သတင်း

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် စစ်ကောင်စီ ဘာကြောင့် ပိတ်သလဲ

ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်မှု ပိတ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အား မည်ကဲ့သို့ တုံ့ပြန်သင့်သည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စဉ်းစား သုံးသပ်နေကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “ဗဟို ကော်မတီက သုံးသပ်နေဆဲ ဖြစ်ပါတယ်။ ဘယ်လို တုံ့ပြန်ရင် ကောင်းမလဲ ဆိုတာကိုပေါ့။ အခု လောလော ဆယ်ကတော့ ဗဟို ကော်မတီရဲ့ သုံးသပ်ချက်က မထွက်သေးပါဘူး။ မနက်ဖြန် သန်ဘက်ခါလောက်မှ ထွက်မှာပါ” ဟု ဆိုသည်။

မတ်လ ၃၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေနှင့် မော်လူး၊ မော်ဟန် ရတနာ နယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်မှု လုပ်ငန်းများအား ဆက်လက်တူးဖော် ထုတ်လုပ်ခွင့် မပြုတော့ကြောင်း စစ် ကောင်စီ၏ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်‌ရေး လုပ်ငန်းက ကြေညာခဲ့ပြီးနောက် KIA ဘက်က တုံ့ပြန်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရန်၊ သဘာ ဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ကာ ခွင့်မပြုခြင်းဖြစ်ကြောင်း ပါရှိ သည်။

မြန်မာ့ ကျောက်မျက်လုပ်ငန်း၏ ကြေညာချက်နှင့် ပတ်သက်၍ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIA ကို အကျပ်ကိုင်ပြီး စစ်ရေးအရ ဖိအားပေးနိုင်ရန် စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီ ဘက်က လက်တွေ့တွင် မည်မျှအထိ အရေးယူမှု ရှိလာမည်ကို စောင့်ကြည့်ရန် လိုအပ်ကြောင်း သုံးသပ်သည်။

၎င်းက “အဲဒါက ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသမှာတော့ မြန်မာတနိုင်ငံလုံးနဲ့ ပြည်သူလူ ထုတွေ အတော်များများ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့ နေရာဖြစ်ပါတယ်။ ဆိုတော့ အခုလိုလုပ်တာက ပြည် သူတွေ ဒုက္ခရောက်မှာပါပဲ။ ကျောက်သမားတွေကရော သူတို့ ဆုံးဖြတ်ချက်ကို လိုက်နာမှာလားပေါ့။ အဲဒါကလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပိုပြီးမှ ပြဿနာကြီးသွားနိုင်တဲ့ အနေအထား ရှိနိုင်တယ်လို့ ကျနော်တို့က မြင်ပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ ကျောက်တူးဖော်သူများနှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးကလည်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူး ဖော်သည့် လုပ်ငန်းအများစုသည် KIA ထံ အခွန်ပေးဆောင်ပြီး လုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ် ကြောင်း ဧရာဝတီသို့ ပြောသည်။

“အဓိက ကတော့ ဒီဘက်ကြောမှာ ရှိနေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ အတော်များများက မကင်းတော့ဘူး။ သူတို့ကိုယ်တိုင်တောင်မှ KIA ကို အခွန်မဆောင်ရင် မရဘူးလေ။ အဲဒါကြောင့် မစားရတဲ့ အမဲ သဲနဲ့ပက်သလိုပေါ့။ ဒီဘက်မှာ ဝင်ငွေတွေပိုရလာခဲ့ရင် ဒီဘက်က တော်လှန်ရေး အောင်မြင်လာမယ်လို့ ယူဆပြီး ဒီဘက်လုပ်ကွက်တွေ ပိတ်ဖို့ စပြီး ကြိုးစားတာပေါ့” ဟု ဆိုသည်။

စစ်ကောင်စီဘက်က ကျောက်စိမ်း တူးဖော်မှုကို ပိတ်ပင်လိုက်ရုံဖြင့် ကျောက်စိမ်း တူးဖော်မှုလုပ်ငန်းသည် ပျောက် ကွယ်သွားမည် မဟုတ်ဘဲ မှောင်ခိုလုပ်ငန်းအသွင်ဖြင့် ဆက်လက် တည်ရှိသွားနိုင်ကြောင်း ကျောက်တူးဖော်သူများနှင့် နီးစပ် သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

“ကျောက်က မှောင်ခိုဖြစ်သွားရင် လက်လုပ်လက်စားတွေအတွက် အခက်အခဲဖြစ်မှာပေါ့။ လက်ထဲမှာ ကျောက်တွေ့ ရင်တောင် လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းတာတွေ ဆီးတာတွေ ဖြစ်နိုင်တယ်။ တချိန်က လက်လုပ်လက်စားတွေရဲ့ လက်ထဲ မှာ ရေမဆေးကျောက်လေးတွေ ကိုင်ထားနိုင်တယ်။ အဲဒီလို ကိုင်ထားရင်တောင် အရေးယူတယ်ဆိုတာမျိုးနဲ့ သူတို့ ဘက်က ကျပ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကလည်း အာဏာသိမ်း စစ်ကောင်စီသည် KIA နှင့် PDF များ၏ ဝင်ငွေရလမ်းကြောင်းကို ဖြတ်တောက်လိုသဖြင့် ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ် သည်။

“ကုမ္ပဏီအားလုံး အရောင်းအဝယ် အားလုံးက KIA ကို အခွန်ဆောင်ရတဲ့ အခါကျတော့ KIA နဲ့ PDF တွေကို ဘဏ္ဍာရေး ဖြတ်ချင်လို့ ကြိုးစားတဲ့ လုပ်ရပ်ပဲ။ ဒါပေမယ့် အဲဒီ ဒေသတွေမှာ ဖားကန့်ဧရိယာတခုတည်းမှာတင် ရေမဆေးကျောက် တူးဖော်တဲ့သူတွေ အရေအတွက်က ၅ သိန်းလောက်ရှိတယ်။ အဲဒါ အားလုံးကို ရပ်ပြီး လူတွေကို မောင်းထုတ်ဖို့က စစ်တပ်က သိပ်မလွယ်လှဘူး။ အရင်ခေတ်ကလိုပဲ ခိုးကျင်းတွေ တူးတာတို့၊ ခိုးရှာတာတို့ မှောင်ခို အရောင်းအဝယ်တို့ အဲဒါတွေ ပြန်ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်ပင်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ KIA နှင့် စစ်ကောင်စီအကြား တိုက်ပွဲကြီးများ ဖြစ်မလာနိုင်သော်လည်း ပုံမှန်တိုက်ပွဲများကမူ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

You may also like these stories:

ဦးပိုင်နှင့် လက်တွဲခဲ့သည့် နီလာရိုးမကျောက်မျက်ကုမ္ပဏီကို KBZ အုပ်စု ဖျက်သိမ်း

တရုတ် ဝယ်လိုအားကြောင့် မြန်မာ့ ကျောက်စိမ်း ပိုသွေးစွန်းလာ

ကျောက်စိမ်း ဝယ်ရောင်းများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေ

Loading