တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကြား ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေရာ လက်ရှိ ၅၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ထံမှ သိရသည်။
တိုက်ပျောက် တိုက်နယ်အတွင်း စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသလို မကြာခဏ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း၊ လက်ရှိတွင် ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူ ပြုရေးအဖွဲ့က စစ်ရှောင်စခန်း ၂ ခု ဖွင့်ကာ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
ဒေါန တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ဝင်တဦးက “ကျနော်တို့မှာ လက်ရှိ ရိက္ခာက ၁ ပတ်စာ၊ ၂ ပတ်စာပဲ ရှိတယ်။ ရေရှည်အတွက်ဆို အစားအသောက်နဲ့ ဆေးဝါး အရမ်း ခက်ခဲနိုင်တယ်။ စစ်ရှောင်ဦးရေက တဖြည်း ဖြည်း များလာနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ပျောက်တိုက်နယ်အတွင်း၂၀၂၁ စက်တင်ဘာမှ စတင်ကာ စစ်ကောင်စီဘက်မှ စစ်ရေး လှုပ်ရှားမှုများ ရှိလာခဲ့ ပြီးနောက် ၎င်းတို့ စစ်ကြောင်း ထိုးလာချိန်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေခြင်း ဖြစ်သည်။
ဧပြီလ ၁ ရက်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေး အခြေအနေ တင်းမာခဲ့ပြီး နောက် ညပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သဲချောင်းကြီးတပ်စခန်းမှနေ၍ တောင်ပျောက်တိုက်နယ် အနီး ဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတဦးက “ပြည်သူတွေက အဲဒီကြားထဲမှာ ရှိနေတယ်။ တိုက်နယ်ထဲမှာရှိနေတဲ့ ရွာတွေထဲက ပြည်သူတွေကို နေရာရွှေ့ဖို့အတွက် ပြောနေတယ်။ ကျနော်တို့ ပြည်သူတွေကတော့ သူတို့ စဝင်ကတည်းကကို စစ်ရှောင်တွေ ဖြစ်နေ ပြီ။ လက်ရှိ စစ်ရှောင်ဖြစ်နေကြပြီ။ လူထုတွေကို ရွှေ့ခိုင်းနေပြီ” ဟု ပြောသည်။
ထို့ပြင် ဧပြီ ၂ ရက်တွင် တောင်ပျောက် တိုက်နယ်ထဲသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များမှ ပြည်သူ ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသား ၂ ဦးမှာ တောင်ပျောက်တိုက်နယ် မယ်ကဲကျေးရွာအနီး ကင်းစောင့် နေသည့် ကိုအောင်သန်းဌေး ဆိုသူနှင့် တောင်ပျောက်တိုက်နယ်အတွင်း ဆေးဘက်ဆိုင်ရာကိစ္စများ ကူညီဆောင်ရွက် ပေးလျက်ရှိသည့် ဦးလင်းမောင် ဆိုသူတို့အား စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တပ်များမှ မယ်ကဲရွာ၊ ကျောက်အိုင်ရွာနှင့် ဝင်းကဖော်ရွာရှိ လူနေအိမ် ၁၁ လုံးခန့်ကို ဧပြီလ ၃ ရက်က ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံမျာက ပြောသည်။
တောင်ပျောက်တိုက်နယ်ထဲတွင် ကျေးရွာပေါင်း ၁၀ ရွာရှိသည့်အနက် စစ်ကောင်စီ၏ စစ်ကြောင်း ထိုးလာမှုကြောင့် ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲရွာ စသည့် ကျေးရွာများမှ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း ပြည်သူများ ထိခိုက်မည်စိုးသဖြင့် ရွှေ့ပြောင်းခိုင်းမှု များ ရှိနေကြောင်း သိရသည်။
မတ် ၃၀ ရက်က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျေးရွာသို့ စစ်ကောင်စီ တပ်သား အင်အား ၁၅၀ ခန့် စစ်ကြောင်းထိုးလာသောကြောင့် ယင်းတိုက်နယ် ကျေးရွာအတွင်းမှ ဒေသခံ ၃၀၀၀ ကျော် ထွက် ပြေး တိမ်းရှောင်နေရကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ရေး သတင်း အကျဉ်းချုပ်တွင်လည်း ဖော်ပြထားသည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် ထား ဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်များတွင် စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိပြီး သရက်ချောင်းမြို့ နယ်အတွင်း ၁၀၀၀ ခန့်နှင့် ပုလောမြို့နယ်တွင် ၁၂၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်ကလည်း တနင်္သာရီမြို့နယ်၊ သိန္ဒော ရွာမ၌ စစ်ကောင်စီတပ်သားများနှင့် PDF တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ PDF တပ်သား ၁ ဦး လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာရရှိခဲ့ (မစိုးရိမ်ရ) ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ
ငါန်းဇွန်မြို့သာနယ်က PDF စခန်း စီးနင်းခံရမှု ၂၉ ဦး ဖမ်းဆီးခံရ