စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် ယမန်နေ့ ညနေပိုင်းက ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
သေဆုံးခဲ့သူမှာ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ကိုသန့်ဇင်အောင် ဆိုသူဖြစ်ပြီး အခြားသော ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရ သေးကြောင်း မုံရွာ လူထုသပိတ်ဦးဆောင် ကော်မတီအဖွဲ့ဝင် တဦးက ပြောသည်။
ထိုသိို့ မုံရွာထောင်တွင်း ပစ်ခတ်မှုကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ထားရာ ဧရာဝတီမှ သေဆုံး ဒဏ်ရာရသူများနှင့် ပတ်သက်၍ ထပ်မံအတည်ပြု စုံစမ်းဆဲဖြစ်ပြီး၊ နေပြည်တော်အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
မုံရွာ အကျဉ်းထောင်အနီး နေထိုင်သူတဦး၏ ပြောကြားချက်အရ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ထောင်အတွင်းမှ ဆန္ဒပြ ကြွေးကြော်သံများ ကြားရပြီးနောက် သေနတ်ပစ်ခတ်သံများလည်း ကြားလိုက်ရကြောင်း ပြောသည်။
၎င်းက “သေနတ်သံတွေ ကြားရတယ်၊ ဘယ်နှချက် ဆိုတာတော့ မမှတ်မိဘူး၊ အသံကျယ်တဲ့ ပစ်ခတ်ပေါက်ကွဲသံမျိုးလဲ တချက်ကြား လိုက်ရတယ်” ဟု ပြောသည်။
မုံရွာထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေး နေသူတဦးကလည်း ယမန်နေ့က မုံရွာထောင်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် လူတဦး သေဆုံးကြောင်း အတည် ပြု ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များအား စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောသည်။
ယင်းသို့ ထောင်အတွင်း ပစ်ခတ်မှု ဖြစ်စဉ်ကြောင့်ပင် ယနေ့ထောင်အတွင်း ရုံးချိန်းများသို့ ရှေ့နေများ သွားရောက်ကြခြင်း မရှိဘဲ အခြေအနေအား စောင့်ကြည့်နေကြကြောင်း သိရသည်။
ရှေ့နေတဦးက “မုံရွာထောင်မှာက အပြင်ကို သတင်းတွေ ပေါက်ကြားတာ။ မီဒီယာမှာ ပါလာတာမျိုးဆိုရင် ရှေ့နေတွေ လုပ်တာပဲ ဆိုပြီး ငြှိုးလေ့ရှိတဲ့ အနေအထားမှာ အခုလို ပစ်ခတ်မှုဖြစ်ထားတော့ စောင့်ကြည့်နေတာပေါ့။ နောက်နေ့လည်း ရုံးထုတ်တာတွေ ရှိမရှိ မသိရသေးဘူး” ဟု ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ မုံရွာမြို့ပေါ်၌ ဖောက်ခွဲတိုက်ခိုက်မှုများ ငြိမ်သက်လျက်ရှိသော်လည်း လက်ပံတောင်း ဒေသခံ ပြည် သူများက မုံရွာထောင်အတွင်း အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး “ထောင်တွင်း အကြမ်းဖက်မှုများ ရပ်တန့်ရေး” ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
မုံရွာဒေသ ဆန္ဒပြသပိတ် ခေါင်းဆောင်တဦးကလည်း “ထောင်ထဲမှာ မတရား ခံရတာတွေ လက်မခံလို့ ငရဲခန်းထဲ ရောက် နေတာ သိသိကြီးနဲ့ ဆန့်ကျင်တာကို ချပြကြတာ သူတို့ သတ္တိကို လေးစားတယ်။ အချိန်မရွေး နှိပ်စက်ခံရနိုင်တဲ့ အနေ အထားမှာ မကြောက်မရွံ့နဲ့ တော်လှန်တယ် ဆိုတာက အထဲမှာ ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေ တော်တော်ပြင်းမှာကိုလည်း တွေးမိတယ်။ မခံမရပ်နိုင်ဘဲ တော်လှန်ကြတယ်၊ အထဲက သူတွေတောင် မတရားမှုကို တော်လှန်နေကြချိန်မှာ အပြင်က သူတွေအနေနဲ့လည်း တော်လှန်ရေးမှာ ပိုမို ပူးပေါင်းပါဝင်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ထောင်အတွင်း အကြမ်းဖက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် မုံရွာအခြေစိုက် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ မုံရွာမြို့ နေရာ ၇ ခုတွင် ယမန်နေ့က ဖောက်ခွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ တိုက်ခိုက်မှုများတွင် ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) တပ်ဖွဲ့ဝင်များကလည်း မုံရွာမြို့ တောင်ဘက်၊ မြို့ဝင်မုခ်ဦး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ညနေပိုင်းက ပစ်ခတ်တ်ိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တဦး သေဆုံးခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
မုံရွာအကျဉ်းထောင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် ဥပဒေ ကျော်လွန်ကာ ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိကြောင်း မကြာခဏ သတင်းများထွက်ပေါ်လျက်ရှိပြီး လက်ရှိ မုံရွာထောင် အတွင်းမှာလည်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ မုံရွာသပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင် တို့အပါအဝင် နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီ ဖမ်းဆီးချုပ်နှောင် ခံထားရသည်။
“မတရားဖိနှိပ်မှုတွေအတွက် နိုင်ငံရေး အကျဉ်းသားတွေက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုတာတွေ လုပ်ခဲ့တယ်၊ အဲဒီအပေါ်မှာ လိုက်လျောပေးခြင်း မရှိဘဲ ဖိနှိပ်မှုတွေက ပိုပို လုပ်လာတယ်၊ လုံးဝ သည်းမခံနိုင်တဲ့အဆုံးမှာ ဆန္ဒထုတ် ဖော်ကြတဲ့အပေါ်မှာ ပြေလည်အောင် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ဒီလိုမျိုး အကြမ်းဖက်ပြီး သတ်ဖြတ်တာမျိုး ပြုလုပ်တာက စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေပါပဲ” ဟု မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီဝင်တဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်အတွင်း ပဋိပက္ခဖြစ်ပွားရာ၌ ထောင်အာဏာ ပိုင်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အချုပ်သား ၆ ဦးနှင့် အကျဉ်းသားတဦး၊ စုစုပေါင်း ၇ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့သေးသည်။
အဆိုပါ ထောင်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(CNDF) တပ်ဖွဲ့ ဝင်တဦး ပါဝင်ခဲ့ပြီး စစ်ကောင်စီ အနေဖြင့် ထောင်အာဏာပိုင်အချို့အား ဓားစာခံ လုပ်ကာ ထောင်ဖောက်ပြေးရန် ကြိုးပမ်း သည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သော်လည်း ယုံကြည်မှု မရှိကြောင်းနှင့် အဖြစ်မှန်အား ဆက် လက် စုံစမ်းသွားမည်ဖြစ်ကြောင်း CNDF ဘက်က ပြောခဲ့သည်။
You may also like these stories:
ဗန်ဒိန်း ထောင်ဖောက်ဖို့ အမှန်တကယ် ကြိုးစားခဲ့သလား
ထားဝယ်ထောင်တွင်း ရုံးထုတ်စဉ် ဆန္ဒပြသည့် နိုင်ကျဉ်းတချို့ တိုက်ပိတ်ခံရ
ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို