သတင်း

စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀,၀၀၀ ကျော်ပြီ

လွန်ခဲ့သော ၁၄ လက မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသား ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဖမ်းဆီးချုပ်နှောင်မှုများကို လေ့လာစောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ထိုအကျဉ်းသားများအနက် အများစုသည် ညှဉ်းပမ်းနှိပ်စက်ခံရပြီး ဆိုးရွားသော အခြေအနေများတွင် ဖမ်းဆီးခံထားရကြောင်းလည်း ထိုအဖွဲ့က ပြောသည်။

စစ်ကောင်စီ၏ ဖြိုခွဲမှုများသည် ပြင်းထန်လွန်းသောကြောင့် လက်ရှိ ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ၂၀၁၀ ပြည့်နှစ်တွင် အဆုံးသတ်သည့် စစ်အုပ်ချုပ်ရေး ရာစုနှစ်တဝက်အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ပိုမိုများပြားကြောင်း AAPP ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးအောင်မျိုးကျော်က ပြောသည်။

“တနှစ်တည်းနဲ့ မြန်မာ့သမိုင်းမှာ နိုင်ငံရေးအကျဉ်းသား အများဆုံး အရေအတွက်ကို ရောက်သွားတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီသည် တနေ့လျှင် လူ ၂၀ ခန့်နှုန်းဖြင့် အတိုက်အခံအဖြစ် သံသယရှိသူများကို ဆက်လက် ထောင်ချနေပြီး မြန်မာတွင် တပြိုင်နက် ဖမ်းဆီးထားသူ အရေအတွက် ၁၀,၀၀၀ ကျော်သည့် စံချိန်ဆိုးကို ကျော်သွားခဲ့သည်ဟု လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီးမှုများကို လေ့လာစောင့်ကြည့်နေသည့် AAPP က ပြောသည်။

ထိုအရေအတွက်တွင် ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်သော စစ်ကြောရေး ပြုလုပ်ကာ လအတန်ကြာ ဖမ်းဆီးထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃,၀၀၀ ကျော် ပါဝင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုတွင် ပါဝင်ရန် တောတွင်းသို့ ထွက်ပြေးသွားသူများ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ ၂,၀၀၀ နီးပါးသည် ဖမ်းဝရမ်းထုတ်ခံရပြီး တိမ်းရှောင်နေကြသည်။

မတ်လ ၂၇ ရက်နေ့က တော်လှန်ရေးနေ့ ကျင်းပသောအခါ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီကို ဆန့်ကျင်သူများအား အကြမ်းဖက်သမားများဟု ခေါ်ဝေါ်ကာ ၎င်းတို့ကို အဆုံးအထိ သုတ်သင်သွားမည်ဟု ကြိမ်းဝါးသည်။

အနောက်နိုင်ငံများသည် ယခု စစ်အာဏာ မသိမ်းမီက မြန်မာ့ဒီမိုကရေစီအတွက် မြင့်မားသော မျှော်လင့်ချက်များ ထားခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် ၎င်းတို့၏ ချုပ်ကိုင်မှုများကို လွန်ခဲ့သော ဆယ်စုနှစ်တခုက စတင်ဖြေလျှော့ပြီး ဒီမိုကရေစီရွေးကောက်ပွဲများ၊ ဆဲလ်ဖုန်းနှင့် လူမှုကွန်ရက် အသုံးပြုမှုများကို ခွင့်ပြုခဲ့သည်။

နေအိမ်တွင် ၁၅ နှစ်ကျော် အကျယ်ချုပ် ချခံထားရသော ဝါရင့်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်စေခဲ့ပြီး ဗိုလ်ချုပ်များနှင့် အာဏာခွဲဝေရေး အစီအစဉ်တခုအရ အရပ်သားအစိုးရ ဖွဲ့စည်းခဲ့သည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် သူ၏ပါတီက တောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရသောအခါ စစ်အုပ်စုက အာဏာ ပြန်လည်သိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြားအရာရှိများနှင့် ပါတီခေါင်းဆောင်များ အပါအဝင် အနည်းဆုံး ၆၄၀ ကို ဖမ်းဆီးထားကြောင်း NLD က ပြောသည်။

တနိုင်ငံလုံး ကျယ်ပြန့်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီတပ်များက ဆန္ဒပြသူအချို့ကို ပစ်ခတ်ပြီး အခြားသူများကို ဖမ်းဆီးကာ သံသယရှိသော ဝေဖန်သူများ၏ နေအိမ်များကို ဝင်ရောက် စီးနင်းကြသည်။ အရပ်သား အနည်းဆုံး ၁၇၂၃ ဦး အသတ်ခံရကြောင်း AAPP က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က ဝါရှင်တန်တွင် ပူးတွဲကြေညာချက် တစောင်ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီ ခွင့်ပြုရန်နှင့် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရန် စစ်ကောင်စီကို တောင်းဆိုသည်။

“အမေရိကန် ပြည်ထောင်စုနှင့် စင်ကာပူနိုင်ငံတို့သည် မြန်မာနိုင်ငံအခြေအနေနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် မြန်မာကဖြစ်စေသော စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ စိုးရိမ်ပူပန်သည်” ဟု ခေါင်းဆောင်နှစ်ဦးက ပြောကြားသည်။

“မြန်မာတွင် အရပ်သားများကို အကြမ်းဖက်မှု ရပ်ဆိုင်းရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီးထားသော နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် မိမိတို့ ဆက်လက်တောင်းဆိုသည်” ဟုလည်း ၎င်းတို့က ဖော်ပြသည်။

ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်တွင် နိုင်ငံရေးအကျဉ်းသား ၁ သန်းကျော်ကို ဖမ်းဆီးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ခန့်မှန်းသည်။

“နေ့တိုင်းနေ့တိုင်းမှာ ပိုမိုများပြားတဲ့ သူတွေဟာ တရားမျှတမှုကင်းမဲ့စွာ ဒါမှမဟုတ် မတရားအမှုဆင်ပြီး ထောင်ချခံနေရတယ်” ဟု သူက ပြောကြားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း စုစုပေါင်း ထောင် ၆ နှစ် ချခံရပြီး နောက်ထပ်လည်း အမှုများ ရင်ဆိုင်နေရဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကားပြောဆိုခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဖမ်းဆီးထားသော နိုင်ငံများကို သူက တိုက်တွန်းခဲ့သည်။

လက်ရှိစစ်ကောင်စီသည် ရွေးကောက်ခံအရာရှိများနှင့် ပါတီခေါင်းဆောင်များကို ဖမ်းဆီးခြင်းအပြင် သတင်းသမားများ၊ ဆရာဝန်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ထင်ရှားကျော်ကြားသူများကိုလည်း လိုက်လံဖမ်းဆီးနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများအနက် ၈၉၀ ဦးကို ထောင်ချပြီး အများစုကို နှစ်ရှည် ထောင်ချထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ ကျော်ကြားသော ဟစ်ဟော့ပ် ဂီတပညာရှင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အပါအဝင် ၅၂ ဦးကို သေဒဏ်ချမှတ်ထားသည်။ သူ့ကို နိုဝင်ဘာလအတွင်းက လက်နက်အများအပြားနှင့်အတူ ဖမ်းမိပြီး စစ်ကောင်စီကို တိုက်ခိုက်မှုများအား ဦးဆောင်သည်ဟု စွပ်စွဲထားသည်။

အကျဉ်းသား ၉,၁၀၀ ကျော်သည် အမှုရင်ဆိုင်နေရပြီး အများစု အမှုရင်ဆိုင်နေရသည်မှာ တနှစ်ကျော်ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနဲလ်ကို ထောင် ၁၄ နှစ်အထိ ချနိုင်သည့် ကိုလိုနီခေတ် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးထားသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၀,၀၀၀ ကျော်တွင် စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးသူ ၁၀၃ ဦး မပါသေးဘဲ ထို ၁၀၃ ဦးအနက် အများစုသည် စစ်ကြောရေးတွင် ညှဉ်းပမ်း နှိပ်စက်မှုများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း AAPP က ပြောသည်။ တရားရုံးသို့ ရောက်လာသူများအတွက် အမှုသည် ထုံးစံအားဖြင့် တိုတောင်းပြီး ခုခံချေပရန် အခွင့်အရေး မရသလောက်ပင် ဖြစ်သည်။

ထောင်မှူးမှ ရှေ့နေဖြစ်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အမှုသည်များကို လိုက်ပါ ဆောင်ရွက်ပေးသည့် ဦးခင်မောင်မြင့်က လက်ရှိစနစ်သည် စွပ်စွဲခံရသူများ သေချာပေါက် ထောင်ကျစေသော စနစ်ဖြစ်သည်ဟု ပြောသည်။ အချို့ စွပ်စွဲခံရသူများကို စစ်ခုံရုံးတင်ပြီး ထိုခုံရုံးသို့ ရှေ့နေများ သွားရောက်ခွင့် မရသလို စွပ်စွဲခံရသူများသည်လည်း အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်ခံရသည်ဟု သူက ပြောသည်။

အရပ်ဘက်တရားရုံးများတွင် ခုခံချေပသည့် ရှေ့နေများကို တက်ရောက်ခွင့် ပေးသော်လည်း သက်သေများကို ပြန်လှန်စစ်မေးခွင့် မပြုသလောက်ပင် ဖြစ်သည်။ ထိုတရားခွင်များ အားလုံးတွင် အများပြည်သူကို ပိတ်ပင်ထားပြီး ကြားနာစစ်ဆေးမှုများသည် တိုတောင်းကာ တရားခွင် ရောက်လာသူအားလုံး ထောင်ကျကြောင်းလည်း သူကပြောသည်။

“တယောက်မှ မလွတ်ဘူး။ လူတွေကို ထပ်ထပ်ဖမ်းပြီး ထောင်ချနေလို့ ခေတ်အဆက်ဆက်မှာ နိုင်ငံရေး အကျဉ်းသား အများဆုံးခေတ်ကို ရောက်နေပြီ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

ကိုးကား။ ။ New York Times သတင်း Myanmar junta’s political prisoners since coup now number 10,000

You may also like these stories:

အဖြေထွက်ပြီးသား စီရင်ချက်တွေကြားက ရှေ့နေတွေရဲ့ မျှော်လင့်ချက်

မြန်မာတွေ အကြမ်းဖက်မှုနဲ့ ယဉ်ပါးလာပြီလား

ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို

မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်သတ်မှတ်မှု NUCC ထောက်ခံ

Loading