မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မီးလောင်ကျွန်းကျေးရွာမှ ဒေသခံ ၆ ဦးကို စစ်ကောင်စီ တပ်များက လက်ပြန်ကြိုးတုပ်၊ ဓာတ်ဆီလောင်းကာ ဓမ္မာရုံအတွင်း သော့ခတ်ထားခဲ့ရာ စစ်ကြောင်းပြန်ထွက်သွားချိန် ဧပြီ ၄ ရက်နေ့ တွင် အသက်ရှင်လျက် အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂ရက်မှစ၍ ရေလယ်ကျွန်းဒေသသို့ အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်များ စစ်ကြောင်းသုံးကြောင်းခွဲကာ စီးနင်းဝင်ရောက်ကာ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအား မိးရှို့ဖျက်ဆီးခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
ဒေသခံတဦးက “မီးလောင်ကျွန်းက ရွာခံ ၆ ယောက် အဖမ်းခံရတာမှာ လက်ပြန်ကြိုးတုပ်၊ ဓာတ်ဆီလောင်းပြီး ဓမ္မာရုံထဲ မှာ သော့ခတ်ထား ပစ်ခဲ့တာ။ အသိဦးလို့ မသေခဲ့တာ။ ဒီနေ့ မနက်ပိုင်း (ဧပြီ ၄ ရက်) မှာပဲ ဘိုကုန်းက အိမ်တအိမ်ကို မီးရှို့ ပြီး အခြားအိမ်တွေကနေ ရွှေငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို မွှေနှောက်ပြီး အကုန်မချသွားတယ်” ဟု ပြောသည်။
ဧပြီ ၄ ရက်တွင် စစ်ကောင်စီတပ်က ရေလယ်ကျွန်းဒေသ မဲကုန်းရွာ၊ ကျောက်ဖူးရွာ၊ ဘိုကုန်းရွာ၊ ဘိစပ်ကုန်းရွာများ ကို ပစ်ခတ်စီးနင်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူ မဲကုန်းကျေးရွာမှ ဦးဉာဏ်ထွန်းဆိုသူ အဖိုးအိုတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“ရေလယ်ကျွန်းတခုလုံးကို အကုန်ပတ်ရှို့နေတာ။ ဖြုံဘူးကျေးရွာတခုတည်း အိမ်ခြေ ၇၀ ကျော်တယ်။ ဒီနေ့ မနက်ပိုင်း (ဧပြီ ၄ ရက်) ထိ ကျနော်တို့ သိရသလောက်တော့ မီးရှို့ခံရလို့ ပြာကျသွားတဲ့ အိမ်ခြေ ၁၂၀ ကျော်လောက်ရှိနေပြီ။ မိသားစုတွေ တော်တော်များများ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရတယ်။ ပြည်သူတွေကိုတော့ အတတ်နိုင်ဆုံး ကူညီပေးနေတယ်။ အချို့ရွာတွေ ထဲမှာ ပြည်သူတွေ ပိတ်မိနေကြသေးတယ်” ဟု The Value of Young Men အဖွဲ့မှ ဗိုလ်စပဲရိုးက ပြောသည်။

စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ နွယ်နီ၊ ခြံယာ၊ လှေခုပ်၊ မင်းရွာ၊ ကျွဲကုန်း၊ မဲ ကုန်း၊ ခြောက်မူးကျွန်း၊ မိဘုရား၊ ဆင်တဲ၊ မီးလောင်ကျွန်း၊ ဖြုံဘူး၊ ကျောက်ဖူး၊ ပေါက်တော၊ တောင်ကုန်း၊ မင်းလှ၊ ဘို ကုန်း၊ တောင်ကုန်းကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စီးနင်းမှုကြောင့် ဧပြီ ၂ ရက်တွင် မီးလောင်ကျွန်းကျေးရွာမှ အသက် ၆၀ ကျော်အရွယ် လေဖြတ်ထားသည့် ဦးမြင့်နှင့် ခြံယာကျေးရွာမှ စစ်ဘေးရှောင်ဒေါ်မြမွှေးတို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို ရေစကြိုနယ်မှ နာမည်ကျော် ဖောင်တော်ဦး ကျောင်းကိုလည်း ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မီးလောင်ကျွန်းဒေသခံတဦးက ပြောသည်။
ဧပြီ ၃ ရက်ကလည်း ကျောက်ဖူးကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးကြောင်း ရေလယ်ကျွန်းသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“ရေလယ်ကျွန်းကို အခုလို ဝင်စီးတယ်ဆိုတာက မြစ်ကိုဖြတ်ပြီး မြောင်ဘက်ကိုကူးချင်လို့ လုပ်နေတယ်လို့ သုံးသပ် တယ်။ နောက်ပြီး သူတို့ဘက်က အထိနာထားတော့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်းသုံးတိုင်း အစပ်တွေဖြစ်တဲ့ မြင်းခြံ ဘက်ကမ်း ရေစကြို၊ မြောင် အဲဒီလို သုံးပွင့်ဆိုင်ညှပ်ပြီး PDF အဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ် ကြောင်းထိုးတာပဲ။ အခုသုံးတာက နေပြည်တော်၊ မကွေးကတပ်တွေ ကျွံဝင်ကြတာ။ မန္တလေးဘက်က တပ်တွေက မြင်းခြံ ဘက်ခြမ်းကနေ အရန်အနေနဲ့ အသင့်ရှိနေတယ်လို့ သတင်းရထားတယ်” ဟု ဗိုလ်စပဲရိုးက ရှင်းပြသည်။

ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသည် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်တော်လှန်မှု အားကောင်းသည့် ကျေး ရွာများဖြစ်ပြီး စစ်ကောင်စီတပ်များအား ပြောက်ကျားတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိရာ စစ်ကောင်စီဘက်ကလည်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အရင်ပစ်ခတ်ပြီးမှ ဝင်လေ့ရှိကြောင်း၊ ထို့နောက် ရွာများ ကို ဝင်စီးပြီး ဒေသခံများအား ဖမ်းဆီးကာ အကာအကွယ်ပြုလုပ်လေ့ရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ဗိုလ်စပဲရိုးက “အခုလက်ရှိမှာက သူတို့က လက်နက်ကြီးတွေ အများကြီးသုံးနေတော့ လက်နက်အင်အား မမျှတာကြောင့် ရှောင်ရင်းတိမ်းရင်နဲ့ ပြောက်ကျားတိုက်ခိုက်တာမျိုးပဲ လုပ်နိုင်တယ်။ အဲဒီလိုပဲ ရွာတရွာကနေ အခြားရွာကို ကူးတော့မယ်ဆိုရင် လက်နက်ကြီးနဲ့ အရင်ပစ်တာပဲ။ အဲဒီလိုပစ်ပြီးမှ ထွက်ကြတာ။ ပစ်တယ်ဆိုတာကလည်း ရမ်းပစ်တဲ့ သဘောပဲ။ ဒီနေ့ (ဧပြီ ၄ ရက်) တော့ ကျောက်ဖူးမှာ စခန်းချဖို့ အခြေအနေ ရှိနေတယ်။ ကျောက်ဖူးကျေးရွာကနေ မထွက်သေးဘဲ အထိုင်ချထားတယ်” ဟု ဆိုသည်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် (PDF) များကြား ပြောက်ကျားတိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅ ဦး သေဆုံးကြောင်း PDF-Taloke က ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့အတူ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) နှင့် ဒေသခံကာကွယ်ရေး ၂၂ ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့များကလည်း ရေစကြိုမြို့နယ်၊ ဆင်ခြေရွာမှ တက်လာသည့် စစ်ကောင်စီတပ်များကို ရွှေလှံရွာနှင့် မြစ်ဆုံရွာ အနီးတို့တွင် ရှေ့ထွက်မိုင်းများ၊ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း CDSOM က ထုတ်ပြန်ထားသည်။