ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ထွက်ပြီဟု သတင်းများထွက်ပေါ်နေလျှက်ရှိသည်။
PPST ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင် ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက “၈ ဖွဲ့နဲ့ အပေါင်း ၂ ဖွဲ့ပေါ့။ အဝေးကြီးကိုထွက်သွားတာလည်း မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်တာကတော့ အကန့်အသတ်နဲ့ သူတို့နိုင်သလောက်ပဲ ပူးပေါင်းတာပေါ့။ +2 မှာ RCSS နဲ့ KNU ပါတယ်။ CNF က ဘာမှမပြောသေးလို့ 8+ ထဲမှာရှိသေးတယ်။ RCSS နဲ့ KNU က အဆင်သင့်မရှိသေးလို့ + မှာပဲ ထားပေးထားတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက်အရပါ” ဟု ဆိုသည်။
သို့သော်လည်း ထိုသုံးဖွဲ့သည် PPST အဖွဲ့အတွင်း နိုင်ငံရေးအရ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နေမှု ရှိမရှိနှင့် ဆက်လက်ရှိနေဦးမလားဆိုသည့် အချက်အပေါ် လက်ရှိ PPST အဖွဲ့ဝင်များ အနေဖြင့် အခိုင်အမာ ပြောဆိုနိုင်ခြင်း မရှိပါ။
CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရားဝင်ကြေညာထားပြီး ထိုသို့ ကြေညာသည့်အပေါ် ကျန် EAO အဖွဲ့အများစုက လက်မခံကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။
၎င်းက ဆက်၍ “CNF က NCA (တနိုင်ငံလုံးအပစ်ရပ်စာချုပ်) ထိုးတဲ့အထဲလည်းပါတယ်။ PPST ထဲလည်းပါတယ်။ သို့သော် NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တရားဝင်ကြေညာလိုက်တော့ တဖက်ကလက်မခံဘူးပေါ့။ NCA ထိုးထားတဲ့ အဖွဲ့တွေက လက်မခံဘူး။ NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတော့ NUG က မတရားအသင်း အကြမ်းဖက်အဖွဲ့ဖြစ်နေတာကိုး။ အကြမ်းဖက်အဖွဲ့နဲ့ အလုပ်လုပ်မယ်ဆိုရင် NCA လမ်းကြောင်းနဲ့က ပြောင်းပြန်ဖြစ်သွားတယ်လေ” ဟု ဆိုသည်။
NCA လက်မှတ်ထိုးထားသည့် EAO များ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပပြီးနောက် ဧပြီလ ၄ ရက် မွန်းလွဲပိုင်းတွင် အွန်လိုင်းမှ တဆင့် သတင်းစာရှင်းလင်းပွဲတရပ် PPST က ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌လည်း PPST ပြောရေးဆိုခွင့်ရှိသူများက KNU ၊ CNF နှင့် RCSS တို့သည် PPST ၏ အဝန်းအဝိုင်းမှာပင် ဆက်ရှိနေဆဲဖြစ်ကြောင်း ၊ အဖွဲ့အစည်းအသီးသီးသည် မတူကွဲပြားသည့် အခြေအနေများရှိပြီး အဆိုပါအခြေအနေများကို လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံကမူ PPST ထဲမှ RCSS ၏ အနေအထားကို လတ်တလော မှတ်ချက် မပေးလိုသေးကြောင်း ဧရာဝတီသို့ ပြောသည်။
KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးကလည်း KNU အနေနှင့် PPST မှ နှုတ်ထွက်နိုင်ရန် ၂၀၁၉ ခုနှစ်ကတည်းက နှုတ်ထွက်စာတင်ခဲ့သော်လည်း PPST ဘက်က ခွင့်မပြုသဖြင့် နှုတ်မထွက်ခဲ့ရကြောင်း ၊ လက်ရှိတွင် PPST ၏ ရပ်တည်ချက်နှင့် KNU ၏ ရပ်တည်ချက် သိသိသာသာကွဲလွဲလာပြီ ဖြစ်ကြောင်း ရှင်းပြသည်။
ပဒိုစောတောနီး က “ရပ်တည်ချက်ချင်းက တော်တော်လေးကို အဆင်မပြေဖြစ်လာတဲ့ အခါမှာ ကျနော်တို့လည်း ဘာမှမပြောတော့ဘူးလေ။ ဒါကြောင့် ဒီနောက်ဆုံးကျင်းပတဲ့ NCA-S-EAO အစည်းအဝေးပွဲကြီး ဒုတိယပိုင်း Summit ကို မတက်ဘူး။ ကိုယ်စားလှယ်လည်း မလွှတ်ဘူး” ဟု ဆိုသည်။
PPST သည် အာဏာသိမ်းမှုကို လက်မခံဘဲ လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားသူများကို အထောက်ကူပြုမည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွင် KNU ရပ်တည်သကဲ့သို့ မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့နဲ့ ကွဲပြားတာက သူတို့က စစ်ကောင်စီနဲ့ ဆက်စကားပြောနေတာရှိတယ်။ ဆွေးနွေးနေတာ ရှိတယ်။ အဲဒီအနေအထားမှာ ကျနော်တို့နဲ့ လုံးဝမတူပဲ ကွဲပြားလာပြီဆိုတာ ကျနော်တို့သိလာတယ်။ ရှေ့ဆက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှာကျနော်တို့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးရေး ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်နေတယ်။ ပြောရမယ်ဆိုရင် PPST နဲ့ ကျနော်တို့က တော်တော်ဝေးသွားတယ်လို့ ပြောလို့ရတာပေါ့” ဟု မှတ်ချက်ပေးသည်။
KNU ကဲ့သို့ပင် CNF ကလည်း နောက်ဆုံးဆွေးနွေးပွဲကို မတက်ခဲ့ပေ။ ထို့အတူ PPST ၏ လုပ်ဆောင်ချက်များသည် ပြည်သူလူထု၏ သဘောထားနှင့် ဆန့်ကျင်နေကြောင်း CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ က ဧရာဝတီသို့ ပြောသည်။
ဆလိုင်းထက်နီ က “ကျနော်တို့ အနေနဲ့ PPST ရဲ့ နောက်ဆုံးဆွေးနွေးပွဲကို မတက် ဘူး၊ အဲ့တော့ သူတို့ ထုတ်ပြန်ချက်ထဲမှာ ကြည့်လိုက် ရင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုတာက ဘယ်သူတွေနဲ့ ဘယ် လို ဆွေးတွေးမှာလဲ ဆိုတာက ကျနော်တို့ အနေနဲ့ စဉ်းစားစ ရာ ဖြစ်နေတယ်၊ အဓိက ကတော့ သူတို့လုပ်နေတာနဲ့ လက် တွေ့ကတော့ နဲနဲတော့ကွာပါတယ်။ ဘာကြောင့်ဆို ကျနော် တို့ ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက စစ်ကောင်စီနဲ့ ပြည်သူကြား ဖြစ်နေတဲ့ ပြည်သူ့တော်လှန်ရေးကြီး ဖြစ်နေတယ်‘‘ ဟု ပြောသည်။
၎င်းက ဆက်၍ “တိုင်းရင်းသား လက်နက်ကိုင်သည် မြေပြန့်၊ တောင် ပေါ်မှာ ရှိနေတယ်၊ ပြည်သူကနေ ဖြစ်ပေါ်လာတဲ့ ဒေသကာ ကွယ်ရေး တပ်ဖွဲ့ကြီးဟာ ပြည်သူ့တော်လှန်ရေးကို ပြည်သူ က ဆောင်ရွက်နေတာဖြစ်တယ်၊ ပြည်သူကပံ့ပိုးတယ်။ ပြော ချင်တာက စစ်ကောင်စီနဲ့ ပြည်သူကြားမှာ ဖြစ်နေတဲ့ ပြည်သူ့ တော်လှန်ရေး ဖြစ်နေတော့ အဲ့ဒီမှာ တွေ့ဆုံတွေးနွေးရေး ဆို တာက၊ ပြည်သူက ကြိုက်မလား၊ ပြည်သူသဘောထားကို မ ကြည့်ပဲ အဲ့ဒီလို လုပ်နေတာကတော့ ဒီနေ့ အနေထားအရ လက်တွေ့မကျဘူးလို့ ပြောချင်ပါတယ်‘‘ ဟုလည်း ရှင်းပြသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာနေသူ တဦးက KNU နှင့် CNF သည် အာဏာသိမ်းမှုဆန့်ကျင်သည့် (NUCC) တွင် ပူးပေါင်းပါဝင်သွားသဖြင့် PPST မှ ထွက်သွားသည့် အနေအထားဖြစ်နေကြောင်း၊ RCSS သည် PPST တွင် အထိုက်အလျောက် ပူးပေါင်းပါဝင်နေဦးမည့် အခြေအနေရှိကြောင်း ဆိုသည်။
KNU၊ CNF နှင့် RCSS တို့၏ ပါဝင်နေမှုမရှိတော့ပါက PPST သည် ၎င်း၏ လုပ်ငန်းစဉ်အကောင်အထည်ဖော်မှု နှေးကွေးသွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။
အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။
KNU၊ CNF နှင့် RCSS အဖွဲ့များ သာ မပါတော့ပါက PPST တွင် EAOs ၇ ဖွဲ့သာ ကျန်တော့မည်ဖြစ်သည်။ လက်ရှိတွင် ကျန်ရှိသည့် EAO အဖွဲ့များသည် PPST ကို ဆက်လက်ဦးဆောင် လည်ပတ်မည်ဖြစ်ပြီး ၎င်းတို့ ယခင်ကတည်းက ပြောနေသည့်အတိုင်း မြန်မာ့အရေးတွင် သက်ဆိုင်သူအားလုံးပါဝင်မည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတရပ် ပေါ်ပေါက်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးတို့ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
တဖက်နှင့် တဖက်အပြတ်တိုက်ရေး အားသန်နေသည့် အာဏာသိမ်း စစ်ကောင်စီနှင့် NUG တို့အကြား လတ်တလောတွင် ဆွေးနွေးရေး မဖြစ်နိုင်သော်လည်း အချိန်တခုကြာလာပါက ဆွေးနွေးရေးလမ်းစ ပေါ်နိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေသည့် PPST ခေါင်းဆောင်များက မျှော်လင့်နေသည်။
PPST ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့ တသက်လုံး အဲဒီအခြေအနေ မနေနိုင်ပါဘူး။ တသက်လုံးမဖြစ်နိုင်ပါဘူး။ ၆ လ တနှစ်လောက်မှာတော့ မာတာပေါ့။ တသက်လုံး မမာနိုင်ပါဘူး။ တချိန်မဟုတ် တချိန်မှာတော့ အဲဒီလမ်းကြောင်းပေါ်မှာပါ။ အရှိန်ကောင်းတုံးကတော့ ဖြစ်တတ်တာပေါ့ဗျာ” ဟု မှတ်ချက်ပေးသည်။