လာမည့် အတာသင်္ကြန်အတွက် စစ်ကောင်စီက မငြိမ်သက်မှုကို ဖုံးကွယ်ဖို့ ဟန်ပြသင်္ကြန်ကျင်းပရန် ကြိုးပမ်းနေသလို တော်လှန်ရေးအဖွဲ့များက မဆင်နွဲဖို့ လှုံဆော်မှုများကြားမှ Private သင်္ကြန်ပါတီဆိုကာ သီးသန့်ကျင်းပမည့်ပွဲတချို့ လူမှုကွန်ရက် Facebook တွင် ပျံနှံ့လာသည်ကို တွေ့ရသည်။
Thingyan Festival အမည်တပ်က Private သင်္ကြန်ပါတီကို ငွေကြေးတတ်နိုင်သည့် လူတန်းစားတချို့က သီးသန့် DJ ပွဲများဖြင့် တိတ်တဆိတ်ဆင်နွဲရန် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက ဆိုသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာသည့် သင်္ကြန် Private ပါတီပွဲ ကြော်ငြာများအရ အချို့ DJ ပွဲများသည် ပြုလုပ်မည့် နေရာကို အတိအကျ ကြေညာထားခြင်း မရှိသော်လည်း အများစုသည် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များတွင် ပြုလုပ်နိုင် ဖွယ်ရှိကြောင်း သိရသည်။
နိုင်ငံကျော် DJ Artist တဦးဖြစ်သည့် ဒီဂျေဝိုင်းကမူ ထိုသို့သော ပျော်ပွဲများမှာ စစ်အာဏာမသိမ်းမီ ကိုဗစ်ပထမလှိုင်း ကတည်းက ရှိခဲ့ကြပြီး စီစဉ်သူတချုို့ ခိုးကြောင်ခိုးဝှက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“စစ်ကောင်စီက အာဏာ မသိမ်းခင် ကိုဗစ်ပထမလှိုင်းကတည်းက ခိုးလုပ်နေကြတာတွေ ရှိတယ်။ ပထမဆုံး လုပ်ကြ တာတော့ ပွဲစီစဉ်သူတွေပေါ့။ အာဏာသိမ်းပြီးကတည်းက KTV လို Private ခန်းလေးတွေမှာ ပွဲသေးသေးလေးတွေ စလုပ်တယ်။ ဘယ်သူတွေက ကြားညှပ်လဲဆို ပါဝင် ဖျော်ဖြေသူတွေပေါ့” ဟု သူကပြောသည်။
များသောအားဖြင့် အဆိုပါ ပွဲများတွင် တီးကြသည့် ဒီဂျေသမားများက စားဝတ်နေရေးအတွက် တီးကြသူများရှိသလို၊ သီးသန့် အပျော်အပါး ကြိုက်သောကြောင့် တီးကြသူများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။
“တချို့ ပွဲတွေက စစ်ကောင်စီကတောင် လုပ်ခိုင်းစရာ မလိုဘူး။ အပျော်အပါး ကြိုက်တဲ့ မြန်မာ အချို့က သူတို့ဘာ သူတို့ ကိုဗစ် ပထမလှိုင်းကတည်းက ခိုးလုပ်နေရတာကနေ အခု အာဏာသိမ်းတဲ့ အထိပေါ့” ဟု ဒီဂျေဝိုင်းက ဆက်ပြောသည်။
တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ကို ပြည်သူလူထုများ ပူးပေါင်းပါဝင်ခြင်း မပြုကြရန်၊ သင်္ကြန်ကာလ ကေတီဗွီနှင့် Private Club (သီးသန့်ကလပ်) များ၊ လူစည်ကားရာ နေရာများသို့ သွားရောက်ခြင်း မပြုကြရန် PDFs (ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့များ)ကလည်း အသိပေး ထုတ်ပြန်ထားပြီး ပြည်သူများ တော်လှန်သင်္ကြန် ဆင်နွှဲကြရန်လည်း အသိပေး နှိုးဆော် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ပြုလုပ်မည်ဟု ဆိုနေသော်လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ လက်ရှိ ၎င်းတို့ စီစဉ်နေ သော မြို့တော်ဝန် ဗဟိုမဏ္ဍပ်များမှ လွဲ၍ အခြားသော စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်နေသည်ကို မတွေ့ရ သေးပေ။
ယခုနှစ်တွင် အများပြည်သူများ လာနိုင်သည့် နေရာများ၌ စီးပွားဖြစ် EDM (Electronic Dance Music) မဏ္ဍပ်များ တည်ဆောက်ကာ ကျင်းပနိုင်ဖွယ်မရှိဟု နှစ်စဉ် ယင်းမဏ္ဍပ်များတွင် ပါဝင် စီစဉ်ပေးနေသည့် လူငယ်တဦးက ဧရာဝတီကို ပြောသည်။
“ပိုက်ဆံ အရမ်းရှိသူတွေက နိုင်ငံခြားသွားကြတယ်။ အတော်အသင့် ပိုက်ဆံရှိသူတွေက ချောင်းသာတို့၊ ငွေဆောင်တို့ သွားကြတယ်။ လူလတ်တန်းစား အသိုင်းအဝိုင်းကတော့ သူငယ်ချင်းအိမ်မှာ စုကြမယ်။ သောက်ကြ စားကြမယ်။ အလွန်ဆုံး လုပ်ကြမှာတော့ အိမ်မှာ နေကြမယ့်သူ များပါတယ်၊ သင်္ကြန်က မနှစ်က မရှိခဲ့သလို ဒီနှစ်လည်း မရှိတော့ တော်တော် ဝေးကုန်ပြီ။ Organizer group တွေ ဒီနှစ်မှာ ဘယ်သူမှ လုပ်ဖို့ အစီအစဉ် မရှိဘူး။ Risk (စွန့်စားမှု) ကလည်း အရမ်းများတယ်” ဟု သူကပြောသည်။
ကိုဗစ် မတိုင်ခင် သင်္ကြန်ပွဲများတွင် ပါဝင်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂီတသမားတဦးကလည်း ယခုကာလတွင် မည်သည့် သင်္ကြန်ပွဲတော်မှ မလုပ်သင့်သလို ပြည်သူတွေ အဆင်မပြေကြချိန်မှာ ပျော်ပွဲရွှင်ပွဲများ မလုပ်သင့်ဟု ဆိုသည်။
“ကျနော်တို့က ဘာမှတော့ ပါဝင်ချင်စိတ် မရှိဘူး။ လုပ်လာရင်လည်း မသွားဘူး။ ဒီလို ကာလမှာ သင်္ကြန်ပွဲတော် လုပ်လည်း မလုပ်သင့်ဘူး။ ကိုဗစ်ဖြစ်နေတာတွေကော ပြည်သူတွေ အများကြီး အဆင်မပြေကြချိန်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကို လက်မခံချင်ဘူး” ဟု ဝါရင့် ဂီတသမားက ပြောသည်။
“လုပ်ချင်တဲ့သူက လုပ်ကြမှာပါပဲ။ ကိုယ့်သမိုင်းကိုယ် ရွေးကြတဲ့ အချိန်ဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ်။ သို့ပေမယ့် ကိုယ်ကြိုက်တာ ဖြစ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်ပွဲနှင့် ပတ်သက်ပြီး နေပြည်တော်သို့ လာရောက် ဖျော်ဖြေရန် ကမ်းလှမ်းခံရသည့် စင်ကာပူ အခြေစိုက် DJ အဖွဲ့ Rave Republic သည်လည်း မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၎င်းတို့ ဖျော်ဖြေမည့် အစီ အစဉ်ကို မတ်လအတွင်းက ဖျက်သိမ်းခဲ့သည်။
You may also like these stories:
စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဖို့ မန္တလေး သံဃသမဂ္ဂ လှုံ့ဆော်
စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို