ပြည်ပမှရသော နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာကို လက်ဝယ်ထားခွင့်မပြုဘဲ ၁ ရက်အတွင်း သတ်မှတ်နှုန်းဖြင့် ရောင်းရမည်ဆိုသည့် ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ပို့ကုန် သမားများနှင့် ဒေါ်လာလက်ဝယ်ရှိသူများအပေါ် ထိခိုက် နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ယမန်နေ့ ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် နိုင်ငံခြားသုံးငွေများကို ပြည်ပသို့ လွှဲပြောင်းပါက မြန်မာနိုင်ငံ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များမှ တဆင့် ဆောင်ရွက်ရမည်၊ ယခု ကြေညာချက်ထုတ်ပြန်သည့် ဧပြီလ ၃ ရက် မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး သော နိုင်ငံခြားငွေစာရင်း အသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း အထက်ပါအတိုင်း ဆောင်ရွက်ရမည်၊ လိုက်နာခြင်း မရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။
လက်ရှိ အမေရိကန်ဒေါ်လာ ၁ဒေါ်လာမှာ ကျပ်၂၀၅၀ ဝန်းကျင်ဈေးရှိရာ ယခုသတ်မှတ်သည့် ကျပ် ၁၈၅၀ နှုန်းကြောင့် နိုင်ငံခြားငွေ ဘဏ်အကောင့် ဖွင့်ထားသူများအား ရိုက်ခတ်နိုင်သလို ပို့ကုန်သမားများလည်း နစ်နာနိုင်ကြောင်း ပြည်တွင်းငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “ဒါကတော့ ပို့ကုန်သမားမှ မဟုတ်ဘူး။ သင်္ဘောသားတို့ NGO တို့ ကျန်တဲ့ နိုင်ငံခြားငွေ အသုံးပြုသူတွေ အပေါ်ရော ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ သွင်းကုန်သမားတွေ အတွက်ကတော့ ဈေးချိုသွားမယ်” ဟု ဆိုသည်။
ယခင်က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထား သတ်မှတ်ထားသော်လည်း နိုင်ငံခြားငွေ လက်ဝယ်ရှိ သူများ အနေဖြင့် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိပြီး ယခုသတ်မှတ်ချက်ကမူ လက်ဝယ်ရှိသူများ အနေဖြင့် ရွေးချယ် ပိုင်ခွင့် မရှိတော့ကြောင်း သူက ပြောသည်။
ဒေါက်တာစိုးထွန်းက “လောလောဆယ် ကျနော်တို့ ပို့ကုန်သမားတွေအတွက်ကတော့ ဝယ်ထားပြီးသား ပိုက်ဆံတွေနဲ့ on the way မှာ ရှိနေတဲ့ ပိုက်ဆံတွေကတော့ ပြင်ပ ပေါက်ဈေး ၁ ဒေါ်လာ ကျပ် ၂၀၀၀ နီးပါးနဲ့ တွက်ပြီးတော့ ရောင်း/ ဝယ်ထားတာ။ ဒီလူတွေ အတွက်ကတော့ အကြမ်းဖျင်း ၁၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးမှု ဖြစ်တယ်။ အရင်က ထိန်းချုပ်မှု မလုပ်ဘူး။ ဈေးနှုန်း သတ်မှတ်တယ်။ ကိုယ့်ဘာသာ ရောင်းလို့ ဝယ်လို့ ရတယ်။ ပို့ကုန်သမားတွေအနေနဲ့လည်း ကြိုက်တဲ့သူကို ရောင်းခွင့်ရတယ်။ အခုကတော့ ဘဏ်ကို ထည့်လိုက်တာနဲ့ အလိုအလျောက် ၁၈၅၀ ကျပ်နဲ့ ဝယ် လိုက်တာကြောင့် ငြင်းခွင့် မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သတ်မှတ်ချက်များကြောင့် ဈေးကွက်၌ အမေရိကန်ဒေါ်လာရှားပါးလာခြင်းနှင့် မှောင်ခိုဈေးကွက် ပေါ်ပေါက် လာနိုင်ကြောင်း၊ သွင်းကုန်ဈေးနှုန်းများမှာ ကျဆင်းနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများရှိလာသည်။
ယင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးပညာရှင် တဦးက “မလုပ်သင့်တဲ့ ထုတ်ပြန်ချက်ကို လုပ်တာ တိုင်းပြည်ရဲ့ ပို့ကုန်လုပ်ငန်းတွေအပြင် တနွယ်ဝင် တစင်ပါ တောင်သူအထိ နိုင်ငံခြားပို့ကုန်စိုက်ပျိုးရတဲ့ တောင်သူတွေ အထိ သွားပြီးတော့ ထိခိုက်နိုင်တဲ့ဟာမျိုး ဖြစ်သွားတယ်။ ဒါက သူတို့ ဘယ်လို ရှင်းမလဲ အခုထိ အဖြေ မရှိသေးဘူး။ အမိန့်စာပဲ ထွက်တာ ကြားရသလောက်တော့ ဒါက ဘယ်လိုဖြစ်မယ်။ ဘယ်လို ဆက်လုပ်မယ် မရှိ သေးဘူး။ အခုမှ အစည်းဝေး အကြိမ်ကြိမ် ထိုင်တုန်း” ဟု သုံးသပ်ပြောဆိုသည်။
ထိုအခြေအနေများကြောင့် လတ်တလောတွင် လုပ်ငန်းများ ရပ်တန့်သွားနိုင်သည့် အခြေအနေရှိနိုင်ပြီး ထုတ်ပြန်ချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ပို့ကုန်သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအထိ ကွင်းဆက်အားလုံး ထိခိုက်သွားနိုင်သည့် အခြေအနေတခု ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ စီးပွားရေးပညာရှင်က “ဒါက တောက်လျှောက်ဖြစ်လာတဲ့ ဂယက်တွေပေါ့။ သူတို့မှာ နိုင်ငံခြားငွေ လက် ကျန် ဘယ်လောက် ရှိလဲ၊ ဒါတွေကရော စီမံခန့်ခွဲ နိုင်သလား၊ အခုပြဿနာကို ကြည့်ရင် မခန့်ခွဲနိုင်တာ သေချာတယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်တာကို ဗဟိုဘဏ်က ဝင်လုပ်တဲ့ သဘောပေါ့။ ပိုဆိုး သွားတာပေါ့။ အဲဒီတော့ မကြာခင်အတွင်းမှာပဲ ဘာတွေ ထပ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ်များ ခက်ခဲသွားခြင်း၊ ငွေထုတ်ရာတွင် ကြန့်ကြာခြင်း၊ ငွေသားစီးဆင်းမှု နည်းပါးခြင်းတို့ကြောင့် ပြင်ပမှ ငွေသားရရှိရန်အတွက် ရာခိုင်နှုန်းတခုအထိပေး၍ လက်ရှိအချိန်ထိထုတ်နေရခြင်းများ လည်း ရှိနေသည်။
ထို့ကြောင့်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က နည်းလမ်းမျိုးစုံနှင့် တပတ်လျှင် လုပ်ငန်းရှင် တဦးလျှင် ထုတ်ယူနိုင်မည့် ပမာဏကို အမျိုးမျိုး သတ်မှတ်ခြင်းများရှိသော်လည်း လက်ရှိအချိန်ထိ လုပ်ငန်းရှင်သာမက ပြည်သူများအထိ ငွေထုတ်ယူရန်အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။
You may also like these stories:
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု
Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်