုပ်ထုံးလုပ်နည်းများဖြင့် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်ခိုင်ဇာအောင်က “ကော်မရှင်ကတော့ ဒီလိုမျိုး တွေ့ရှိတယ်။ ဘယ်လိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လုပ် တာတော့ မဟုတ်ပါဘူး။ သို့သော် ကော်မရှင်ကတင်သွင်းတဲ့ အစီရင်ခံစာတွေနဲ့ အကြံပြုချက်တွေကတော့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ILO ရဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးပြီးတော့မှ မြန်မာနိုင်ငံအပေါ်မှာ ချိုးဖောက်မှုတွေ ထင်ရှား တယ်ဆိုရင် ဘယ်လိုမျိုး အပြစ်ပေးအရေးယူကြမလဲပေါ့။ ILO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လို အပြစ်ပေးအရေး ယူရမလဲဆိုတာကို ဆက်လုပ်ရအုံးမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူများအပေါ် အမျိုးမျိုးသော အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ILO ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် များအား ပြည်ဝင်ခွင့်ပေးမပေး မသေချာသလို ပြည်ဝင်ခွင့်ပေးခဲ့လျှင်တောင် စုံစမ်းစစ်ဆေးမှုများ အား ထိရောက် စွာ ဆောင်ရွက်နိုင်မည်လားဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတချို့က ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ လုပ်ငန်းရပ်ဆိုင်းမှုများကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အထည်ချုပ်လုပ်သား ၂၂၀,၀၀၀၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော်မှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း ILO က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့် အစိုးရဌာနများ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လုပ်ငန်း နယ်ပယ်တို့မှ အလုပ်သမား ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနေပြီး အရေးကြီးသည့် ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွင်လည်း အလုပ်ရပ်ဆိုင်းမှု၊ ဆိုင်းငံ့မှုနှင့် ထုတ်ပယ်မှုများ ရှိနေသည်။
You may also like these stories:
အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီ လိမ်လည်ထုတ်ပြန်
အဖမ်းခံရသည့် အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်နှင်းအောင် မိသားစုနှင့် တွေ့ခွင့်မရ
ILO ကနေ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့အတွက် ပိုကြိုးစားသွားပါမယ်